Home သတင်း ပဲခူးတိုင်းတွင် မြို့နယ် ၂၈ခု စု‌ပေါင်း၍ ကရင်နှစ်သစ်ကူး ကျင်းပမည်

ပဲခူးတိုင်းတွင် မြို့နယ် ၂၈ခု စု‌ပေါင်း၍ ကရင်နှစ်သစ်ကူး ကျင်းပမည်

2080
ဇန်နဝါရီလ ၂ရက်၊ ၂၀၁၃ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

ပဲခူးတိုင်းတွင်းရှိ မြို့နယ် ၂၈မြို့နယ် စု‌ပေါင်း၍ ကရင်နှစ်သစ်ကူးအလံတင် အခမ်းအနားကို စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင် ရန် စီစဉ်လျှက်ရှိ‌ကြောင်း ပွဲကျင်းပ‌ရေး‌ကော်မတီ ဥက္ကဌ ‌စောကီးဒိုက ‌ပြောသည်။

ယခုလ ဇန်နဝါရီ ၁၂ရက်‌နေ့၌ ကျ‌ရောက်မည့် ၇၅နှစ်‌မြောက် ကရင်နှစ်သစ်ကူးပွဲ‌တော်ကို ‌ကျောက်ကြီးမြို့၊ ‌မေတ္တာရပ်ကွက်ရှိ နှစ်ခြင်းခရစ်ယာန် ဘုရား‌ကျောင်းဝင်း‌ရှေ့ သာသနာကွင်းတွင် ပြုလုပ်မည်ဖြစ်ပြီး ‌ကော်မတီ ၅ဖွဲ့တို့မှ တာဝန်ယူ ကျင်းပသွားမည် ဖြစ်သည်။

“ကျ‌နော်တို့ ဒီပွဲကို လူဦး‌ရေ ၃,၀၀၀‌ကျော်‌လောက် ခန့်မှန်းထားပါတယ်။ ဒီနှစ်တင်မက ‌နောက်နှစ်‌တွေထိတိုင် အခုလို ဆက် လက်ပြီး ကျင်းပနိုင်ဖို့ ရည်ရွယ်သလို KNU နဲ့ အစိုးရကြား ငြိမ်းချမ်း‌ရေး ပိုမိုခိုင်မာဖို့အတွက် ရည်ရွယ်ပြီး ပြုလုပ်တာ ဖြစ်ပါတယ်” ဟု ‌စောကီးဒိုက ‌ပြောသည်။

ထို့အပြင် နှစ်သစ်ကူးပွဲ‌တော်သို့ တိုင်း‌ဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ KNU ကိုယ်စားလှယ်တစ်ဦး၊ ပါတီအဖွဲ့အ စည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ လူမှု‌ရေးအဖွဲ့အစည်းများ၊ ဘာသာ‌ရေးအဖွဲ့အစည်းများကို ဖိတ်ကြားထား‌ကြောင်း သိရ သည်။

‌ကျောက်ကြီးမြို့ခံ ‌စောအဲမူးက “အရင်နှစ်‌တွေက‌တော့ ကိုယ့်မြို့နယ်မှာပဲ သပ်သပ်စီလုပ်ကြပါတယ်။ အခု ဒီလို‌ပေါင်းလုပ်‌တော့ ‌ကောင်းတယ်။ စည်းလုံးမှုရှိတဲ့သ‌ဘောလည်း ပါတာ‌ပေါ့။ မီဒီယာအ‌နေနဲ့က SKY NET လာမယ်လို့ သိရတယ်။ ကျ‌နော်တို့ ကရင် ရိုးရာ‌တွေကို တနိုင်ငံလုံး သိရတာဖြစ်လို့ ‌ကျေနပ်ပါတယ်”ဟု ဆိုသည်။

ပဲခူးတိုင်းရှိ ကရင်နှစ်သစ်ကူးပွဲ‌တော် ဖြစ်‌မြောက်‌ရေးအတွက် ပဲခူးတိုင်း ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌စောဂျူးဗလီစံလှ အပါ အဝင် လျှပ်စစ်ဝန်ကြီး၊ ဆက်သွယ်‌ရေးဝန်ကြီး စသည့်‌ခေါင်း‌ဆောင် ၁၁ဦးတို့မှ ဦး‌ဆောင်ကျင်းပသွားမည်ဟု သိရသည်။