ဇန်နဝါရီလ ၁၄ရက်၊ ၂၀၁၃ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ JaGuar(ဂျာဂွါ) စတီးစက်ရုံတွင် ထိုင်းအလုပ်ရှင်မှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁ဝဦး ကို အလုပ်ထုတ်ပယ်ခဲ့၍ ယခုလ ၄ရက်နေ့က ကျန်အလုပ်သမားများ ဆန္ဒထုတ်ဖော်မှုဖြစ်ပွားကာ မြန်မာရွှေ့ပြောင်း ကူညီပေးနေသည့် အဖွဲ့အစည်းများ၏ ကြားဝင်ကူညီပေးမှုကြောင့် ပြေလည်မှု ပြန်လည်ရရှိခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည် ရက်ပိုင်းအတွင်းက စတီးစက်ရုံ အလုပ်ရှင်သည် ယင်းအလုပ်သမား ၁ဝဦးကို ဘန်ကောက်မြို့ရှိ ပင်မစက် ရုံသို့ သွားရောက်ရန် စေခိုင်းပြီး လိုက်လျှောမှု မရှိခဲ့သဖြင့် အလုပ်မှရပ်နားပြီးနောက် ယနေ့ နံနက် ၉နာရီကျော်တွင် ကျန်အလုပ်သမားများ ၁၂ဝဦးက စုပေါင်းဆန္ဒပြခဲ့ရာ အလုပ်သမားကူညီပေးနေသည့် အဖွဲ့များ၏ ကြားဝင်ကူညီပေး ခဲ့ခြင်းဖြစ်သည်။
မဲဆောက် အခြေစိုက် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့မှ ဥပဒေတာဝန်ခံ ကိုထွေးနိုင်က “ဥပဒေအရ ကြည့်မယ်ဆို လည်း အလုပ်သမားသဘောဆန္ဒမပါပဲနဲ့ ခရိုင်တစ်ခုကိုကျော်ပြီး ပြောင်းပိုင်ခွင့် မရှိဘူး။ စက်ရုံတရုံလုံး ပြောင်းသွား တဲ့တိုင်အောင် အလုပ်သမားတွေက မလိုက်ဘူးဆိုရင် ကျန်ခဲ့တဲ့ အလုပ်သမားတွေအတွက် နစ်နာကြေးက ပေးရ တယ်ဆိုတာမျိုးတွေ ကျနော်တို့ အလုပ်ရှင်နဲ့ဆွေးနွေးတော့ အလုပ်ရှင်ဘက်ကလည်း ဘာမှမပြောတော့ဘူး”ဟု ပြောသည်။
ဆက်လက်၍ ၎င်းတို့၏ ကြားဝင်ဖြေရှင်းပေးမှုတွင် ထုတ်ပယ်ခံထားရသည့် အလုပ်သမား ၁ဝဦးအနက် ၈ဦးမှာ အလုပ်ပြန်လည်လုပ်ကိုင်နေပြီ ဖြစ်သော်လည်း ကျန်နှစ်ဦးမှာ အသက်ကြီးသူတစ်ဦးနှင့် ယာယီနိုင်ငံကူးလက်မှတ်၊ တရားဝင် အလုပ်သမားလက်မှတ်မရှိသဖြင့် အလုပ်မှ ရပ်နားခြင်းခံရလိုက်ကြောင်း ကိုထွေးနိုင်က ဆက်ပြောသည်။
JaGuar စက်ရုံမှ အလုပ်သမားတစ်ဦးက “သူတို့ ဒီမှာ အလုပ်လုပ်နေတာ တနေ့လုပ်အားခ ဘတ် ၃၀ဝ ရတယ်။ ဘန်ကောက်သွားလည်း လစာက ပိုမတိုးလာဘူးလေ။ နောက်ပြီး ဟိုမှာက အကုန်အကျစရိတ်ကလည်း ပိုများတယ်။ သူတို့ရဲ့ ကလေးတွေကလည်း ဒီမှာကျောင်းတက်နေကြတော့ မသွားချင်ကြဘူး”ဟု ပြောသည်။
ထို့အပြင် စက်ရုံပိုင်ရှင်မှ ယခုကဲ့သို့ အလုပ်သမားများကို ဘန်ကောက်သို့ ပို့ဆောင်ရန် စတင်ကြိုးပမ်းလာမှုကြောင့် မသွားရောက်သူများကို အလုပ်မှထုတ်ပယ်လိုက်မှုမျိုးကို ထပ်မံဖြစ်ပွားမည်ကို အလုပ်သမားများက စိုးရိမ်ပူပန်နေကြသည်။
JaGuar စက်ရုံသည် အဓိကအားဖြင့် ထမင်းအိုး၊ ဟင်းအိုး၊ ဇွန်း၊ စတီးပန်းကန် စသည့်အိမ်သုံးစတီးပစ္စည်းများ ထုတ် လုပ်ပြီး ၎င်းစက်ရုံမှ ထွက်ပေါ်သည့်စက်သံများမှာ ဆူညံလွန်းသဖြင့် အနီးပတ်ဝန်းကျင်ရှိ အိမ်အတော်များများ၏ အုတ်တံတိုင်းများ အက်ကွဲ၍ အိမ်နီးချင်းအိမ်ပိုင်ရှင်များနှင့် စက်ရုံပိုင်ရှင်တို့အကြား အဆင်မပြေမှုများ မကြာခဏ ဖြစ်နေကြောင်း ကိုထွေးနိုင်က ဆိုသည်။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှ စတင်ပြီး ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများကို တစ်နေ့တာလျှင် လုပ်အားခ ဘတ် ၃၀၀ပေးရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ သတ်မှတ်လိုက်ပြီးနောက် အလုပ်သမား အင်အား လျော့နည်းလာသည့်အတွက် ကျန်ရှိနေသည့် အလုပ်သမားများကို ၎င်းတို့၏ပင်မစက်ရုံများရှိသည့် ဘန်ကောက်သို့ မဲဆောက်အလုပ်ရှင်များက ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။