(မောင်ကျော်စွာ)
(၂၀၁၄ခုနှစ်၊ ဇူလိုင် ၂ဝရက်)
“တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးစာချုပ်” လက်မှတ်ရေးထိုးနိုင်ဖို့အရေးသည် ခက်ခဲလှသည်။ လွယ်လွယ်နှင့် ဖြစ်မြောက်လာ လိမ့်မည်မဟုတ်ပါ။ အပစ်အခတ်ရပ်စဲရေးစာချုပ်၌ ဤမျှခက်ခဲနေလျှင် အပစ်ရပ်ပြီးနောက် တဆင့်တက် ဆွေးနွေးကြမည်ဆို သော “နိုင်ငံရေးဆွေးနွေးပွဲ”၌ဆိုလျှင် ဆိုဖွယ်ရာမရှိပြီ။
ယင်းသို့ ခက်ခဲနေသည့် အခြားကိစ္စတစ်ရပ်လည်း ရှိသေးသည်။ ၂၀၀၈ အခြေခံဥပဒေ၊ “ပုဒ်မ ၄၃၆ ပြင်ဆင်ရေး” ဖြစ်သည်။ ယင်းကိစ္စသည်လည်း “တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးစာချုပ်”ကဲ့သို့ပင် ခက်ခဲလှသည်။
ယခုအခါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးသည့် လှုပ်ရှားမှုပြီးဆုံးသွားပြီ။ ဒီချုပ်ပါတီမှာ တာဝန်ရှိသူက ဦးဝင်းထိန်က ဘီဘီစီသို့ပြောသည့်စကားအရဆိုလျှင် “လက်မှတ်ပေါင်း ၅သန်းကျော်” စုဆောင်းရရှိသည်ဟု သိရှိပါသည်။
ထိုသို့ ပုဒ်မ ၄၃၆ ပြင်ဆင်ပေးရန် လက်မှတ်ရေးထိုးကြသည့် ပြည်သူ ၅သန်းကျော်၏ ဆန္ဒသည် “၃၁ဦး ကော်မတီ”ကို ကျော် လွန်နိုင်ရန် မလွယ်ကူပါ။ “၃၁ဦး ကော်မတီ”ဆိုသည်မှာလည်း တကယ်တော့ ပြည်ထောင်စုလွှတ်တော်နာယက ဦးရွှေမန်း၏ ဆန္ဒကို အကောင်အထည်ဖော်ကြရသည့် ကော်မတီကလေးတစ်ခုမျှသာ ဖြစ်ပါသည်။ ဦးရွှေမန်း၏ လက်ကိုင်ဒုတ်ကော်မတီပဲ ဖြစ်သည်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှုတွေဟာ “၃၁ဦးကော်မတီ”အပေါ် “ဩဇာသက်ရောက်မှုမရှိပါဘူး”လို့ ဦးရွှေမန်းက ခပ်ပြောင်ပြောင်ပင် ပြောထားသည်။ ဤသည်မှာ “လူ ၅သန်းကျော်၏ ဆန္ဒ”ကို ဂရုမစိုက်/အရေးမထားခြင်းဖြစ်သည်။
“ပြည်သူ့ဆန္ဒ – လွှတ်တော်ဆန္ဒ” ဆိုသည်မှာ လိမ်ညာ/ဟန်ဆောင်ထားသည့် စကားလုံးမျှသာဖြစ်သည်ကို လက်တွေ့သိကြရပြီ။ မဝေးလှသော အတိတ်ကာလတွင်လည်း ဦးရွှေမန်းတို့အုပ်စုသည် တစ်တိုင်းပြည်လုံး၏ ဆန္ဒဖြစ်သော “၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်”ကို လျစ်လျူရှုခဲ့၊ အသိအမှတ်မပြုခဲ့၊ ပစ်ပယ်ခဲ့ကြသည်ကို ပြည်တွင်းပြည်ပက သိရှိခဲ့ကြပြီးဖြစ်သည်။
ထို့အပြင် လွှတ်တော်ထဲ၌ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနု၏ ဆွေးနွေးချက်၌ပါရှိသော “မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသား တော်လှန်ရေးတပ်များအကြား ဖြစ်ပွားနေသော တိုက်ပွဲများ၊ စစ် ရေးလှုပ်ရှားမှုများ” ဆိုတဲ့စကားရပ်ထဲမှ “တော်လှန်ရေး”ဆိုသော စကားလုံးကိုမသုံးရန် ဦးရွှေမန်းက ဟန့်တားပိတ်ပင်ခဲ့သည်။ “တော်လှန်ရေးတို့၊ ဖက်ဒရယ်တို့၊ ဒီမိုကရေစီတို့” ဆိုသည်ကို သူတို့ နားဝယ်ခါးလှသည်။ မကြားလို၊ မမြင်လို၊ မတွေ့လို၊ “တော် လှန်ရေးတို့၊ ဖက်ဒရယ်တို့၊ ဒီမိုကရေစီတို့” ဆိုသည်မှာ ၎င်းတို့အဖို့ အကြမ်းဖက်ဖိနှိပ်ရမည့်၊ အမြစ်ဖြတ် ချေမှုန်းပစ်ရမည့် အရာ တွေ ဖြစ်နေတော့သည်။
“ကာချုပ်၏ မူ ၆ချက်” ဆိုသည်မှာ ၎င်းတို့ (အစိုးရ/လွှတ်တော်/စစ်တပ်) အားလုံး၏ ရေမရောတဲ့ အတွင်းသဘောထား အစစ် အမှန်ပင် ဖြစ်သည်။ စစ်တပ်ပိုင် မြဝတီသတင်း၌ ဗြောင်ပင် ဖော်ပြထားသည် မဟုတ်ပါလော။ ထိုသဘောထားအတိုင်းဆိုလျှင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှာ “လက်နက်အပ်/တပ်ဖျက်ပြီး” ရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီအ ဖြစ် မှတ်ပုံတင်ကြရမည်သာ။
ဤနည်းလမ်းကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက မလိုက်နာသေးသမျှ အပစ်အခတ်ရပ်စဲရေးသည် လက်မှတ် ရေးထိုးနိုင်လိမ့်ဦးမည် မဟုတ်ပါ။ တပ်ဖျက်လက်နက်အပ်ခဲ့သူများ ရရှိပိုင်ဆိုင်သွားသည့် အမြင့်ဆုံးအခွင့်အရေးဆိုသည်မှာ သက်ဆိုင်ရာ ပြည်နယ်၌ “စီးပွားရေးသမား၊ ဟိုတယ်ဇိမ်ခန်းပိုင်ရှင်၊ ဂုဏ်ထူးဆောင်ပြန်တမ်းဝင်ဗိုလ်မှူးကြီး” ဆိုသည့် အဆင့်မျှ သာ ဖြစ်သည်။ အချို့သော တိုင်းရင်းသားခေါင်းဆောင်ဆိုသူများသည် တချိန်တခါက ၎င်းတို့ စွဲကိုင်တောင်းဆို တိုက်ပွဲဝင်ခဲ့ကြ သော “တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး” ရည်မှန်းချက်ကို ထို “ဂုဏ်ထူးဆောင်တံဆိပ်”ဖြင့် လဲလှယ်ခဲ့ကြပြီးဖြစ်သည်။ သို့ဖြင့် တိုင်းရင်းသားခေါင်းဆောင်ဆိုသူတို့သည် ၎င်းတို့ကိုယ်၎င်းတို့ ကိုယ်ပိုင်ပြဋ္ဌာန်းသွားခဲ့ကြသည်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိ သွားခဲ့ကြသည်။
သို့ပါ၍ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများအတွက် “ကာချုပ်မူ ၆ရပ်” လက်ခံ/လက်မခံ ဆိုသည်မှာ တစ်ပြည်လုံး အပစ် အခတ်ရပ်စဲရေး ဖြစ်/မဖြစ်၏ ယတိပြတ်စည်းကြောင်း ဖြစ်နေပါသည်။
ထို့အပြင် ဇူလိုင်လ ၃ရက်နေ့ ဦးရွှေမန်းပြောကြားချက်နှင့် ဇူလိုင်လ ၁၂ရက်နေ့ ပခုက္ကူမြို့၌ ပြောကြားခဲ့သော ဒီချုပ်ဥက္ကဋ္ဌ၏ ပြောကြားချက်များသည် “၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး”အတွက် အဆုံးသတ်စည်းကြောင်းဖြစ်နေပါသည်။ ဦးသိန်းစိန်၊ ဦးရွှေမန်း၊ ကာချုပ်ဗိုလ်မင်းအောင်လှိုင်တို့အပေါ်၌ တစုံတရာ ထားရှိခဲ့သော မျှော်လင့်ချက် ဆပ်ပြာပူဖေါင်းကလေးသည် ပေါက် ကွဲလွှင့်ပါးသွားခဲ့ရပြီ ဖြစ်သည်။
“စေတနာရှိခြင်း၊ ပညာရှိခြင်း၊ သတိ္တရှိခြင်း”တို့ ဆိုသည်မှာ သမ္မတဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ၊ ဦးရွှေမန်းလွှတ်တော်နှင့် ဗိုလ်မင်း အောင်လှိုင်စစ်တပ်တို့အဖို့ အာဏာ၏ လက်အောက်ခံအရာ ကိစ္စများသာ ဖြစ်ပါသည်။ အာဏာတည်မြဲဖို့အတွက်ဆိုလျှင် ၎င်းတို့ သည် ဘာသာ၊ သာသာနာ၊ လူမျိုးရေး ဘယ်အရာကိုမဆို လက်မနှေးဘဲ အသုံးချရန်၊ ခုတုံးလုပ်ရန် လက်ယဉ်နေသူများ၊ လက် မရွံ့သူများ ဖြစ်ပါသည်။ ပေါ်ပေါက်ခဲ့၊ ပေါ်ပေါက်ဆဲ၊ ပေါ်ပေါက်လတ္တံ [(PR)၊ ကော်မရှင်က ချမှတ်သည့် ရွေးကောက်ပွဲ မဲဆွယ် ခွင့်ဆိုင်ရာ ပိတ်ပင်၊ ကန့်သတ်၊ တားမြစ်မှုများ၊ လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ကို ခြိမ်းချောက်အနိုင်ကျင့်မှုများ] စတဲ့ နိုင်ငံ ရေးညစ်ကွက်၊ လှည့်ကွက်များ၊ လူမျိုးရေး၊ ဘာသာရေး၊ ခုတုံးလုပ် အကြမ်းဖက်မှုများသည် ၎င်းတို့၏ ဝှက်ထားသောလက်များ၊ ၎င်းတို့ အဆွယ်အပွားစွမ်းအားရှင်များက ၎င်းတို့တီးပေးသည့် ဆိုင်းချက်နဲ့အညီ အသုံးတော်ခံနေသည့် လုပ်ရပ်များပင် ဖြစ်ပါ သည်။
ထို့အပြင် “၂၀၀၈ အခြေခံဥပဒေ”ကို “စေတနာ၊ ပညာ၊ သတိ္တ”တို့ဖြင့် ရေးဆွဲ အတည်ပြုခဲ့ကြခြင်း မဟုတ်။ စစ်အာဏာသိမ်း မှုဖြင့် ရာစုနှစ်ဝက်ကျော် သိမ်းပိုက်ယူထားခဲ့သော အာဏာကို ပြောင်းလဲနေသည့် ခေတ်ကာလအခြေအနေအရ “အခြေခံဥပ ဒေ”ဆိုသည့် ဖြားယောင်းသွေးဆောင်မှု ကျော့ကွင်းဖြင့် စစ်အုပ်စုသားစဉ်မြေးဆက် ဆက်လက်ထိန်းသိမ်း၊ ရယူ၊ ပိုင်ဆိုင်သွား ရန် ရည်ရွယ်၍ ရေးသားအတည်ပြုခဲ့ကြခြင်းဖြစ်သည်။ သို့ပါ၍ “၂၀၀၈အခြေခံဥပဒေပြင်ဆင်ရေး”၌ ၎င်းတို့အဓိက ရှုမြင်ကြမည့် အချက်မှာ သူတို့ရယူထားသည့် အာဏာကို မည်မျှထိပါးသနည်းဟူသည့် အချက်တစ်ခုတည်း၊ စံတစ်ခုတည်းဖြင့်သာ ကြည့်မြင် ကြလိမ့်မည်သာဖြစ်သည်။ အကြင် အကြောင်းအချက်တစ်ခုသည် အာဏာကို ထိပါးသည်ဖြစ်အံ့၊ ထိုအကြောင်းအချက်သည် မည်မျှပင် တရားမျှတသည်ဖြစ်ပါစေ လက်ခံကြလိမ့်မည်ကား မဟုတ်ချေ။
သို့ပါ၍ ဖက်ဒရယ်ပြည်ထောင်စုအရေးနှင့် ဒီမိုကရေစီအရေးသည် မဆုတ်မနစ် ဆက်လက် ချီတက်ကြရလိမ့်ဦးမည်။
“ကာချုပ်၏မူ ၆ချက်”ကို ၎င်းတို့ စွဲကိုင်ထားသမျှ ကာလပတ်လုံး “ခုခံတော်လှန်ရေးအတွက်” သေနတ်ကိုင်ထားကြသူများက လည်း ကိုင်ထားသည့် သေနတ်ကို မြဲမြဲကိုင်ထားကြရဦးမည်။ စစ်မှန်သော ဒီမိုကရေစီရရှိရေးအတွက်လည်း ပြည်သူ့အင်အားကို လည်း ခိုင်ခိုင်မာမာ စည်းရုံး စုစည်းထားကြရလိမ့်ဦးမည်သာ။