ဇွန်လ ၇ရက်၊ ၂၀၁၃ခုနှစ်။ နော်ဆဲကလယ် (ကေအိုင်စီ)
ဖားအံမြို့ရှိ ၈၈ မျိုးဆက်ကျောင်းသားများ သည် ပြန်လည်တွေ့ဆုံ စုစည်း၍ ရန်ကုန်မြို့၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ကျောင်းသားတို့နှင့် ချိတ်ဆက်ကာ အလုပ်လက်တွဲလုပ်ဆောင် သွားမည်ဖြစ်ကြောင်း နိုင်ငံရေးအ ကျဉ်းသား ဟောင်းဖြစ်သူ ၈၈ မျိုး ဆက်ကျောင်းသားဟောင်း ကိုကျော်ခင် က ပြောသည်။
“ကျနော်တို့ တခြား ၈၈ အမည်ခံ နို်င်ငံရေးပါတီတွေနဲ့ မရောထွေးစေချင်ဘူး။ ဒါကြောင့် လူပြန်စုပြီး အဖွဲ့ပြန်ဖွဲ့ဖို့ လုပ်နေတာပါ။ ပြီးရင် ကိုမင်းကိုနိုင်တို့နဲ့ ချိတ်ပြီး အလုပ်တွေလုပ်သွားမယ်။ ကျနော်တို့မြို့မှာ တကယ်အနစ်နာခံခဲ့တဲ့ တကယ်အလုပ်လုပ်ခဲ့ကြ တဲ့လူတွေ ရှိတယ်။ သူတို့တွေကို ပြန်လက်တွဲခေါ်သွားမယ်”ဟု ကိုကျော်ခင်က ကေအိုင်စီသို့ ပြောဆိုသည်။
ဖားအံမြို့ရှိ ၈၈ ကျောင်းသားများမှာ ပညာရေးဖောင်ဒေးရှင်း၊ ပညာရေးပြုပြင်ပြောင်းလဲရေးဆိုင်ရာများ၊ Social Capacity Building အပြင် ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ပါဝင်ကူညီဆောင်ရွက်ပေးနေခဲ့ကြသူများဖြစ်ကြောင်း သိရသည်။
၈၈ ကျောင်းသားတစ်ဦးဖြစ်သော ကိုမြင့်အောင်ကလည်း “လက်ရှိ ကျနော်တို့ လုပ်နေတာတွေကိုပဲ ဆက်လုပ်နေဆဲပါ။ ကျနော် တို့ကို ရွေးကောက်ပွဲကော်မရှင်ကလည်း ခဏခဏ ခေါ်မေးနေတယ်လေ။ ကျနော်တို့ ပါတီ မထောင်ပါဘူး”ဟု ဆက်လက် ရှင်းပြသည်။
ဖားအံမြို့ရှိ ၈၈ ကျောင်းသားသုံးဦးက လာမည့် ဇွန်လ ၁ဝရက်နေ့တွင် ရန်ကုန်မြို့၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အ ဖွဲ့အစည်းရုံးသို့ သွားရောက်၍ တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်ဟု သိရသည်။