အောက်တိုဘာ၂၈ရက်၊၂၀၁၃ခုနှစ်။စောညွှန့်သောင်း
နေပြည်တော်ရှိလယ်ယာမြေစုံစမ်းစီစစ်ရေးကော်မရှင်အဖွဲ့(၉)မှဦးအောင်သိန်းလင်းဦးစီး၍ ကရင်ပြည်နယ် အတွင်းလယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရသည့် ပြည်သူများအားလာရောက်တွေ့ဆုံကာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ကြသည်။
လယ်ယာမြေစုံစမ်းစီစစ်ရေးကော်မရှင်အဖွဲ့(၉)မှဦးအောင်သိန်းလင်းအပါအဝင် ဦးကျော်မင်း၊ဒေါ်နန်းစေအွာ၊ဦးအောင်ကျော်နိုင်၊ မန်းကံညွှန့်တို့သည်အောက်တိုဘာ ၂၅ ရက်နေ့၊နံနက် ၈ နာရီမှ နေလည် ၁၂ နာရီအထိကရင်ပြည်နယ်၊ဖားအံမြို့၊ ဇွဲကပင်ခန်းမတွင်ဒေသခံလူထုများအားတွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ထိုအခမ်းအနားတွင် ဦးအောင်သိန်းလင်းကလယ်ယာမြေသိမ်းဆည်းခံရမှု စုံစမ်းစီစစ်ရာတွင် ကရင်ပြည်နယ်တစ်ခုအတွင်းသာ ကြန့်ကြာသည်မဟုတ်သဖြင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးတွင်းလည်းကရင်ပြည်နယ်နည်းအတူ ကြန့်ကြာမှုများရှိပြီးစုံစမ်းစီစစ်ရေးကော်မရှင်အနေဖြင့် အဆင့်ဆင့်လုပ်ဆောင်မှုများများပြားခြင်းလည်းရှိသည်ဟုရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“အဓိကအားဖြင့် အရင်းတုန်းကဌာနဆိုင်ရာ၊အဖွဲ့အစည်းများမြေသိမ်းဆည်းရာမှာဥပဒေနဲ့အညီသိမ်းကြ ခြင်းဟုတ်မဟုတ်၊သိမ်းဆည်းနေတဲ့ ဌာနတွေကိုစီစစ်ခြင်းအားဖြင့်သိနိုင်တယ်။ မြေခွန်၊ပြေစာ၊ဂရမ်စတဲ့ ပိုင်ဆိုင်မှုအထောက်အထားအပြည့်စုံပြနိုင်ရင်အကောင်းဆုံးဖြစ်တယ်”ဟုဦးအောင်သိန်းလင်းကပြောသည်။
၎င်းတွေ့ဆုံရှင်းလင်းပွဲတွင် လယ်ယာမြေစုံစမ်းစီစစ်ရေးကော်မရှင်အဖွဲ့(၉)၏ အဖွဲ့ဝင်များအပါအဝင် အစိုးရဌာနဆိုင်ရာများဒေသခံများနှင့် မြေယာသိမ်းဆည်းခံရသည့် ဒေသခံများစုစုပေါင် လူ ၁၀ဝ ကျော် တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံရှင်းလင်းပွဲသို့ တက်ရောက်သည့် ဒေသခံနှင့် မြေယာအသိမ်းခံရသူများက ၎င်းတို့မြေယာများအခမဲ့ အသိမ်းခံရခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာအစိုးရဌာနအဆင့်ဆင့်သို့ အကြိမ်ကြိမ်တင်ပြခဲ့မှုများရှိခဲ့သော်လည်းတစုံတရာအကြောင်းပြန်ကြားခြင်းများမရှိခဲ့ကြောင်းလယ်ယာမြေစုံစမ်းစီစစ်ရေးကော်မရှင်အဖွဲ့(၉)ကိုတုံ့ပြန်ပြောဆိုခဲ့ကြသည်ဟုသိရသည်။
ရှင်းလင်းပွဲတက်ရောက်သည့် ဒေသခံတစ်ဦးဖြစ်သူစောကျော်ထက်ခိုင်က“မြေသိမ်းတဲ့ ကိစ္စမှာကျနော်တို့ နေတဲ့ဒေသဆိုရင် ဖားအံမြေစာရင်းနှင့် အထွေထွေအုပ်ချုုပ်ရေးမှူးတို့ကိုယ်တိုင်ကဒီလိုသိမ်းဆည်းထားတဲ့ မြေယာတွေကိုတပ်မတော် ဘိလပ်မြေစက်ရုံ တရားဝင်မြေဖြစ်အောင် မှတ်ပုံတင်ဖို့တံဆိပ်ကောင်းဖိုးတွေ ငွေသိန်းပေါင်းများစွာကုန်ကျတာဖြစ်တဲ့အတွက် အခမဲ့သိမ်းယူရတာဖြစ်လို့ ပြောသွားတာဖြစ်တယ်”ဟုဆိုသည်။
ဆက်လက်၍ ယခုနှစ်၊ စက်တင်ဘာလတွင် ဖားအံမြေစာရင်းဦးစီးမှူး၊မြေစာရင်းဒုဦးစီးမှူးနှင့်ဖားအံမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ဒုအုပ်ချုပ်ရေးမှူးတို့ကဖားအံဒေသအတွင်းရှိလှာကာ၊ဇရပ်ဖြူ၊ မြိုင်ကလေးစသည့် လယ်ယာမြေများကို ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေနှင့်အညီသိမ်းဆည်းသွားခြင်းဖြစ်သည်ဟုဒေသခံများအားပြောဆိုသွားခဲ့သည်ဟုထောက်ပြပြောဆိုခဲ့သည်။
လယ်ယာမြေစုံစမ်းစီစစ်ရေးကော်မရှင်အဖွဲ့(၉)သည် ယခုလိုဖားအံမြို့တွင် ဒေသခံလူထုများနှင့် တွေ့ဆုံရှင်းလင်းပွဲမပြုလုပ်မီကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းသို့ သွားရောက်ပြီးအလားတူရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သေးသည်ဟုသိရသည်။



















