Home သတင်း တိုင်းရင်းသူအမျိုးသမီးများအ‌ပေါ် လိင်အကြမ်းဖက်မှု ဆက်ရှိ‌နေဆဲဟု WLB ထုတ်ပြန်

တိုင်းရင်းသူအမျိုးသမီးများအ‌ပေါ် လိင်အကြမ်းဖက်မှု ဆက်ရှိ‌နေဆဲဟု WLB ထုတ်ပြန်

1571

နိုဝင်ဘာ ၂၆ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

မြန်မာအစိုးရစစ်တပ်သည် တိုင်းရင်းသူအမျိုးသမီးများအ‌ပေါ် လိင်အကြမ်းဖက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် လုပ် ‌ဆောင်‌နေဆဲဖြစ်‌ကြောင်း ‌ထောက်ပြသည့်အ‌နေဖြင့် “တရားမျှတမှုအတွက် ‌မျှော်လင့်ချက်သာ‌ပေးပါ” အမည်ရှိ အစီရင်ခံစာ တစ်‌စောင်ကို အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ(WLB)က နိုဝင်ဘာ ၂၄ရက်‌နေ့တွင် ထုတ်ပြန်လိုက်သည်။

အပစ်ရပ်ထား‌သော ကာလအတွင်း ကချင်၊ ကရင်၊ သျှမ်း၊ မွန် စသည့်ပြည်နယ်များတွင် ၂၀၁ဝမှ ၂၀၁၄ခုနှစ်အထိ တိုင်းရင်းသူ အမျိုးသမီးများအ‌ပေါ် ကျူးလွန်‌သော အဓမ္မပြုကျင့်မှုများနှင့် လိင်အကြမ်းဖက်မှုပြုရန် ကြိုးပမ်းမှု (၁၁၈)မှုကို အ‌ခြေခံ၍ အဆိုပါ အစီရင်ခံစာကို နိုဝင်ဘာ ၂၅ရက်‌နေ့က ကျ‌ရောက်‌သော နိုင်ငံတကာ အမျိုးသမီးများ အကြမ်းဖက်မှုရပ်တန့်‌ရေး‌နေ့အမှီ ထုတ် ပြန်လိုက်ခြင်းဖြစ်‌ကြောင်း WLB က ဆိုသည်။

WLB အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌ဒေါ်တင်တင်ညိုက “ပြုပြင်‌ပြောင်းလဲ‌ရေးကာလမှာ လိင်အကြမ်းဖက်မှု‌တွေ ဆက်လက် ရှိ‌နေရ ခြင်း အ‌ကြောင်းရင်းက တရားမျှတမှုမရှိခြင်းနဲ့ အမျိုးသမီး‌တွေ အကြမ်းဖက်ခံရမှုအ‌ပေါ် ကာကွယ်တားဆီး‌ပေးနိုင်တဲ့ အ‌ခြေအ ‌နေ မရှိတဲ့အတွက် ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တိုင်းရင်းသူအမျိုးသမီးများအ‌ပေါ် ကျူးလွန်‌သော လိင်အကြမ်းဖက်မှုများမှာ ပဋိပက္ခများ ဆက်လက်ဖြစ်ပွားရာ ကချင်ပြည်နယ် နှင့် သျှမ်းပြည်နယ်များတွင် အများဆုံးဖြစ်ပွား‌နေသည်ကို ‌တွေ့ရှိရပြီး အပစ်ရပ်ထားသည့် အခြား‌သော ပြည်နယ်ရှိ အမျိုးသမီး များလည်း အကြမ်းဖက်ခြိမ်း‌ခြောက်ခံရမှုများ ဆက်လက်ရှိ‌နေ‌သေး‌ကြောင်း WLB က ဆိုသည်။

ယင်းသို့ တိုင်းရင်းသူအမျိုးသမီးများအ‌ပေါ် လိင်အကြမ်းဖက်မှုများ ဆက်လက်ရှိ‌နေခြင်းမှာ ကရင်ပြည်နယ်တွင် အနည်းငယ် ‌လျော့နည်းသွားသည်ဟု ထင်ရ‌သော်လည်း အမျိုးသမီးများအ‌နေဖြင့် အကြမ်းဖက်ခံရမှုကို ရဲဝံ့စွာ ထုတ်‌ဖော်‌ပြောဆိုရမည်ကို စိုးရိမ်မှုများ ရှိ‌နေ‌သေး‌ကြောင်း ကရင်အမျိုးသမီးအစည်းအရုံး(KWO) ဥက္ကဋ္ဌ နန်းဒါးအဲ့ကလယ်က ‌ပြောသည်။

“ကရင်ပြည်နယ်အတွင်းမှာ‌တော့ လိင်အကြမ်းဖက်ခံရမှု မရှိ‌တော့တာ မဟုတ်‌ပေမယ့် နှစ်ဖက်လက်နက်ကိုင်‌တွေက အပစ်ခတ် ရပ်စဲအပြီး ‌ပေါ်‌ပေါ်ထင်ထင်နဲ့ လူထု‌တွေကြားထဲမှာ ရှိ‌နေတဲ့အခါကျ‌တော့ အကြမ်းဖက်ခံရမှု‌တွေကို ပွင့်လင်းနဲ့ ‌ပြောမပြရဲကြ ‌တော့ဘူး။ ‌ပြောပြလိုက်ရင် သူတို့အတွက် အန္တရာယ်ဖြစ်မှာကို စိုးရိမ်မှု‌တွေရှိ‌နေတုန်းပဲ”ဟု နန်းဒါးအဲ့ကလယ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် အစိုးရစစ်တပ်အချို့ ကျူးလွန်‌သောအမှုများတွင် ‌သေချာစွာ စစ်‌ဆေးအ‌ရေးယူနိုင်မှုမရှိခြင်း၊ စီမံကိန်းများနှင့်အတူ ပါလာ‌သော အစိုးရတပ်၏ နယ်‌မြေစိုးမိုးမှု၊ ဆင်းရဲမှုနှင့်အတူ အမျိုးသမီးများ၏အသံ၊ ဘဝမြှင့်တင်‌ရေးနှင့် အခွင့်အ‌ရေးချိုး‌ဖောက် ခံရမှုများအ‌ပေါ် အစိုးရက လျစ်လျူရှုမှုများ‌ကြောင့်ဖြစ်သည်ဟုလည်း WLB ၏ အစီရင်ခံစာ၌ ‌ထောက်ပြထားသည်။

မြန်မာအစိုးရအ‌နေဖြင့် တိုင်းရင်းသား‌ဒေသများတွင် ထိုးစစ်ဆင်‌နေမှုများနှင့် တပ်စွဲထားမှုများကို ရုပ်သိမ်း‌ပေးရန်နှင့် နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲများအမြန်ဆုံး စတင်ရန်လိုအပ်ပြီး ထိုသို့မလုပ်‌ဆောင်နိုင်ပါက အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှုနှင့် လိင်ပိုင်းဆိုင် ရာ ပြုကျင့်မှုများမှာ စိုးရိမ်ရသည့်အ‌နေအထားတွင် ဆက်လက်ရှိ‌နေဦးမည်ဖြစ်သည်ဟု ‌ဒေါ်တင်တင်ညိုက ဖြည့်စွက်‌ပြောဆို သည်။

အလားတူ အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှုပ‌ပျောက်‌ရေး ၁၆ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် လူထုအသိပညာ‌ပေး လှုပ်ရှားမှုအစီအစဉ်များကို ပြည်နယ်နှင့်တိုင်း (၁၁)ခုအတွင်း နိုဝင်ဘာ ၂၅ရက်‌နေ့မှ ဒီဇင်ဘာ ၁ဝရက်‌နေ့အထိ WLB အပါအဝင် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်‌သော အဖွဲ့အစည်း‌ပေါင်း ၂၂ခုတို့မှ ပူး‌ပေါင်းစီစဉ်ကျင်းပ သွားမည်ဟု သိရသည်။

WLB ကို ဘဂင်္လား‌ဒေ့ရှ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတွင် အ‌ခြေစိုက်သည့် တိုင်းရင်းသူအမျိုးသမီးအဖွဲ့ (၁၃)ဖြင့် ဖွဲ့စည်းထားပြီး ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၉ရက်‌နေ့တွင် စတင်တည်‌ထောင်ဖွဲ့စည်းခဲ့သည်။