ဖေဖော်ဝါရီလ ၁ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့၏ သတင်းထုတ်ပြန် ချက်များတွင် ကချင်လွတ်မြောက်ရေးအဖွဲ့-KIO အား တဖက်သတ် အပြစ်ပုံချထားသည်ဟု KIO မှ ယနေ့ ကြေညာချက် ထုတ် ပြန်ထားသည်။
အဆိုပါထုတ်ပြန်ချက်တွင် အချက် ၇ချက်ပါရှိပြီး ထိုအထဲတွင် အစိုးရအနေဖြင့် KIO အား အပြစ်ပုံကာ သတင်းထုတ်ပြန်ထား သော်လည်း KIO အနေဖြင့် နှစ်ဖက်အကြား ဖြစ်ပွားသည့် တိုက်ပွဲသတင်းများ ထုတ်ပြန်ကြေညာခြင်း မပြုသည်မှာ မလိုလား အပ်သည့် တင်းမာမှုမဖြစ်ပွားရန် ရှောင်လွှဲခြင်း ဖြစ်သည်ဟု ထည့်သွင်းထားသည်။
ထို့အပြင် KIO ၏ နံပါတ် ၄အချက်အရ အစိုးရထုတ်ပြန်ခဲ့သည့် (၃/၂၀၁၃) ၂၀၁၃ခုနှစ်၊ ဇန်နဝါရီလ ၁၈ရက်နေ့က ထုတ်ပြန် ချက် အမှတ်စဉ် (၃)တွင် တစ်ဘက် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် KIO/KIA မှ လာရောက်ခြင်းမရှိဘဲ နိုင်ငံတော်အစိုးရမှ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ခြင်းနှင့် ရွှေလီဆွေးနွေးပွဲကို ပျက်ပြားစေခဲ့ခြင်းဟု ဖော်ပြခဲ့ခြင်းအပေါ် မဟုတ်မမှန်ကြောင်း ဖော်ပြ ထားသည်။
KIO ၏ ဖော်ပြပါအချက်များအပေါ် သမ္မတ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဌာန ဒုဝန်ကြီး ဦးရဲထွဋ်က ၎င်း၏ ဖေ့စ်ဘုတ်စာ မျက်နှာတွင် “အပိုဒ် ၁၊ ၂၊ ၃ နဲ့ ၄ နဲ့ ပတ်သက်ပြီး သီးခြားမှတ်ချက်ပေးရန် မရှိပါဘူး။ အပိုဒ် ၅၊ ၆၊ ၇ ပါ အချက်များနဲ့ ပတ်သက် ပြီး နိုင်ငံတော် အစိုးရနဲ့ တပ်မတော်က ယခင်ထဲက ထုတ်ပြန်ကြေညာပြီးဖြစ်တဲ့အတွက် KIO ဘက်က အလားတူ ထုတ်ပြန်ကြေ ညာမှုအပေါ် ကြိုဆိုပါတယ်”ဟု တုံ့ပြန်ပြောဆိုထားသည်။
KIO ကြေညာချက်တွင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်သာ အဖြေရှာနိုင်မည်ဟု ယုံကြည်ကြောင်း၊ စစ်မှန်သော ငြိမ်း ချမ်းရေးအတွက် အကူအညီပေးနိုင်မည့် အဖွဲ့အစည်းနှင့် နိုင်ငံများအား ကူညီဆောင်ရွက်ပေးရန် အကူအညီ တောင်းခံသွားမည် ဖြစ်ကြောင်းနှင့် လက်ရှိ ကချင်ဒေသအတွင်း အစိုးရတပ်၏ ထိုးစစ်ရပ်ဆိုင်းသွားပါက KIA ဘက်မှလည်း ပြဿနာဖြစ်ပွားနိုင်မည့် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်မည် မဟုတ်ကြောင်း ပါရှိသည်။
လက်ရှိအခြေအနေအထိ ကချင်ပြည်နယ်ရှိ အချို့နေရာများတွင် ကချင်လွတ်လပ်ရေးတပ်မတော်-KIA နှင့် မြန်မာအစိုးရစစ်တပ် တို့အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပေါ်လျှက်ရှိသည်ဟု KIO က ဆိုသည်။
ဇန်နဝါရီလ ၂၇ရက်နေ့က အစိုးရပိုင် မြန်မာ့အလင်းသတင်းစာတွင် “မြစ်ကြီးနား-ပူတာအို ကားလမ်းပေါ်၌ KIA အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်၊ အပြစ်မဲ့အရပ်သားတစ်ဦးသေဆုံး”ခေါင်းစဉ်ပါ KIA ကို စွပ်စွဲထားသော သတင်းတစ်ပုဒ်ကို ဓါတ်ပုံ မှားယွင်း ဖော်ပြခဲ့ မှုအပေါ်လည်း ဦးရဲထွဋ်က တောင်းပန်စကား ပြောဆိုခဲ့သည်။