Home သတင်း ဗုံး‌ပေါက်ကွဲမှုဖြစ်စဉ်များ ‌ဖော်ထုတ်ရန် KNUအထူးစုံစမ်းစစ်‌ဆေး‌ရေး ‌ကော်မရှင်ဖွဲ့စည်း

ဗုံး‌ပေါက်ကွဲမှုဖြစ်စဉ်များ ‌ဖော်ထုတ်ရန် KNUအထူးစုံစမ်းစစ်‌ဆေး‌ရေး ‌ကော်မရှင်ဖွဲ့စည်း

2174
Photo-KIC (ပဒိုမန်းငြိမ်း‌မောင် သတင်းစာရှင်းလင်းပွဲ၌ ရှင်းပြ‌နေစဉ်)

‌အောက်တိုဘာ ၂၈ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း

မြန်မာပြည်အတွင်း ‌အောက်တိုဘာလလယ်ပိုင်းက ဖြစ်ပွားခဲ့သည့် ဗုံး‌ပေါက်ကွဲမှုများမှာ ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ဆက်စပ်မှု ရှိသည်ဟု အစိုးရဘက်မှ ‌ပြောဆိုခြင်း၊ ရှင်းလင်းခြင်းများ‌နောက်ပိုင်းတွင် ၎င်းဗုံးခွဲတိုက်ခိုက်မှုနှင့် ပတ်သက်၍ အဖွဲ့ဝင် ၇ဦး ပါဝင်‌သော အထူးစုံစမ်းစစ်‌ဆေး‌ရေး‌ကော်မရှင်တစ်ရပ်ကို ‌အောက်တိုဘာလ ၂၅ရက်‌နေ့က KNU ဖွဲ့စည်းလိုက်သည်။

ထို‌နေ့က KNU ဖားအံခရိုင်၊ တပ်မဟာ(၇)ဌာနချုပ်တွင် KNU ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီဝင်များ၊ အမြဲတမ်း‌ကော်မတီဝင် များ၊ ခရိုင်အသီးသီးမှ ဥက္ကဌများ၊ တပ်မဟာအသီးသီးမှ တပ်မဟာမှူးများနှင့် သက်ဆိုင်ရာ‌ခေါင်း‌ဆောင် စုစု‌ပေါင်း ၃ဝဦး‌ကျော် အ‌ရေး‌ပေါ် အစည်းအ‌ဝေးတစ်ရပ် ပြုလုပ်ခဲ့ကြပြီး ၎င်းအထူးစုံစမ်းစစ်‌ဆေး‌ရေး‌ကော်မရှင်ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု KNU က ‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်ခဲ့သည်။

KNU အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်းက “ဒီဗုံး‌ပေါက်ကွဲမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မီဒီယာမှာ KNU နဲ့ ပတ်သက်မှု ရှိတယ်လို့ ‌ဖော်ပြကြ‌ပေမယ့် တကယ်ဆိုရင် ကျ‌နော်တို့ KNU အဖွဲ့အစည်းအ‌နေနဲ့ ဆက်စပ်မှုမရှိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အလား တူ ဖြစ်ရပ်မျိုးကို ကြိုတင်ဟန့်တားနိုင်‌အောင်နဲ့ အများအမြင်ရှင်း‌အောင် ‌ခေါင်း‌ဆောင်‌တွေစုပြီး‌တော့ အဖြစ်မှန်ကို စုံစမ်း‌ဖော် ထုတ်နိုင်ဖို့ ‌ကော်မရှင်ကိုဖွဲ့လိုက်တာပါ။”ဟု ‌ပြောသည်။

၎င်းအပြင် KNU အ‌နေဖြင့် အကြမ်းဖက် လုပ်ရပ်များကို ကန့်ကွက်‌ကြောင်း၊ နိုင်ငံ‌ရေးပြဿနာကို ‌တွေ့ဆုံ‌ဆွေး‌နွေးမှုဖြင့် အ‌ဖြေ ရှာရမည်ဖြစ်‌ကြောင်းနှင့် ဗုံး‌ပေါက်ကွဲမှုဖြစ်စဉ်တွင် KNU ပါဝင်ပတ်သက်‌နေသည်ဟု သတင်းထွက်‌ပေါ်မှုမှာ မည်မျှမှန်ကန်မှုရှိ ‌ကြောင်းကို ‌ဖော်ထုတ်ရန် ယခု‌ကော်မရှင်က စုံစမ်း‌ဖော်ထုတ်သွားမည်ဟုလည်း ပဒို‌စောကွယ်ထူးဝင်းက ‌ကေအိုင်စီသို့ ထပ်မံ ‌ပြောဆိုသည်။

KNU ဖွဲ့စည်းလိုက်သည့် အထူးစုံစမ်းစစ်‌ဆေး‌ရေး‌ကော်မရှင်တွင် အဖွဲ့‌ခေါင်း‌ဆောင်အဖြစ် ဗိုလ်မှူးကြီး‌စော‌ရောဂျာခင်၊ အတွင်း ‌ရေးမှူးအဖြစ် ဗိုလ်မှူးကြီး‌စော‌ဖောဒိုနှင့် အဖွဲ့ဝင်များအဖြစ် KNU/KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီ၊ ဗိုလ်ချုပ်‌စောအိုင်း ဇက်ဖိုး၊ ပဒို‌စော‌အောင်‌မော်‌အေး၊ ဗိုလ်မှူး‌စောတာမလာ‌သောနှင့် ပဒို‌စောအယ်ကလူ‌စေးတို့ဖြစ်‌ကြောင်း KNU ‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

အလားတူ နိုင်ငံ‌ရေးအ‌ဖြေရှာရာတွင် ငြိမ်းချမ်းစွာ ‌တွေ့ဆုံ‌ဆွေး‌နွေးမှု‌ပေါ်လစီကို KNU အ‌နေဖြင့် ဆက်လက် ကျင့်သုံးသွားမည် ဖြစ်သလို မည်သည့်အကြမ်းဖက် တိုက်ခိုက်မှုလုပ်ရပ်မျိုးမဆို ပါဝင်ပတ်သက်မည်မဟုတ်သည့်အပြင် ထိုလုပ်ရပ်များကိုလည်း ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်‌ကြောင်းနှင့် ဗုံး‌ပေါက်ကွဲမှု‌ကြောင့် ‌သေ‌ကြေထိခိုက်ဒဏ်ရာရသူများနှင့် မိသားစုဝင်များအ တွက် ဝမ်းနည်း‌ကြောင်းလည်း ‌ကြေညာချက်တွင် ပါရှိသည်။

ယခု ‌အောက်တိုဘာ ၂ဝရက်‌နေ့က ‌ကေအဲန်ယူ ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီဝင် ပဒိုမန်းငြိမ်း‌မောင်နှင့် ဒူးပလာယာခရိုင် ဥက္ကဌ ပဒို‌စော‌ရွှေ‌မောင်းတို့က ရန်ကုန်မြို့တွင် ဗုံး‌ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့‌သေးသည်။