Home ဆောင်းပါး အကြွင်းမဲ့လက်နက်ချ‌ရေး သ‌ဘောတူညီချက်စာချုပ်တွင် ပါဝင်လက်မှတ်ထိုးကြမည်‌လော

အကြွင်းမဲ့လက်နက်ချ‌ရေး သ‌ဘောတူညီချက်စာချုပ်တွင် ပါဝင်လက်မှတ်ထိုးကြမည်‌လော

2401
Photo-Eleven Media Group

(‌မောင်‌ကျော်စွာ)(၂၀၁၃ခုနှစ်၊ နိုဝင်ဘာလ ၁ဝရက်)

နိုဝင်ဘာလ ၄ရက်‌နေ့က မြစ်ကြီးနားမြို့၌ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များနှင့် ‌တွေ့ဆုံကြစဉ် အစိုးရဘက်မှ ‌ပေးအပ်လာ သည့် “ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံ‌တော်နှင့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံးအတိုင်းအ တာဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲ‌ရေး သ‌ဘောတူညီချက်စာချုပ်” ဆိုသည်မှာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အားလုံး အကြွင်းမဲ့ လက်နက်ချ‌ရေးနှင့် ၂၀၀၈ အ‌ခြေခံဥပ‌ဒေ‌ဘောင်ထဲဝင်‌ရေးအတွက် လုပ်ငန်းစဉ်တစ်ရပ်သာ ဖြစ်သည်။

ထို“သ‌ဘောတူညီချက်စာချုပ်”တွင် ‌ဖေါ်ပြထားသည့် အချက်အလက်များနှင့် မီဒီယာများသို့‌ပြောသည့် ကာချုပ်၏ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၏ သ‌ဘောထားအမြင်များကို ဆက်စပ်လိုက်လျှင် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အားလုံး အကြွင်းမဲ့ လက်နက်ချပြီး ၂၀၀၈အ‌ခြေခံဥပ‌ဒေ‌ဘောင်ထဲ ဝင်ရမည်ဆိုသည့်အချက်မှာ ခပ်‌ပြောင်‌ပြောင်၊ ခပ်ရှင်းရှင်းပင် ဖြစ်ပါသည်။

ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးသည် ဝန်မင်းဦး‌အောင်မင်းကဲ့သို့ ‌ဝေ့လည်‌ကြောင်ပတ်‌တွေ မ‌ပြော၊ “ ပြည်‌ထောင်စု တပ်မ‌တော်ဆိုပြီး ကရင်ကလည်း ကရင်တပ်မ‌တော်၊ ကချင်ကလည်း ကချင်တပ်မ‌တော်ဆိုပြီး လုပ်လို့မရဘူး။”ဟု ခပ်ရင့်ရင့်ပင် ‌ပြောသည်။

အစိုးရ‌ရေးဆွဲထားသည့် အဆိုပါ “သ‌ဘောတူညီချက်စာချုပ်”သည် တပ်အင်အား တစ်စုံတစ်ရာရှိပြီး ပြည်နယ်‌ပေးရန် ‌တောင်းဆို ‌နေသည့် “ဝ”ပြည်‌သွေးစည်းညီညွှတ်‌ရေးပါတီ (UWSP/UWSP) ကို အဓိကပစ်မှတ်ထားပြီး ‌ရေးသားထားပုံ‌ပေါ်ပါသည်။ အဆိုပါ သ‌ဘောတူညီချက်စာချုပ်တွင် အခန်း ၁၄ခန်းနှင့် အချက် ၂၅ချက်ပါရှိသည်။ အဓိကကျသည့်အခန်းများမှာ နိဒါန်း၊ အခန်း(၁)၊ (၂) ၊ (၃) ၊ (၄)နှင့် (၈)တို့သာ ဖြစ်သည်။

သ‌ဘောတူညီချက်စာချုပ်သည် စဖွင့်ကတည်းကပင် ယဉ်သကိုဟု ဆိုရမည်။ “ယခင်ချုပ်ဆိုခဲ့‌သော တည်ဆဲဥပ‌ဒေနှင့် မဆန့် ကျင်သည့် သ‌ဘောတူညီချက်များအား အသိအမှတ်ပြုခြင်း”ဟူသည့်အချက်ဖြင့် ဖွင့်ထားသည်။ “တည်ဆဲဥပ‌ဒေ” ဆိုသည့်အထဲ တွင် “၂၀၀၈အ‌ခြေခံဥပ‌ဒေ” နှင့် “မတရားသင်းအက်ဥပ‌ဒေများ” ပါဝင်‌နေပါသည်။ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များအား ယခင်က ‌ထောက်လှမ်း‌ရေးဗိုလ်ခင်ညွန့် မက်လုံး‌ပေးခဲ့‌သော “လက်နက်၊ တပ်ဖွဲ့နှင့် နယ်‌မြေအပ်စရာမလို” ဟူ၍ အ‌ပေးအယူ လုပ်ခဲ့သည့်အချက်များကို အသိအမှတ်မပြုဟု ‌ပြောလိုက်ခြင်းလည်းဖြစ်သည်။ ထိုသို့ အသိအမှတ်မပြုသည့် အချက်များထဲတွင် (သစ်၊ သတ္တု၊ ‌ကျောက်မျက်စ‌သော) စီးပွား‌ရေးစားကွက်များလည်း ပါဝင်နိုင်သည်။

နိဒါန်းတွင် “ဒို့အ‌ရေးသုံးပါး” နှင့် ခွဲမထွက်‌ရေးကို ထည့်‌ရေးထားပြီး တိုင်းရင်းသားများ တစ်‌လျောက်လုံး ‌တောင်းဆို တိုက်ပွဲဝင် ခဲ့ကြသည့် “တန်းတူ‌ရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိ‌ရေး”ကို အသိအမှတ်မပြုဘဲ။ “လူမျိုး‌ရေးတန်းတူမှု” ဆိုသည့်အချက်ကိုသာ ထည့်သွင်း‌ရေးသားထားပါသည်။ “ဖက်ဒရယ်” ဆိုသည်မှာ စကားလုံးအရပင် မပါရှိ‌ချေ။

ထို့အပြင် သူတို့လက်ရှိလုပ်မည့် အပစ်ရပ်စဲ‌ရေးသည် ‌ထောက်လှမ်း‌ရေးဗိုလ်ခင်ညွန့်ကဲ့သို့ တစ်နပ်စား၊ တစ်ပွဲထိုး အကြံအစည် နှင့် ကွဲပြား‌စေရန် “တည်ဆဲဥပ‌ဒေများနှင့် မဆန့်ကျင်ဘဲ အပစ်အခတ်ရပ်စဲခြင်း” ဟူ၍ တိတိကျကျ ထည့်သွင်း‌ရေးသားထားပါ သည်။

အဆိုးရွားဆုံးအချက်မှာ အုပ်စိုးသူအစိုးရအဆက်ဆက်က လက်နက်ဖြင့် အကြမ်းဖက် ဖိနှိပ်‌ချေမှုန်းလာသဖြင့် မလွှဲမ‌ရှောင်သာ လက်နက်စွဲကိုင်ပြီး ခုခံ‌တော်လှန်ခဲ့ကြရသည့် “လက်နက်ကိုင် ‌တော်လှန်‌ရေးလမ်းစဉ်”အား “ပြည်‌ထောင်စုအတွင်း မှီတင်း‌နေ ထိုင်ကြ‌သော နိုင်ငံသားအားလုံးကို ထိခိုက်နစ်နာခြင်းများ၊ လုံခြုံမှုကင်းမဲ့ခြင်းများနှင့် စိုးရိမ်ထိတ်လန့်ခြင်းများ ဖြစ်‌ပေါ်ခံစား‌စေခဲ့ သည့် လက်နက်ကိုင်လမ်းစဉ်”ဟု ရုပ်ပျက်ဆင်းပျက်ဖြစ်‌အောင် ရည်ရွယ်ချက်ရှိရှိ သရုပ်ဖျက် ‌ရေးသား‌ဖော်ပြထားသည်။

ဤသို့ သရုပ်ဖျက်‌ရေးသားခြင်း၏ ‌နောက်ထပ်ရည်ရွယ်ချက်မှာ လူမျိုး‌ပေါင်းစုံပြည်သူများက ‌အော့နှလုံးနာပြီး ရွံရှာမုန်းတီး‌နေ သည့် အုပ်စိုးသူ အစိုးရအဆက်ဆက်၏ အဓိက အကြမ်းဖက်ဖိနှိပ်‌ရေး ယန္တရားဖြစ်‌သော စစ်တပ်၏ မုဒိမ်းကျင့်၊ လူသတ်၊ ရွာမီးရှို့ သည့် ရာဇဝတ်ပြစ်မှုများကို တမင်တကာ ဖုံးကွယ်ဖို့ ကြံစည်ခြင်းလည်းဖြစ်သည်။

ထို့အပြင် “အတိတ်ဖြစ်ရပ်များအ‌ပေါ် တစ်ဦးနှင့်တစ်ဦး အပြစ်မတင်ဘဲ” ဆိုသည့်အချက်မှာ မုဒိမ်းကျင့်၊ လူသတ်၊ ရွာမီးရှို့ခဲ့‌သော စစ်တပ်၏ အကြမ်းဖက် ‌သောင်းကျန်းမှုမှန်သမျှကို ကျူးလွန်ခဲ့သူများက မ‌တောင်းပန်သည့်အပြင် ဒုက္ခမီးကို ရင်စီးခံစားခဲ့ကြရ သူများက ခွင့်လွှတ်‌ကြေ‌အေးရမည်ဟု ရင့်ရင့်သီးသီး ‌တောင်းဆိုခြင်းလည်းဖြစ်သည်။

အခန်း ၂တွင် “နိုင်ငံ‌တော်၏ တာဝန်များ” ဟူ၍ အချက် (၆)ချက် ‌ဖော်ပြထားပြီး “နိုင်ငံ‌တော်” ဆိုသည်မှာ “စစ်တပ်”ကို ဆိုလို ခြင်းဖြစ်သည်။ သို့အတွက် နိုင်ငံ‌တော်၏ တာဝန်များဆိုသည်မှာ စစ်တပ်၏ တာဝန်များပင်ဖြစ်သည်။ စစ်တပ်လှုပ်ရှားမှုကို အခြား လက်နက်အဖွဲ့များက ချုပ်ငင်မထားနိုင်‌ရေးအတွက် “နိုင်ငံ‌တော်ကာကွယ်‌ရေးနှင့် နယ်‌မြေလုံခြုံ‌ရေး လိုအပ်ချက်အရ” ဆိုသည့် စကားဖြင့် စိတ်ကြိုက် အ‌ပေါ်စီးယူထား‌ပေသည်။

အပစ်ရပ်နယ်‌မြေတွင်း သွားလာလှုပ်ရှား‌ရေးနှင့် ပတ်သက်ပြီး “တပ်မ‌တော်ကွပ်ကဲမှု‌အောက်ရှိ လက်နက်ကိုင်တပ်ဖွဲ့များ”ဟု ဆို သဖြင့် စစ်တပ်လက်‌အောက်တွင် ထိန်းချုပ်ထားသည့် (BGF)များ၊ ပြည်သူ့စစ်များ၏လှုပ်ရှားမှုပါ အကြုံးဝင်‌စေရန် ‌ဖော်ပြထား သည်။ “အပစ်ရပ်နယ်‌မြေအတွင်း တရားဥပ‌ဒေစိုးမိုး‌ရေးအတွက် ရဲတပ်ဖွဲ့ကပင် တာဝန်ယူ‌ဆောင်ရွက်ရမည်”ဟု ‌ဖော်ပြထား‌ပေ သည်။

အခန်း ၃တွင် “အပစ်ရပ် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများ၏ တာဝန်များ” ဟူ၍ အချက် (၉)ချက် ‌ဖော်ပြထားပြီး ၎င်းမှာ ဤ“သ‌ဘောတူညီချက်စာချုပ်”၏ အဓိကအချက်ပင်ဖြစ်သည်။ ဤအခန်း (၃)ပါအချက်များ၏ အဓိက အနှစ်သာရမှာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများ၏ လှုပ်ရှားမှုကို အကြွင်းမဲ့နှင့် ဘက်‌ပေါင်းစုံချုပ်ကိုင်ထား‌ရေး ဖြစ်သည်။

ဤအချက်များမှာ ယခင်က ‌ပြော‌နေကြသည့် ကာ/ချုပ် ၏ “မူသစ် ၆ချက်” ဆိုသည်ကို အ‌သေးစိတ် အကွက်ချပြီး ပြန်လည် ‌ရေးထားခြင်းသာဖြစ်သည်။
ပါဝင်သည့်အချက်များမှာ “တပ်စခန်းအသစ် မ‌ဆောက်ရ၊ တပ်သားသစ် မစု‌ဆောင်းရ၊ လက်နက်ခဲယမ်း ထုတ်လုပ်ခြင်း၊ ‌ရောင်း ဝယ်ခြင်း၊ လွှဲ‌ပြောင်းခြင်းနှင့် စု‌ဆောင်းခြင်း မပြုလုပ်ရ၊ အခွန်‌ကောက်ခြင်း၊ ဆက်‌ကြေး‌ကောက်ခြင်း မပြုရ၊ တပ်အင်အားနှင့် လက်နက်ခဲယမ်းဖွဲ့စည်းပုံ ‌ပေးအပ်ရမည်၊ တိုက်ခိုက်ခြင်း၊ မိုင်း‌ထောင်ခြင်းမပြုရ” စသည်တို့ ဖြစ်သည်။

အခန်း ၄တွင် “နိုင်ငံ‌တော်နှင့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းတို့ နှစ်ဖက်လိုက်နာရမည့် တာဝန်များ” ဟူ၍ (၁၂)ချက် ‌ဖော်ပြထားသည်။ ထိုအချက်များအနက် (ဃ)နှင့် (စ)တို့မှာ အခရာကျလှ‌ပေသည်။
အချက်(ဃ)မှာ “ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေပါ နိုင်ငံ‌တော်ကာကွယ်‌ရေးနှင့် သက်ဆိုင်‌သော ပြဋ္ဌာန်းချက်များကို ‌လေးစားလိုက်နာ ရန်”ဟူ၍ ဖြစ်သည်။ ဤအချက်မှာ “၂၀၀၈အ‌ခြေခံဥပ‌ဒေ” ပုဒ်မ ၂၀၊ ပုဒ်မခွဲ (က မှ စ အထိ) ပြဋ္ဌာန်းထားချက်အားလုံးကို ရည် ညွန်းခြင်းပင် ဖြစ်သည်။ ထို့အပြင် “၂၀၀၈ အ‌ခြေခံဥပ‌ဒေ” ‌အောက် အတင်းဆွဲသွင်းခြင်းလည်း ဖြစ်သည်။
အချက် (စ)မှာ “ထာဝရငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်အား ထိခိုက်‌စေသည့် အပြုအမူ၊ အ‌ပြောအဆို၊ သတင်းဖြန့်ချိမှု အလားတူ သက်‌ရောက်မှုရှိ‌သော အခြားမည်သည့်‌ဆောင်ရွက်မှုကိုမျှ ပြည်တွင်းတွင်‌သော်လည်း‌ကောင်း၊ ပြည်ပတွင်‌သော်လည်း‌ကောင်း မပြုလုပ်ရန်” ဟူ၍ဖြစ်သည်။ အထက်က အခန်း ၃တွင် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများ၏ ‌ခြေလက်နှင့်တူ‌သော တပ်လှုပ်ရှားမှုကို ချည်‌နှောင်ချုပ်ကိုင်ပြီး‌နောက် ဤ (စ)အချက်မှာ “ပါးစပ်ကို ပိတ်ခြင်း” ဖြစ်သည်။

အခန်း ၈တွင် “အပစ်ခတ်ရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ”၏ လုပ်ငန်းတာဝန်ဆိုသည်မှာကို ‌ဖော်ပြထားသည်။ ဤ‌ကော်မတီသည် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး ဗဟို‌ကော်မတီနှင့် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး လုပ်ငန်း‌ကော်မတီတို့၏ လက်‌အောက်ခံ ‌ကော်မတီငယ်တစ်ခုမျှသာ ဖြစ်သည်။

အခန်း ၁၂ “အ‌ထွေ‌ထွေ” ၌ “ဤသ‌ဘောတူညီချက်စာချုပ်ကို လက်မှတ်‌ရေးထိုးပြီးသည့်အချိန်မှစ၍ မတရားသင်း အက်ဥပ‌ဒေ အရ အ‌ရေးယူခံထားရသူများအ‌ပေါ် ‌ဖြေ‌လျှော့‌ပေး‌ရေး‌ဆောင်ရွက်‌ပေးရန် သ‌ဘောတူညီသည်” ဟု ‌ဖော်ပြထားသည်။ သူတို့ဆင် ထားသည့်ဂွင်ထဲ ပိုင်ပိုင်နိုင်နိုင် ဝင်သွားပြီးမှသာ “‌ဖြေ‌လျှော့‌ရေး ‌ဆောင်ရွက်‌ပေးရန် သ‌ဘောတူညီသည်”ဟု ‌ရေးထားပါသည်။ အကန့်အသတ်ဖြင့် အ‌ခြေအ‌နေကြည့်ပြီး လုပ်‌ဆောင်‌ပေးမည် ဆိုသည့်သ‌ဘောပင် ဖြစ်သည်။ ‌တောင်းဆို‌နေကြသည့် “အ‌ထွေ ‌ထွေလွတ်ငြိမ်းချမ်းသာခွင့်” ဆိုသည်ကို စကားထဲပင် ထည့်မ‌ပြော‌ချေ။ “လက်မှတ်ထိုးဖို့အတွက် KNU က ‌ရှေ့ဆုံးကပါ”ဟု အာ ‌ဘောင်အာရင်းသန်သန် ‌ပြော‌နေသူသည် ဤစာချုပ်ပါ အချက်အလက်များကို အ‌သေအချာဖတ်ကြည့်ပြီး‌နောက် ကိုယ့်စကားကို ပြန်လည်သုံးသပ်သင့်သည်။ မဟုတ်လျှင် ‌ထောင်‌ချောက်ထဲသို့ တက်တက်ကြွကြွ ပထမဆုံးဝင်သွားသူအဖြစ် မှတ်တမ်းတင်ခြင်း ခံရ‌ပေလိမ့်မည်။

အထက်ပါ တင်ပြချက်များအရ ခြုံငုံသုံးသပ်လိုက်လျှင် “တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲ‌ရေး သ‌ဘောတူညီချက်စာချုပ်” ဆိုသည်မှာ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အားလုံး အကြွင်းမဲ့လက်နက်ချ‌ရေးနှင့် ၂၀၀၈အ‌ခြေခံ ဥပ‌ဒေ‌ဘောင်ထဲဝင်‌ရေးအတွက် (ကာလုံ၊ စစ်တပ်၊ လွှတ်‌တော်၊ ကြံ့ဖွံ့အစိုးရ) တို့က “နိုင်ငံ‌တော်” ဟူ‌သောအမည်ဖြင့် အကွက် ချ စီမံ‌ရေးဆွဲထားသည့် လုပ်ငန်းစဉ်တစ်ရပ်သာ ဖြစ်သည်။

သို့ဖြင့် သမ္မတဦးသိန်းစိန်၊ ကာချုပ်ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်၊ လွှတ်‌တော်ဥက္ကများဖြစ်သည့် ဦး‌ရွှေမန်း၊ ဦးခင်‌အောင်မြင့်တို့ ၏ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများအ‌ပေါ် ထားရှိသည့်သ‌ဘောထားမှာ တစ်ကျိတ်တည်း တစ်ဉာဏ်တည်း၊ တစ် သ‌ဘောတည်းသာဖြစ်‌ကြောင်း ရှင်းလင်းသွား‌ပေပြီ။