ဇူလိုင် ၄ရက်၊ ၂၀၁၄ခုနှစ်။ နန်းဝေဖြိုးဇာ
ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းရှိ ဒုက္ခသည်စခန်း ၃ခုတွင် လက်ရှိ ထိုင်းစစ်တပ်မှ တာဝန်ရှိသူများက ဒုက္ခသည်များ၏ လူဦးရေစာရင်းအမှန်ကို ကောက်ယူရန် ဇူလိုင်လဆန်းပိုင်းတွင် ဝင်ရောက်စစ်ဆေးသွားမည်ဖြစ်ကြောင်း KRC-ကရင်ဒုက္ခသည် ကော်မတီ၏ ဒုဥက္ကဌ စောဂျော့က ကေအိုင်စီသို့ ယနေ့ ပြောဆိုလိုက်သည်။
“သွားစစ်မှာကတော့ ဇူလိုင်လ ၈ရက်နေ့မှာစမယ်လို့ သိထားတယ်။ လူဦးရေစာရင်းကောက်မှာဖြစ်တဲ့အတွက် ရပ်ဝေးစခန်းအ ပြင်ဘက်မှာ ပညာသွားရောက်သင်ယူနေတဲ့ ကျောင်းသားတွေအားလုံးလည်း ပြန်လာပြီး စစ်ရတာပေါ့။ တကယ်လို့ သူတို့လာ စစ်တဲ့အချိန်မှာ ကိုယ်က စခန်းထဲမှာမနေဘူးဆိုရင် စခန်းသားအဖြစ် တရားမဝင်ဘူးပေါ့”ဟု စောဂျော့က ပြောသည်။
ယင်းသို့ ဝင်ရောက်စစ်ဆေးရာတွင် ထိုင်းစစ်တပ်နှင့် ထိုင်းရဲများက ပါဝင်စစ်ဆေးမည်ဖြစ်ပြီး ထိုအတောအတွင်း စခန်းတိုင်းတွင်း ဝင်ထွက်သွားလာခွင့်ကို ပိတ်ပင်ထားမည်ဟု သိရသည်။
ထို့အပြင် လက်ရှိ လူဦးရေစာရင်းကောက်ခြင်းမှာ UNHCR – ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနှင့် ဆက်စပ်ပတ် သက်ခြင်းမရှိဘဲ ထိုင်းအစိုးရ၏ အစီအစဉ်များသာဖြစ်ပြီး နို့ဖိုးဒုက္ခသည်စခန်းရှိ ဒုက္ခသည်များကို ဇွန်လကုန်ပိုင်းကတည်းက လိုက်လံစစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။
နို့ဖိုးဒုက္ခသည်စခန်း ဥက္ကဌ စောလားဆဲက “သူတို့ လူဦးရေစစ်မှာက စခန်းတိုင်းမှာ စစ်မယ်။ ဒါပေမဲ့ ကျနော်တို့စခန်းက ပြီးခဲ့တဲ့ ဇွန်လ ၂၈ရက်တုန်းကစစ်နေပြီ။ သူတို့စစ်တာက ထိုင်းက အောဆော်တွေပေါ့။ ရပ်ကွက်တစ်ကွက်ကို အော်ဆော်ဘက်က ၂ယောက်နဲ့ ရပ်ကွက်မှူး ၂ယောက်ပေါင်းပြီး လိုက်စစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ယင်းသို့စစ်ဆေးရာတွင် UNHCR က ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားသည့် စာရွက်စာတမ်းကိုတောင်းပြီး အဆိုပါစာရင်းထဲ မှ လူဦးရေအားလုံး ရှိမရှိနှင့် စစ်ဆေးချိန်၌ စခန်းတွင်းမရှိနေသူများကို နာမည်မှတ်ထားသည့်အပြင် ဒုက္ခသည်မှန်လျင် တစ်လ အတွင်း စခန်းထဲတွင် ရှိရမည်ဟု ပြောဆိုသွားခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
နို့ဖိုးစခန်း ဒုက္ခသည်နော်အမွီးက “အခုသူတို့လူဦးရေစာရင်း လာစစ်တာ မရှိတဲ့လူတွေနာမည် မှတ်ထားတယ်ဆိုတော့ အပြင်မှာ ကျောင်းသွားတက်ပြီး ပြန်မလာနိုင်တဲ့ကလေးတွေ၊ နောက်ပြီး အပြင်မှာ အလုပ်သွားလုပ်ပြီး ပြန်မရောက်လာတဲ့လူတွေပါ သူတို့ ပြန်လာရင် နေလို့မရတော့ဘူး။ ရိက္ခာလည်း မရတော့ဘူးတဲ့။ သူများတွေက အမျိုးမျိုးပြောတာပဲ စိုးရိမ်တာပေါ့”ဟု ကေအိုင်စီသို့ ပြောသည်။
အလားတူ ဇူလိုင်လ ၁ရက်နေ့ကလည်း မယ်လဒုက္ခသည်စခန်းအတွင်း နေထိုင်သူများ လိုက်နာရမည့် စည်းကမ်းများနှင့် အရေး ယူမှုများ ပါဝင်သော ကြေညာချက်အမှတ် ၁/၂၅၅၇ကို မယ်လစခန်းဆိုင်ရာ ထိုင်းတာဝန်ရှိအဖွဲ့က လက်ရှိ အာဏာသိမ်းထိုင်း စစ်တပ် National Council for Peace and Order (Kaw. Saw.Chaw)၏ တည်ဆဲဥပဒေအပေါ် အခြေခံ၍ ထုတ်ပြန်ခဲ့သည်။
ထိုကြေညာချက်ထဲတွင် တာဝန်ရှိသူများ၏ ခွင့်ပြုချက်မရဘဲ အပြင်ထွက်အလုပ်လုပ်ခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ်ခြင်း နှင့် သစ်တောပြုန်းတီးခြင်း စသည့်အချက် ၃ချက်ပါဝင်ပြီး ချိုးဖောက်သူများကို ရိက္ခာတစ်လဖြတ်ခြင်း၊ စခန်းတွင်း အလုပ်ခိုင်းစေ ခြင်း၊ နေထိုင်ခွင့် မပေးတော့ခြင်းအပြင် ထိုင်းဥပဒေအရလည်း အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။