နိုဝင်ဘာလ ၂၁ရက်၊ ၂၀၁၄ခုနှစ်။ စဖန်းရှောင်း
ကရင်အမျိုးသားအစည်းအရုံး KNU ၏ လက်ရှိဖော်ဆောင်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာလ ၁၇ရက်မှ ၂ဝရက်နေ့အထိ ဖားအံခရိုင်အတွင်းရှိ လေးဝါး(လော်ခီးလာ)တွင် ပြုလုပ်ပြီးစီးခဲ့ ကြောင်း သိရသည်။
ထိုသို့ပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီ KNU ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ပဒိုစောတာဒိုမူးက “လုပ်ငန်းလိုအပ်ချက်အရ ဒီငြိမ်း ချမ်းရေးလုပ်ငန်းစဉ်အပေါ်မှာ အခြေခံပြီးတော့ အားလုံးတစ်စုတစ်စည်းနဲ့ ရှေ့ဆက်ဘယ်လိုသွားကြမလဲ ဆိုတဲ့အပိုင်းကို အဓိက ထားပြီးတော့ လုပ်တာပါ”ဟု ကေအိုင်စီသို့ပြောသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် KNU ၏ အခြေခံလမ်းစဉ်နှင့်လုပ်ငန်းစဉ်များအပေါ် ပြန်လည်သုံးသပ်ခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွင် အခက်အခဲဖြစ်နေသောအခြေအနေများ၊ စောင့်ကြည့်လေ့လာရေးအပိုင်းနှင့် တပ်ပိုင်းဆိုင်ရာ code of conduct စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
ဆွေးနွေးသုံးသပ်ချက်များနှင့် ပတ်သက်ပြီး ပဒိုစောတာဒိုမှုးက “Peace Process မှာတစ်ချို့ တစ်ဆို့နေတဲ့ အပိုင်းလေးတွေ ရှိ တယ်။ Road map ပိုင်းမှာ ပြီးခဲ့တဲ့ နောက်ဆုံးအခေါက် စက်တင်ဘာလ ဆွေးနွေးပွဲတုန်းက လုံခြုံရေးဆိုင်ရာ ပြန်လည် ပူး ပေါင်းရေးကိစ္စကို ဆွေးနွေးတယ်။ နောက်ပြီး နိုင်ငံရေးဆွေးနွေးမှုတွေကနေ ရရှိလာတဲ့ ရလဒ်တွေကို ဘယ်လိုပုံစံနဲ့အတည်ပြုမှု ရယူသွားမလဲဆိုတာကို ဆွေးနွေးခဲ့တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
၎င်းအပြင် အလုပ်ရုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး KNU လက်အောက်ခံ ဌာနအသီးသီးမှ တာဝန် ခွဲဝေကာ လုပ်ဆောင်သွားမည့် အခြေခံအချက်များကို ချမှတ်နိုင်ခဲ့ပြီး အခြားသော လူမှုအဖွဲ့အစည်းများနှင့်အတူ ပူးတွဲ လုပ် ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
KNU အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အခြားသော လူမှုအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ယခင်က တည်းက ပြောဆိုမှုများရှိခဲ့ပြီး လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုအပိုင်းတွင်အခက်အခဲနှင့် အားနည်းမှုများရှိနေသေးကြောင်း လူမှုအဖွဲ့အစည်းအချို့ ပြောဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကရင်အမျိုးသမီးအစည်းအရုံး KWO မှ ဥက္ကဌ နန်းဒါးအယ်ကလယ်က “KNU အနေနဲ့ လူမှုအဖွဲ့အ စည်းတွေနဲ့ပူးပေါင်းပါဝင်မှုက အရမ်းအားနည်းနေသေးတာတွေ့ရပါတယ်။ ကျမတို့ဖြစ်စေချင်တာက ဥပမာ အမျိုးသမီးတွေရဲ့ ပူးပေါင်းပါဝင်မှုကို တကယ်လိုလားရင် ဖြစ်စဉ်တစ်လျှောက်လုံးမှာ ကျမတို့ပါဝင်မှ ရှေ့ဆက် ဘယ်လိုပူးပေါင်းပါဝင်ပြီး လုပ် ဆောင်သွားမလဲဆိုတာ ကျမတို့အနေနဲ့ အကြံပြုလို့ရနိုင်မယ်”ဟု ပြောသည်။
ယမန်နေ့က ပြီးစီးသော အလုပ်ရုံဆွေးနွေးပွဲကို ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ အပါအဝင် ဗဟိုကော်မတီဝင်များ၊ ခရိုင်၊ မြို့နယ်အသီးသီးမှ တာဝန်ရှိသူများ၊ စစ်ဖက်အရာရှိအချို့အပါအဝင် ကိုယ်စားလှယ်ပေါင်း ၄၀ကျော် တက်ရောက်ဆွေးနွေး ခဲ့ကြသည်ဟု သိရသည်။


















