ဇန်နဝါရီလ ၁၅ရက်၊ ၂၀၁၃ခုနှစ်။ နော်ဆဲကလယ် (ကေအိုင်စီ)

ကျိုင်းတုံဒေသမှ လယ်ကွင်းတစ်ခု

ပုလဲသွယ်စပ်မျိုးစပါးများကို အစိုးရ စီမံချက်ဖြင့် စိုက်ပျိုးရမည်ဆိုပါက တောင်သူများ ခက်ခဲနိုင်သဖြင့် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း သျှမ်းပြည်နယ် ကျိုင်းတုံမြို့မှ ဆန်စပါးအသင်းဥက္ကဌ ဦးအောင်ဖြူက ယခုရက်ပိုင်းအတွင်း၌ ပြောကြားလိုက်သည်။
ဦးအောင်ဖြူက “ကျနော်တို့ ဒီအမျိုးတွေကိုယူပြီး တရုတ်နိုင်ငံ ကျင်းဟိုက တရုတ်ဝယ်လက်တွေကို သွားပြခဲ့ပါတယ်။ သူတို့ဆန်က ချက်ရင် မာတယ်။ ပရိုတင်းနည်းတယ်လို့ပြောပြီး မဝယ်ဘူးလို့ ပြောပါတယ်။ တောင်သူတွေဟာ ကိုယ့်မြေမှာ ကိုယ့် စပါးနဲ့ အဆင်ပြေနေကြပါတယ်။ စားသုံးတဲ့ဆန်နဲ့ ရောင်းချတဲ့ဆန်ကလည်း တမျိုးတည်းပဲ စိုက်ပျိုးလာကြတာပါ”ဟု ဆိုသည်။
ကျိုင်းတုံမြို့နယ်ရှိ တောင်သူများက အဓိကအားဖြင့် မှော်ဘီ (၃)၊ ရွှေရင်အေး၊ ၂၀၃ မျိုးစပါးများကိုသာ စိုက်ပျိုးကြပြီး ၅၂မိုင် သာ ကွာဝေးသောနယ်စပ်ဒေသ တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် အဆင်ပြေလျှက်ရှိကြောင်း သိရသည်။
စီမံချက်ဖြင့် စို်က်ရမည်ဆိုပါကလည်း နိုင်ငံတော်မှ ဈေးကွက်ရှာပေးမှသာလျှင် အဆင်ပြေနိုင်မည်ဖြစ်ကြောင်း၊ မဖြစ်မနေ စိုက်ပျိုးရမည်ဆိုပါက လည်း တောင်သူများခက်ခဲနိုင်သဖြင့် ညှိနှိုင်းသင့်ကြောင်း ၎င်းဒေသမှ စပါးစိုက် တောင်သူတစ်ဦးဖြစ်သည့် ဦးစိုင်းတွီက ဆိုသည်။
သို့သော် အစိုးရ၏ စီမံကိန်းအကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ ကျိုင်းတုံစိုက်ပျိုးရေးဌာနသို့ ဆက်သွယ်မေးမြန်းရာတွင် လက်ထောက်ဦးစီးမှုး ဦးမြင့်ဇော်ထွေးက “တောင်သူတွေရဲ့သဘောပါပဲ။ သူတို့ကြိုက်ရင် စိုက်ပါ။ မကြိုက်ရင်လည်း မစိုက်ဘဲ နေလို့ရပါတယ်”ဟု ရှင်းလင်းပြောဆိုသည်။
ကျိုင်းတုံမြို့နယ်မှာ ဆန်စိုက်ဧက ၇၆,၉၄၄ ဧက ရှိ၍ လူဦးရေထက်ဝက်ခန့်မှာ တောင်သူလယ်သမားများဖြစ်ပြီး ဆန်စပါး ရောင်းချခွင့် လိုင်စင် (၈)ခုအား ၂၀၁၂ အောက်တိုဘာလတွင် ချပေးခဲ့သည်ဟု သိရသည်။


















