မောင်ကျော်စွာ (ဆောင်းပါး)
(၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၈ ရက်)
ယခုအခါ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးဆိုသည်မှာလည်း မရေရာမသေချာသလို၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးဆို သည်မှာလည်း “အလွတ်သဘောတွေ့ဆုံမှု”များနှင့် ဇာတ်မျောနေပေသည်။
“အလွတ်သဘောတွေ့ဆုံမှု”ဆိုသည်မှာ တစ်ဖက်နှင့်တစ်ဖက် ဘယ်လိုအချက်တွေ အပေးအယူလုပ်ကြမည်၊ ဘယ်လိုကိစ္စတွေ ဆွေးနွေးကြမည် ဆိုသည့်ကိစ္စများကို အပြန်အလှန် တီးခေါက်ကြသည့် သဘောမျှသာ ဖြစ်သည်။
ပုံမှန်အားဖြင့် (တစ်ဖွဲ့ချင်းဖြစ်စေ / တစ်ပြည်လုံးဖြစ်စေ) အပစ်အခတ်ရပ်စဲပြီးလျှင် တက်ရောက်ရမည့်အဆင့်မှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးအဆင့်ဖြစ်သည်။ ယခုအခါ ဦးသိန်းစိန်အစိုးရနှင့် အဖွဲ့ ၁၄ဖွဲ့ အပစ်ရပ်စဲထားနိုင်ပြီဖြစ်သည်။
ဦးသိန်းစိန်အစိုးရ၏ အဓိကသဘောထားမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးကို လက်နက်ဖြုတ်ပြီး “၂၀၀၈ အခြေခံ ဥပဒေ”ဘောင်ထဲသွတ်သွင်းရေးသာ ဖြစ်သည်။
“တိုင်းရင်းသားများ ရပိုင်ခွင့်ကိစ္စ လွှတ်တော်ထဲတွင် ဆွေးနွေးနေပြီ၊ အပစ်ရပ်အဖွဲ့များ၏ သဘောထားတင်ပြပေးပါ၊ ယနေ့ခေတ် သည် လက်နက်ကိုင်တောင်းဆိုတဲ့ ခေတ်မဟုတ်၊ လွှတ်တော်ထဲမှာ ထိုင်ဆွေးနွေးဖို့ ဖိတ်ခေါ်နေပါတယ်”စသဖြင့် ‘လုပ်ငန်း ကော်မတီဒုတိယ ဥက္ကဋ္ဌ’ ဦးသိန်းဇော်က ပြောနေသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဘက်မှလည်း ယင်းအချက်ကို သံသယဖြစ်နေသည်။ အစိုးရသည် တိုင်းရင်းသား အဖွဲ့များနှင့် နိုင်ငံရေးမဆွေးနွေးဘဲ လွှတ်တော်သို့လွှဲပေးသွားမည်ကို သံသယရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်။
သို့ဖြင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးသည် မရေမရာ၊ မသေချာနှင့် ဇာတ်မျောနေပေသည်။ လွှတ်တော်၊ အစိုးရ၊ စစ်တပ်တို့ က အကွက်ရိုက် တီးခတ်နေသော စည်းဝိုင်းအတွင်း၌ တိုင်းရင်းသားအပစ်ရပ်အဖွဲ့များ “ထ”ရမလို၊ “က”ရမလို ဖြစ်နေသည်။ လွှတ်တော်နှင့်အစိုးရက “တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်း၊ ကားပါမစ်၊ ကုမ္မဏီ ထူထောင်ခွင့်ပြုခြင်း” စသော မက်လုံးများဖြင့်တစ်ဖက်မှ မြူဆွယ်၍ ၂၀၀၈အခြေခံ ဥပဒေဘောင်ထဲသို့ သွတ်သွင်းနေသလို၊ အခြားတစ်ဖက်မှနေ၍ စစ်တပ်ကလည်း “အခွန်မကောက်ရ၊ တပ်သားသစ် မစုဆောင်းရ၊ နယ်မြေကျော်လွန်၍ လှုပ်ရှားသွားလာ ခြင်း မပြုရ”ဟူသော “ဖြတ် ၄ဖြတ်” မူသစ် ၆ရပ်ဖြင့် တိုက်ခိုက်နေသည်၊ ဝိုင်းပတ်ပိတ်ဆို့ထားသည်။
ဤသို့သော အခြေအနေအောက်တွင် တိုင်းရင်းသားအင်အားစုများအနေဖြင့် “အလွတ်သဘောတွေ့ဆုံမှုများ”မှ “နိုင်ငံရေးအရ ဆွေးနွေးရေးအဆင့်”ကို မည်သို့ တက်လှမ်းကြမည်နည်း။ “၂၀၀၈ အခြေခံဥပဒေဘောင်”ထဲမှာလား သို့မဟုတ် လွှတ်တော်ပြင်ပ မှာ ဆွေးနွေးမှာလား၊ လွှတ်တော်တွင်း ဆွေးနွေးမှာလား။
“၂၀၀၈ အခြေခံဥပဒေ”ထဲတွင် တိုင်းရင်းသားအင်အားစုများ လိုလားသည့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးဆို သည်များမှာ တစ်လုံးတစ်ပါဒမျှပင် မပါရှိချေ။
“၂၀၀၈ အခြေခံဥပဒေ” အခန်း(၁) “နိုင်ငံတော်အခြေခံမူများ” အခန်း၌ ပုဒ်မ ၃၊ ပုဒ်မ ၁၅၊ ပုဒ်မ ၂၂တို့ နှင့် ပုဒ်မ ၄၉တွင် ပြည် နယ် ၇ခုနှင့် တိုင်းဒေသကြီး ၇ခု၊ ပုဒ်မ ၅၆တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၁ခုတို့ ပြဋ္ဌာန်း ဖော်ပြထားသည်။
ဖော်ပြပါ ပြဋ္ဌာန်းချက်များမှာ “၂၀၀၈ အခြေခံ ဥပဒေ”က ပေးထားသည့် တိုင်းရင်းသားလူမျိုးများအတွက် မဟာအခွင့်အရေးများ ပင် ဖြစ်တော့သည်။
ယခင် “၁၉၄၇ အခြေခံဥပဒေ”တွင် “ပြည်နယ် ၇ခု/တိုင်း ၇ခု”သာရှိရာမှ “၂၀၀၈ အခြေခံဥပဒေ”တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ / တိုင်း စုစုပေါင်း ၆ခု ထပ်မံတိုးလာသဖြင့် တိုင်းရင်းသားအခွင့်အရေး ပိုရလာသည်ဟု ပြောနိုင်ပါသလား။ ယင်းသို့ ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ / တိုင်းများ ဖွဲ့စည်းပေးသဖြင့် (နဝတ-နအဖ) စစ်အစိုးရအား ကျေးဇူးတင်ကြရမည်လော။
အခန်း(၁) “နိုင်ငံတော်အခြေခံမူများ” အခန်း၌ ဖော်ပြထားသည်များမှာ-
ပုဒ်မ ၃ “နိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ စုပေါင်းနေထိုင်ကြသော နိုင်ငံဖြစ်သည်”
ပုဒ်မ ၁၅ “လျော်ကန်သင့်မြတ်သော လူဦးရေရှိသည့် တိုင်းရင်းသားလူမျိုးများအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု ဥပဒေပြုရေးတွင် ထိုတိုင်းရင်းသားလူမျိုးကိုယ်စားလှယ်များ ပါဝင်ခွင့်ရှိသည်။
ပုဒ်မ ၂၂ “ နိုင်ငံတော်သည် –
(က) တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်မည်။
(ခ) တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ယိုင်းပင်းကူညီရေးတို့ တိုးတက်ဖြစ်ထွန်းစေရန် ကူညီဆောင်ရွက်မည်။
(ဂ) တိုးတက်ဖွံ့ဖြိုးမှုနည်းပါးသည့် တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့ ပါဝင်သော လူမှုစီးပွားရေးတိုးတက်ဖွံ့ဖြိုးရေးအတွက် ကူညီဆောင်ရွက်မည်” ဟူ၍ဖြစ်သည်။
ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း လူမျိုးများအတွက် ပြည်နယ် ၇ပြည်နယ် သတ်မှတ်ပေးထားသော်လည်း နောက် ထပ် ပြည်နယ်သစ်ဖွဲ့စည်းပေးမည့် အချက်အလက်များ၊ ပြည်နယ်သစ်များ မည်သို့ ဖွဲ့စည်းရမည် ဆိုသည့် အခြေခံမူများလည်း ပြဋ္ဌာန်းထားခြင်း မရှိချေ။
ထိုနည်းတူပင် နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန်၊ “ဝ” လူမျိုးများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/တိုင်းများ သတ်မှတ် ပေးထားသော်လည်း နောက်ထပ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/တိုင်းများ သတ်မှတ်ပေးမည့် အချက်အလက်များ ပါရှိခြင်း မရှိ ချေ။
ထပ်မံ၍ အသစ်ဖွဲ့စည်းခွင့် မပြုသည့်သဘောပင်ဖြစ်သည်။ တည်ရှိနေသည့် ပြည်နယ်/တိုင်းဒေကြီး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ/တိုင်းများ၏ အမည်ပြောင်းလဲခြင်း၊ နယ်နိမိတ်ပြင်ဆင်ပြောင်းလဲခြင်းကိုပင် တမင်တကာ ခက်ခဲအောင် ပြဋ္ဌာန်းထားပါ သည်။
သို့အတွက် ပြည်နယ်သစ်ဖွဲ့စည်းရေး/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/တိုင်းများသစ်များ ထပ်မံဖွဲ့စည်းရေးဆိုသည်မှာ “၂၀၀၈ အခြေခံဥပဒေ”တွင် ထည့်သွင်းပြဋ္ဌာန်းထားခြင်းမရှိသော အချက်များ ဖြစ်ပါသည်။
တန်းတူရည်တူဖြစ်စေရန် တိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်သော ဗမာလူမျိုးအတွက် မည်သို့ ပြည်နယ်ဖွဲ့စည်းမည်နည်း။ “ဝ” တိုင်း ရင်းသားများတောင်းဆိုနေသည့် “ဝ”ပြည်နယ်သစ်ဆိုသည်ကိုလည်း မည်သို့ဖွဲ့စည်းမည်နည်း။
“ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းရေး” ဆိုသည်မှာ သိပ်ဝေးလွန်းလှသည်။ ကျွန်တော်တို့ တိုင်းရင်းသားများအတွက် နိုင်ငံသားစိစစ် ရေးကဒ်(မှတ်ပုံတင်)ထဲတွင် အမည်၊ လူမျိုး၊ ကိုးကွယ်ရာဘာသာတို့ကို မှန်မှန်ကန်ကန် ရေးသွင်းဖော်ပြရန်ပင် လွန်စွာခက်ခဲလှ ပါသည်။
မိမိမည်သည့်လူမျိုးဖြစ်သည်ကို ဖော်ပြရခြင်းသည် အင်မတန်ကောင်းပါသည်။ မိမိလူမျိုး ရိုးရာအစဉ်အလာဓလေ့နဲ့အညီ အမည် မှည့်ခေါ်နိုင်ရမည်။ အမှန်တော့ နာမည်ကြားရုံ၊ ဖတ်ရရုံမျှဖြင့် မည်သည့်တိုင်းရင်းသားဖြစ်သည်ကို သိရှိနိုင်သည်မှာ အင်မတန် ကောင်းသည့် ကိစ္စဖြစ်ပါသည်။ တိုင်းရင်းသားလူမျိုးများသည် မိမိမျိုးရိုးအလိုက် မိမိတို့အမည်ရှေ့တွင် “စော/မန်း၊ နန်း၊ မရစ်၊ မရန်၊ ခွန်၊ စိုင်း၊ နန်း၊ နိုင်/မိ၊ ခိုင်” စသဖြင့် အမည်မှည့်လေ့ရှိကြသော်လည်း တိုင်းရင်းသားအများစုမှာ ထိုသို့ မှည့်ခေါ်ရန် ခက်ခဲ နေသည်။ အချို့မှာ မိမိဘဝရှေ့တက်လမ်းနှင့် ရာထူးအဆင့်နေရာ၊ အလုပ်အကိုင်ရရှိနိုင်ရေးအတွက် မိမိအမည်နှင့် ကိုးကွယ် သည့်ဘာသာကို ရင်နာနာနှင့် ပြောင်းလဲပေးခဲ့ကြရသည့် သာဓကတွေ မြောက်များစွာရှိသည်။
အထင်ရှားဆုံး သာဓကတစ်ခုကိုပြောရလျှင် (၁၉၄၇ အခြေခံဥပဒေ) (ဖဆပလ)အစိုးရဒီမိုကရေစီခေတ်၌ သမ္မတဖြစ်ခဲ့သော၊ ကရင်လူမျိုး သမ္မတမန်းဝင်းမောင်သည် သူ၏အမည် ရှေ့ဆုံးစကားလုံး “မန်း”ကို ဖြုတ်၍ “ဦးဝင်းမောင်”အဖြစ် ပြောင်းပေးခဲ့ရ သည် မဟုတ်ပါလား။ အုပ်စိုးသူများသည် “ပြည်ထောင်စုစိတ်ဓါတ်”ဆိုသည့် ဗလာစကားလုံးဖြင့် တိုင်းရင်းသားကို ဗမာမှုပြုခြင်း သာ ဖြစ်သည်။ တမင်ဖုံးကွယ်/နှိပ်ကွပ်ထားခြင်းသာဖြစ်သည်။ တကယ့်အစစ်အမှန် ပြည်ထောင်စုမရှိဘဲ ပြည်ထောင်စုစိတ်ဓါတ် ဟူ၍ မရှိနိုင်ပါ။
အမျိုးသမီးအမည်များထက် အမျိုးသားအမည်များတွင် ပို၍သိသာထင်ရှားသည်။ အထူးသဖြင့် စစ်တပ်ထဲတွင် ထိုအမည်များ ကြားရခြင်း မရှိချေ။ အောက်ခြေအဆင့်တော့ မပြောတတ်၊ (စကခ)မှူး၊ တပ်မမှူး၊ တိုင်းမှူး “ဗိုလ်ချုပ်”နှင့် အထက်အဆင့်တွင် တိုင်းရင်းသားလူမျိုး ဘယ်နှစ်ဦးရှိသလဲ။ (နဝတ-နအဖ) စစ်အစိုးရ အုပ်စိုးသည့်ကာလတွင် ချင်းလူမျိုး ဗိုလ်ဟုန်းငိုင်း (ယခု ချင်းပြည်နယ်ဝန်ကြီးချုပ်)တစ်ဦးသာ ဒု/တိုင်းမှူးအဖြစ် ကြားဖူးသည်။ ဗိုလ်ဟုန်းငိုင်းလည်း ဒု/တိုင်းမှူး အဆင့်၌ပင် ဂိတ်ဆုံးသွား သည်။ သေချာသည့်အချက်မှာ ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးဆိုလျှင် စစ်တပ်ထဲ ထိပ်တန်းရာထူးမပေးရ ဆိုသည့် ပေါ်လစီ ချမှတ်ထားခြင်းဖြစ်သည်။
“၂၀၀၈ အခြေခံဥပဒေ”ဆိုသည်မှာ တိုင်းရင်းသားပေါင်းစုံ တန်းတူရည်တူ ဒီမိုကရေစီနည်းကျ ညှိနှိုင်းဆွေးနွေးရာမှ ပေါ်ထွက် လာသော အခြေခံဥပဒေ မဟုတ်ချေ။ (နဝတ-နအဖ)စစ်အစိုးရက စိတ်ကြိုက်ရေးဆွဲပြီး အဓမ္မ အတည်ပြုထားခြင်းသာ ဖြစ် သည်။ ထိုအခြေခံဥပဒေတွင် တိုင်းရင်းသားများအတွက် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တိတိကျကျ အာမခံနိုင်သည့်အ ချက်များ လုံးဝ မပါရှိချေ။ သို့အတွက် “၂၀၀၈အခြေခံဥပဒေ” ဘောင်ထဲ အရင်ပထမဝင်ရောက်ပြီးနောက် ဖက်ဒရယ်ပြည် ထောင်စုအဖြစ် တစတစ ပြောင်းလဲနိုင်သည်ဟု ပြောဆိုနေခြင်းမှာ လိမ်ညာလှည့်ဖြားခြင်းမှတပါး အခြားမဖြစ်နိုင်ပါ။
သို့ပါ၍ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများအနေဖြင့် “၂၀၀၈ အခြေခံဥပဒေ” ဘောင်ထဲဝင်ရန်မဖြစ်နိုင်။ “အလွတ် သဘောတွေ့ဆုံမှု”ဆိုသည်များကို ကျော်လွန်၍ “အဓိပ္ပာယ်ရှိသော နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုအဆင့်”သို့ တက်လှမ်းကြ ရန်နှင့် စစ်မှန်သော ဒီမိုကရေစီ၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တကယ်တမ်း အာမခံနိုင်မည့် အခြေခံဥပဒေသစ်တစ်ရပ် ရေးဆွဲရန် လိုအပ်ပါသည်။