ဇူလိုင်လ ၁ဝရက်၊ ၂၀၁၃ခုနှစ်။ နော်ဆဲကလယ် (ကေအိုင်စီ)
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်းရှိ မူလတန်းကျောင်းများတွင် ကျောင်းသူကျောင်းသားများထံမှ လစဉ်ကြေးများ ကောက်ခံလျက်ရှိသည်ဟု ကျောင်းသားမိဘများက ကေအိုင်စီသို့ ပြောသည်။
အဆိုပါမြို့နယ်ရှိ ထူဒူငံသကျေးရွာ အမှတ်(၈) မူလတန်း(အမက-၈)ကျောင်း၌ အနိမ့်ဆုံးအဆင့် သူငယ်တန်းမှစ၍ အတန်း တိုင်းတွင် လစဉ်ကြေးကျပ် ၃၀ဝစီ ပေးသွင်းနေကြရပြီး ကျောင်းစတင်အပ်နှံစဉ်က နိုင်ငံတော်မှပေးသည့် ကျောင်းသားတစ် ဦးလျှင် ထောက်ပံ့ငွေ တစ်ထောင်ကျပ်စီကိုလည်း ကျောင်းသားများက မရရှိကြကြောင်း ရပ်မိရပ်ဖတစ်ဦးက ရှင်းပြသည်။
“ကျမတို့က လစဉ်ကြေးကျပ် ၃၀ဝကို မပေးနိုင်လို့ မဟုတ်ပါဘူး။ နိုင်ငံတော်က ကျောင်းသားတွေကို အခမဲ့ပညာရေး လုပ် တယ်ဆိုတာကို သတင်းတွေ နားထောင်ထားလို့ သိရလို့ မပေးတာပါ။ အခြားကျောင်းတွေကလည်း ဒီလိုပဲ ကောက်တယ် လို့ ပြောကြတယ်။”ဟု ထူဒူငံသကျေးရွာရှိ မူလတန်းကျောင်းသူ၏ မိဘတစ်ဦးက ဆိုသည်။
၎င်းအမက(၈)ကျောင်းတွင် ကျောင်းသူကျောင်းသားပေါင်း ၁၅ဝဦးကျော်ရှိပြီး ကယန်း၊ ကယော၊ မနော၊ ရှမ်း တိုင်းရင်းသား ကလေးငယ် အများဆုံး ပညာသင်ကြားနေခြင်း ဖြစ်သည်။
ယင်းသို့ လစဉ်ကြေး ကောက်ခံမှုအပေါ် သူငယ်တန်း အတန်းပိုင်ဆရာမအား ကျောင်းသားမိခင်တစ်ဦးက သွားရောက်မေး မြန်းရာတွင် ကျောင်းအုပ်ဆရာမကြီးမှ ကောက်ခံခိုင်းသဖြင့် ကောက်ရခြင်းဖြစ်ကြောင်း ရှင်းပြသည်ဟု သိရသည်။
လွိုင်ကော်မြို့မှ ဆိုင်ကယ်ဖြင့် ၁၅မိနစ်ခန့် မောင်းနှင်ရသည့် ထူဒူငံသကျေးရွာကို ၂၀၁၃ခုနှစ်မှစတင်၍ လွိုင်ကော်မြို့၏ စည်ပင်နယ်နမိတ်အတွင်း ပါဝင်ကြောင်း သတ်မှတ်ခဲ့သည်။


















