(စကိုင်းမီး)
ကမ္ဘာဦးလူသားများသည် အကြောက်တရားများ ဖြစ်ပေါ်ကြ၍ အလင်းရောင်ကို တောင့်တကြကုန်ရာ “ဘာဏုရာဇာ” မည်သည့် ရောင်ခြည်တစ်ထောင် အလင်းဆောင်သော “နေမင်း”သည် ထွက်ပေါ်လာပြီး အလင်းကိုဆောင်စေသဖြင့် ကမ္ဘာဦးသူတို့ ကြောက်ခြင်းကင်း၍ ရဲရင့်ခြင်း ဖြစ်ကုန်သောကြောင့် ထိုနေမင်းအား “သူရိယ”ဟု ခေါ်ဝေါ်ကုန်၏။
နေမင်းသည် လူသားများအတွက် အလင်းကိုဆောင်၍ နာရီ(၃၀)ခန့် လည်ခြင်းဖြင့် ယုဂနိ္ဒုရ်တောင်ကို ကွယ်လတ်သော် မှောင် အတိ ကြီးစိုးပြန်သဖြင့် နေမင်းကွယ်၍ အမှောင်ရောက်သည်တွင် အလင်းကိုဆောင်ပါစေရန် လူသားတို့၏ များစွာသော “ဆန္ဒ” ကြောင့် ငွေသားအတိပြီး၍ အလင်းဖြင့် အေးချမ်းမှုကိုဖြစ်စေသော “လမင်း”သည် ကြယ်တာရာအပေါင်း ခြံရံစေလျက် အရှေ့ အရပ်မျက်နှာမှ ထွက်ပေါ်လာလေသည်။ ထိုအခါ လူသားတို့၏များစွာသော ဆန္ဒအတို်င်း ဖြစ်ပေါ်ရသည့်အတွက် ထို “လမင်း”ကို “ဆန္ဒ” ဟု သမုတ်ခေါ်ဝေါ်ကြလေသည်။
ထိုကဲ့သို့ ကမ္ဘာဦးသူတို့ မှီခိုအားပြုရာ “နေနှင့်လ”ကို တောင့်တဆန္ဒဖြစ်ကြလေသကဲ့သို့ ကျွန်ုပ်တို့ ဒီမိုကရေစီလူသားတို့သည် လည်း “နေမင်း”ကဲ့သို့ ပြည်သူများအတွက် ခွန်အားများစွာကို ပေးစွမ်းနိုင်သော နိုင်ငံဥသျှောင် သမ္မတမင်းကို မျှော်လင့်တောင်း တကြလေသည်။ ထို့နောက် မင်းသမ္မတ၏ မျက်ကွယ် အမှောင်ရိပ်ကျသည်တွင် အလင်းစွမ်းအားဖြင့် အေးချမ်းမှုကို ပေးစွမ်းနိုင် သည့် “လမင်း”နှင့်တူသော တရားဥပဒေစိုးမိုးရေးကိုလည်း လိုလားတောင့်တကြပြန်သည်။
သို့သော် ဒီမိုကရေစီနိုင်ငံတော် ထူထောင်၍ ပထမ(၅)နှစ်သက်တမ်းပင် ကုန်တော့မည်ဖြစ်ရာ ပြည်သူတို့၏ဆန္ဒများ ဖြစ်မလာ သေးပါဟုဆိုလျှင် အပြန်အလှန် စောကြောမှုကို ပြုလုပ်ကြရပေမည်။ ထိုအခါ အခြေခံဥပဒေမူများသည် အများပြည်သူများ ဆန္ဒ အမှန်ပင်ဖြစ်ပါသလား၊ ဒီမိုကရေစီ၏စနစ်အရ အများပြည်သူများ ရေးဆွဲ(သဘောတူ)သော မူဖြစ်ပါလျှင်လည်း မူနှင့်လူ တစ်သားတည်းရှိပါသလားဟု ပွင့်လင်းမြင်သာမှုရှိအောင် မေးသည်ကို ရိုးသားစွာတော့ ဖြေကြားစေချင်ပါသည်။
ဘာပဲဖြစ်စေ ကျွန်ုပ်တို့ပြည်သူများအနေဖြင့် စည်းလုံးရန်တော့ လိုအပ်ပါသလို စည်းလုံးဖို့ ယုံကြည်မှုရှိရန်လည်း အလုပ်ဖြင့် သက်သေပြကြရပါမည်။ ကျွန်ုပ်တို့ပြည်သူများသည် နိုင်ငံရေးစာမျက်နှာများကို သိရှိရန်နှင့် သင်ယူမှုများစွာ လိုအပ်ပါသည်။ မကြာမီတွင် ၂၀၁၅၏ ဒီမိုကရေစီခရီးကို ဦးဆောင်သူများအား ရွေးချယ်ရတော့မည်ဖြစ်၍ ပြည်သူများအနေဖြင့် မိမိတို့ဆန္ဒရှိ သည့်အတိုင်း ဆန္ဒမဲအဖြစ် အသဲကြားမှ မဲတစ်ပြားပေးဖို့ရန်အတွက် မိမိတို့ရွေးချယ်သော ပြည်သူ့ခေါင်းဆောင်တို့သည် လူ တော်လူကောင်းများဖြစ်ဖို့ လိုပါသည်။ သို့သော် လူတော်တစ်ယောက် မဖြစ်စေကာမူ လူကောင်းတော့ ဖြစ်သင့်ပါသည်။
ဘယ်အတွက်ကြောင့်ဆိုသော် ယခုခေတ်၌ လူတော်လူကောင်းဆိုသော အရည်အချင်း ပြည့်ဝသူဟူ၍ ရှိတော့ရှိသည်၊ ရှားသည် ဟု ဆိုရမည်ဖြစ်ကြောင့် အမဲထဲမှာ အဖြူကိုရှာသကဲ့သို့ ဖြူမလို အပြာရောင်သန်းသည်ကို အဖြူဟုပဲ မှတ်ယူ၍ အကောက်ထဲမှာ အဖြောင့်ရှာ ဖြောင့်မလိုနှင့် ကွေးရောင်သန်းတာကို အဖြောင့်လို့ပဲ မှတ်ယူရမှာ ဖြစ်သောကြောင့်ပင် မဟုတ်ပါလား။
ထို့ကြောင့် ကျွန်ုပ်တို့ ပြည်သူများ ရွေးချယ်ရမည့် ပြည်သူ့ခေါင်းဆောင်လောင်းများအနေဖြင့် ၂၀၁၅အတွက် ပြည်သူ့ကိုယ်စား “ဘယ်ခရီးကို ဘယ်ထီးဆောင်းပြီး ဘယ်အရပ်မှာ ဘယ်ဖိနပ်စီးသလဲ”ဟုပင် မေးလိုက်ချင်ပါသည်။ ဘာပဲဖြစ်ဖြစ် ပြည်သူ များအတွက်တော့ ငြိမ်းချမ်းလို့ညီညာ ပြည်မြန်မာအရပ်မှာ “ကတီ္တပါဆိုတဲ့ ဖိနပ်စီးပြီး ရွှေထီးကိုသာ ဆောင်းသော ပြည်သူ့ခေါင်း ဆောင်ကောင်းများ ဖြစ်ကြပါစေဟု။”