ဒီဇင်ဘာ ၁၈ရက်၊ ၂၀၁၄ခုနှစ်။ စောညွန့်သောင်း
၂၀၁ဝ ရွေးကောက်ပွဲ၌ ပိတ်ထားသည့် မဲဆန္ဒနယ်များကို ၂၀၁၅ ရွေးကောက်ပွဲတွင် ပြန်လည်ဖွင့်ပေးရန် ရှိသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တိုင်းရင်းသားနိုင်ငံရေးပါတီ ၆၅ဖွဲ့နှင့် ရန်ကုန်မြို့၊ ပန်တာဟိုတယ်တွင် ဒီဇင်ဘာ ၁၅ ရက်နေ့က တွေ့ဆုံစဉ် ပြောကြားသွားခဲ့သည်ဟု သိရသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ရာနယ်မြေများဖြစ်၍ လုံခြုံရေး အကြောင်းပြ၍ ပိတ်ထားသည့် မဲဆန္ဒနယ်များကို တိုင်းရင်းသားပါတီများက ပြန်လည်ဖွင့်ပေးရန် ကော်မရှင်သို့ အကြိမ်ကြိမ်တောင်းဆိုပြီး နောက် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးက နိုင်ငံရေးပါတီများအား ထိုသို့ ပြောကြားသွားခြင်း ဖြစ်သည်ဟု ဖလုံ-စဝေါ်ဒီမိုကရက်ပါတီ(PSDP) ဒု-ဥက္ကဌ မန်းအောင်ပြည်စိုးက ကေအိုင်စီသို့ ပြောသည်။
“ကျနော်တို့ ကရင်ပြည်နယ်မှာ ၂၀၁ဝ ရွေးကောက်ပွဲတုန်းက ပိတ်ထားတဲ့ မဲဆန္ဒနယ်တွေ သိပ်များတယ်။ ဒေသခံပြည်သူတွေ နစ်နာမှုရှိခဲ့တယ်။ ဒါကြောင့် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အဲဒီနေရာတွေ ဖွင့်ပေးဖို့ ကော်မရှင်နဲ့တွေ့တိုင်း ကျနော်တို့ပါတီက တောင်းဆိုတယ်။ ဒီတစ်ခါတော့ ကော်မရှင်က ပြန်လည်ဖွင့်ပေးပို့ရှိ တယ်လို့ပြောတယ်။ ဘယ်တော့လဲဆိုတာတော့ စောင့်ကြည့်ရဦးမှာပေါ့”ဟု မန်းအောင်ပြည်စိုးက ပြောသည်။
ပြီးခဲ့သည့် ၂၀၁ဝ ရွေးကောက်ပွဲကျင်းပခဲ့ချိန်က ကရင်ပြည်နယ်အတွင်း နယ်မြေလုံခြုံရေး အကြောင်းပြပြီး ပိတ်ပင်ခံထားရသည့် မဲဆန္ဒနယ်များမှာ ဖားအံမြို့နယ် ၁၁ နေရာ၊ ဖာပွန်မြို့ နယ် ၂၅နေရာ၊ ကော့ကရိတ် မြို့နယ် ၁၁နေရာ၊ ကြာအင်းဆိပ်ကြီးမြို့နယ် ၄၆နေရာ၊ မြဝတီမြို့နယ် ၁နေရာ၊ သံတောင်ကြီးမြို့နယ် ၃၆နှင့် လှိုင်းဘွဲမြို့နယ် ၁၇နေရာ စုစုပေါင်း ၁၄၇နေရာရှိကြောင်း သိရသည်။
ထိုပိတ်ထားသည့် နယ်မြေများတွင် ပြန်လည်ဖွင့်ပေးနိုင်ပါက ဒေသခံများအတွက် လူအခွင့်အရေးဖြစ်စေ၊ နစ်နာမှုများဖြစ်စေ အတိုင်းအတာတစ်ခုအနေဖြင့် နိုင်ငံရေးပါတီများက ကာကွယ်ကူညီပေးနိုင်မည်ဖြစ်သလို နိုင်ငံရေးအခြေအနေအရပ်ရပ်များကိုလည်း ဒေသခံများသိရှိနိုင်ရန် ဝိုင်းဝန်း လုပ်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ကရင်ဒီမိုကရက်တစ်ပါတီ(KDP) ဥက္ကဌ စောရဲဝင်းနိုင်က ပြောသည်။
စောရဲဝင်းနိုင်က “ဒေသခံတွေအတွက် မနစ်နာရလေအောင် ပိတ်ထားတဲ့ မဲဆန္ဒနယ်တွေ ပြန်လည်ဖွင့်ဖို့ အရေး ကြီးပါတယ်။ ၂၀၁ဝ တုန်းကတော့ နစ်နာခဲ့ပါတယ်။ ဒီတစ်ခါတော့ မနစ်နာစေချင်တော့ဘူး။ နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးတော့ အပြည့်ရရှိရမှာပေါ့”ဟု ကေအိုင်ပြောသည်။
မြို့နယ် ခုနှစ်ခုရှိသည့် ကရင်ပြည်နယ်တွင် ၂၀၁ဝ ရွေးကောက်ပွဲက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ သတ်မှတ်ထားသည့် မဲဆန္ဒနယ်များမှာ ဖားအံမြို့နယ် ၈၉နေရာ၊ လှိုင်းဘွဲမြို့နယ် ၆၄နေရာ၊ ကော့ကရိတ်မြို့ နယ် ၅၃နေရာ၊ မြသတီမြို့နယ် ၁၉နေရာ၊ ကြာအင်းဆိပ်ကြီးမြို့နယ် ၂၁နေရာ၊ ဖားပွန်မြို့နယ် ၁၆နေရာနှင့် သံတောင်ကြီးမြို့နယ် ၄၂ နေရာ စုစုပေါင်း ၃၀၄ နေရာရှိကြောင်း သိရသည်။