Home သတင်း ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်‌ရေး ဖွဲ့စည်းပုံ ‌ရေးဆွဲသွားရန် မွန်ညီလာခံ ဆုံးဖြတ်

ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်‌ရေး ဖွဲ့စည်းပုံ ‌ရေးဆွဲသွားရန် မွန်ညီလာခံ ဆုံးဖြတ်

1877
‌အောက်တိုဘာ ၁ရက်၊ ၂၀၁၃။ ‌ကေအိုင်စီ

တိုင်းရင်းသားများ၏ တန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံ‌သော ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်‌ရေးအတွက် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ ‌ရေးဆွဲပြဌာန်းသွားရန် စက်တင်ဘာ ၂၈ရက်မှ ၃ဝရက်‌နေ့အထိ ကျင်းပခဲ့သည့် မွန်အမျိုးသားညီလာခံက ဆုံးဖြတ်ခဲ့‌ကြောင်း ညီလာခံဖြစ်‌မြောက်‌ရေး‌ကော်မတီ ဥက္ကဌ ‌ဒေါက်တာ မင်းကြည်ဝင်းက ‌ပြောသည်။

‌ဒေါက်တာမင်းကြည်ဝင်းက “ကွန်ဖရင့်ကို တက်‌ရောက်လာကြတဲ့ ကိုယ်စားလှယ်‌တွေ သုံးရက်‌ဆွေး‌နွေးကြတယ်။ ဒီ‌ဆွေး‌နွေး ထားတဲ့အချက်‌တွေကို အ‌ခြေခံပြီး‌တော့ ‌နောက်ဆုံးရလဒ်အ‌နေနဲ့ ကျ‌နော်တို့ ကွန်ဖရင့်(ညီလာခံ)က‌နေပြီး‌တော့ အချက် ၅ချက် ကို သ‌ဘောတူ ဆုံးဖြတ်ခဲ့ကြတယ်။”ဟု ‌ပြောသည်။

မွန်ပြည်သစ်ပါတီ၊ မွန်ဒီမိုက‌ရေစီပါတီနှင့် မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီတို့ ဦး‌ဆောင်ကာ မွန်ပြည်နယ် ‌မော်လမြိုင်မြို့ရှိ ပြည်နယ်ခမ်းမတွင် ၃ရက်တာ ပြုလုပ်ကျင်းပခဲ့သည့် ပထမဆုံးအကြိမ် မွန်အမျိုးသားညီလာခံကို မွန်အမျိုးသားလုံးဆိုင်ရာ ညီလာခံကြီး ကျင်းပပြုလုပ်နိုင်ရန်၊ မွန်အမျိုးသားလုံး စည်းလုံးညီညွှတ်‌စေရန်၊ မွန်‌ဒေသအတွင်း ‌ရေရှည်ခိုင်မြဲ‌သော ငြိမ်းချမ်း‌ရေး တည်‌ဆောက်သွားနိုင်ရန်နှင့် မွန်အမျိုးသားများ ဘက်စုံကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်‌စေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်ဟု ဖြစ်‌မြောက်‌ရေး‌ကော်မတီက ‌ပြောသည်။

၎င်းညီလာခံတွင် ပင်လုံညီလာခံကဲ့သို့‌သော တိုင်းရင်းသားအားလုံး ကိုယ်စားပြုပါဝင်သည့် ညီလာခံကြီးတရပ် လျင်မြန်စွာ ကျင်းပသွားရန်၊ ၂၀၁၄နှစ်ဆန်းပိုင်းတွင် မွန်အမျိုးသားဆိုင်ရာညီလာခံကြီးတစ်ရပ် ကျင်းပသွားရန်နှင့် ဖက်ဒရယ်စနစ်ကို အ‌ခြေ ခံပြီး ဒီမိုက‌ရေစီနည်းကျသည့် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို ပြုပြင်ရန် သို့မဟုတ် အသစ်‌ရေးဆွဲသွားရန်တို့ကို ‌ဆွေး‌နွေးခဲ့ကြသည်။

ညီလာခံဖြစ်‌မြောက်‌ရေးနာယက နိုင်တင်‌အောင်က “လက်ရှိဖွဲ့စည်းပုံက ကျ‌နော်တို့ တိုင်းရင်းသား‌တွေအတွက် တန်းတူ‌ရေးနဲ့ ရပိုင်ခွင့် ဘာမှမရှိဘူး။ ဒီမိုက‌ရေစီသွားဖို့လည်း မပြည့်စုံသလို တိုင်းရင်းသား‌တွေရဲ့ အမျိုးသား‌ရေးပြဿနာကို ‌ဖြေရှင်းဖို့လည်း မပြည့်စုံဘူး။ ဒီမပြည့်စုံတာကို ဖာ‌ထေးရုံနဲ့ မရဘူး။ အသစ်ပြန်လည် ‌ရေးဆွဲမှပဲ တစ်ပြည်လုံး လိုအပ်ချက်နဲ့ ကိုက်ညီမယ်”ဟု ဆို သည်။

၎င်းအပြင် ညီလာခံ၌ မွန်ပါတီနှစ်ပါတီ ‌ပေါင်းစည်း‌ရေး၊ မွန်စာ‌ပေသင်ကြား‌ရေး၊ မွန်‌ဒေသဖွံ့ဖြိုးတိုးတက်‌ရေးတို့ကိုလည်း ‌ဆွေး‌နွေး ခဲ့ကြသည်။

မွန်အမျိုးသားညီလာခံသို့ ပြည်တွင်းပြည်ပရှိ မွန်အဖွဲ့အစည်းများမှ မွန်ကိုယ်စားလှယ်များအပြင် အစိုးရ၏ ပြည်‌ထောင်စု ငြိမ်း ချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးအလုပ်အဖွဲ့ ဒုဥက္ကဋ္ဌ ဦး‌အောင်မင်း၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ ၈၈မျိုးဆက်‌ကျောင်းသား‌ခေါင်း ‌ဆောင် ကိုမင်းကိုနိုင်၊ ကို‌ဇေယျတို့ အပါအဝင် လူဦး‌ရေ စုစု‌ပေါင်း ၄၀ဝနီးပါး တက်‌ရောက်ခဲ့ကြသည်။