Home သတင်း ထိုင်း-မြန်မာ ‌ပေါင်းစပ်ပညာ‌ရေး ပူး‌ပေါင်းလုပ်‌ဆောင်ရန် ‌ဆွေး‌နွေး

ထိုင်း-မြန်မာ ‌ပေါင်းစပ်ပညာ‌ရေး ပူး‌ပေါင်းလုပ်‌ဆောင်ရန် ‌ဆွေး‌နွေး

2147

စက်တင်ဘာ ၃ဝရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား

ထိုင်းနှင့် မြန်မာအစိုးရတို့အကြား ‌ပေါင်းစပ်ပညာ‌ရေးစနစ်ကို ထိုင်း-မြန်မာနယ်စပ်ရှိ ‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမား စာသင် ‌ကျောင်းများတွင် မည်သို့ ပူး‌ပေါင်းလုပ်‌ဆောင်ရမည်ကို ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်၊ မဟာချိုင်‌ဒေသ Centre Palace Hotel တွင် ယမန်‌နေ့က ညီလာခံပြုလုပ်ကာ ‌ဆွေး‌နွေးခဲ့ကြသည်။

‌ရွှေ့‌ပြောင်းအလုပ်သမားများ ‌ပေါင်းစပ်ပညာ‌ရေးဆိုင်ရာ Migrant Education Integration Initiated (MEII) မှ ပြုလုပ်ခဲ့သည့် အဆိုပါ ညီလာခံသို့ တက်‌ရောက်‌လေ့လာခဲ့သူ မြန်မာပြည်သားများ ပူးတွဲလှုပ်ရှား‌ရေး ‌ကော်မတီ(JACBA)၏ ဥက္ကဌ ဦးမိုးကြိုးက ‌ဆွေး‌နွေးချက်များကို ယခုလို ‌ပြောသည်။

သူက “ထိုင်း-မြန်မာနယ်စပ်မှာ ထိုင်းပညာ‌ရေးဌာနက စာသင်‌ကျောင်း၊ သင်တန်း‌ကျောင်းဖြစ်‌စေ ‌ပေါင်းစပ် ပညာသင်ကြား‌ရေး လုပ်ဖို့ မြန်မာပြည်မှာရှိတဲ့ ပညာ‌ရေးဌာနရဲ့ လက်‌အောက်ခံ စာသင်‌ကျောင်း‌တွေဖြစ်‌စေ ‌တွေ့ကြုံခဲ့ရတဲ့ အခက်အခဲ‌တွေကို ပြန် လည် သုံးသပ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ညီလာခံသို့ ထိုင်းနိုင်ငံ လူထုအ‌ခြေပြု အဖွဲ့အစည်း ၂၂ဖွဲ့ဖြင့် ဖွဲ့ထားသည့် MEII အဖွဲ့ဝင် ကိုယ်စားလှယ်များ၊ ထိုင်းပညာ‌ရေးဌာန အကြီးအကဲများနှင့် ထိုင်းတက္ကသိုလ်မှ ပါ‌မောက္ခများ၊ မြန်မာပြည်ဘက်မှ ပညာ‌ရေးဝန်ကြီးဌာန၊ ၈၈ မျိုးဆက်အလုပ်သမား‌ရေး ရာဌာနနှင့် ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက် ‌ရွှေ့‌ပြောင်းအလုပ်သမားများကို ကူညီ‌ပေး‌နေသည့် အဖွဲ့နှစ်ဖွဲ့တို့မှ ကိုယ်စားလှယ်တို့ စုစု‌ပေါင်း ၈ဝဦး‌ကျော် တက်‌ရောက်ခဲ့ကြသည်။

၈၈မျိုးဆက်ငြိမ်းချမ်း‌ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အလုပ်သမား‌ရေးရာ ဒုတာဝန်ခံ မသက်သက်‌အောင်က “ကျ‌နော်တို့ဟာ ‌ရွှေ့‌ပြောင်းအလုပ်သမားကိစ္စနဲ့ပတ်သက်ပြီး သိပ်ပြီး‌တော့ မသိကြဘူး။ ဒါ‌ကြောင့် ဒီညီလာခံမှာ ‌ဆွေး‌နွေးခဲ့တဲ့ ‌ရွှေ့‌ပြောင်းအလုပ် သမား‌တွေရဲ့ အ‌ခြေအ‌နေ‌တွေကို အများကြီး သိခွင့်ရခဲ့တယ်။”ဟု ‌ပြောသည်။

၎င်းတို့အဖွဲ့အ‌နေဖြင့် ‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမားအ‌ရေးနှင့်ပတ်သက်၍ ထားရှိထားသည့် ‌ပေါ်လစီ ၁၄ချက်ဖြင့် အစိုးရအား စည်းရုံးလှုံ့‌ဆော်ခြင်းနှင့် နယ်စပ်ရှိ အဖွဲ့အစည်း အင်အားစုများ စု‌ပေါင်း၍ ‌ဆောင်ရွက်နိုင်မည့်အရာများကို လုပ်‌ဆောင်သွားရန်အ တွက် MEII ညီလာခံ တက်‌ရောက်ရခြင်းဖြစ်သည်ဟု သူမက ဆက်လက်‌ပြောဆိုသည်။

BMWEC, Thailand, All children learn Burmese, Thai and English in BMWEC Learning Centres photoလက်ရှိ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းရှိ မြို့နယ် ၅ခုအတွင်းတွင် ‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမား စာသင်‌ကျောင်း‌ပေါင်း ၇၂‌ကျောင်းရှိပြီး ‌ကျောင်းသူ‌ကျောင်းသားဦး‌ရေတစ်‌သောင်း‌ခြောက်‌ထောင်(၁၆၀၀၀)‌ကျော်ရှိသည်ဟု ‌ရွှေ့‌ပြောင်းအလုပ်သမား များ ကူညီ‌ရေးအဖွဲ့များ၏ ‌ပြောပြချက်အရ သိရသည်။

ချင်းမိုင်တက္ကသိုလ်မှ ပါ‌မောက္ခ မစ္စ‌နောင်‌ယောင်းက “‌ရွှေ့‌ပြောင်းအလုပ်သမား‌ကျောင်း‌တွေမှာ ထိုင်းအစိုးရ မလုပ်နိုင်တဲ့ ထိုင်း နိုင်ငံရဲ့ မိခင်ဘာသာစကား‌တွေ၊ ယဉ်‌ကျေးမှု‌တွေ သင်ကြား‌ပေးတယ်။ ‌နောက် အခ‌ကြေး‌ငွေ အနည်းဆုံးနဲ့ ဖြည့်စွက်ပညာ‌ရေးကို သင်ကြား‌ပေးတယ်။ ‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမားက‌လေး‌တွေအတွက် စာရိတ္တနဲ့ အခြားလိုအပ်တဲ့ လူမှု‌ရေးဆိုင်ရာ ပညာရပ် ‌တွေ သင်ကြား‌ပေးတာ သိပ်‌ကောင်းတယ်”ဟု ညီလာခံတွင် ‌ပြောကြားခဲ့သည်။

၂၀၁၃ခုနှစ်၊ ဇွန်လကလည်း MEII မှ ဦး‌ဆောင်၍ အလားတူ ညီလာခံကို ဖန်ငခရိုင်၊ ‌ခေါင်လတ်မြို့တွင် ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်ကျင်းပခဲ့ပြီးဖြစ်သည်။