ဇန်နဝါရီလ ၁ဝရက်၊ ၂၀၁၃ခုနှစ်။ စောထွန်းလင်း
ဆွေးနွေးပွဲများ ဖြစ်ပေါ်လာစေရန် ယခုဖြစ်နေသည့် ကချင်ဒေသအတွင်းရှိ စစ်ပွဲအရှိန်ကို လျှော့ချပေး ရန်လိုကြောင်း ကချင်လွတ်မြောက်ရေး တပ်မတော်-KIA နှင့် သွားရောက်တွေ့ဆုံခဲ့သည့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးမှ ယမန်နေ့ က ပြောကြားခဲ့သည်။
ဇန်နဝါရီလ ၃နေ့က ကိုမြအေးဦးဆောင်သည့် ၈၈ ကျောင်းသားအဖွဲ့သည် KIA ၏ ဌာနချုပ်လိုင်ဇာသို့ ရောက်ရှိကာ KIA ဒုစစ်ဦး စီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နှင့် KIO ပြောခွင့်ရ ဦးလနန်တို့အား တွေ့ဆုံဆွေးနွေးပြီးနောက် ရန်ကုန်သို့ပြန်ရောက် ယမန်နေ့က တောင်ဥက္ကလာပမြို့နယ်၊ ဝေဇနရာလမ်းမရှိ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့၏ ရုံးခန်း၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကိုမြအေးက ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
“လိုင်ဇာမှာ ဗိုလ်ချုပ်ဂွမ်မော်၊ ဦးလနန်တို့နဲ့ ၂နာရီကျော်ကြာ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖြစ်ပါတယ်။ KIA အနေနဲ့ ဆွေးနွေးဖြေရှင်းမှရမယ်ဆိုတဲ့ မူဝါဒကို ကိုင်ထားဆဲလို့ ပြောတယ်။ အစိုးရအနေနဲ့ ဆွေးနွေးပွဲဖြစ်ပေါ်လာစေဖို့ စစ်ပွဲအရှိန်ကို ချပေးဖို့နဲ့ နိုင်ငံရေးပဋိပက္ခတွေကို ဖြေရှင်းမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ပါမယ်ဆိုတဲ့ ကတိကဝတ် အာမခံချက်တစုံတရာ ပေးနိုင်ရင် ဆွေးနွေးပွဲတွေပြန်စမယ်လို့ KIA ပြောတဲ့အတိုင်းပဲ ကျနော် ပြန်ပြောပါရစေ”ဟု ကိုမြအေးက ပြောသည်။
ထို့အပြင် အရေးကြီးဆုံးအချက်မှာ KIA အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် လက်ရှိ တိုက်ပွဲအရှိန်အဟုန်ကြောင့် မဖြစ် နိုင်သေးသော်လည်း ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ-UNFC နှင့် အစိုးရ ဆွေးနွေးသည့်အခါတွင် KIA အနေဖြင့် တက်ရောက်မည်ဖြစ်ကြောင်းကို မိမိတို့အား ပြောကြားခဲ့သည်ဟုလည်း ကိုမြအေးက ဖြည့်စွက်ပြောဆိုသည်။
၎င်းတွေ့ဆုံခဲ့မှုတွင် KIA မှ ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း ၂၇ဦးအား ပြန်လည်လွှဲပြေင်းပေးရေးအတွက် နှစ်ဦးနှစ်ဖက် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
ကချင်ပြည်နယ်ခရီးစဉ်အတွင်း လိုက်ပါသွားခဲ့သူ မစန်းစန်းမော်ကလည်း KIA ထိန်းချုပ်ဒေသများရှိ စစ်ဘေးဒုက္ခသည်စခန်းများ သို့ သွားရောက်လေ့လာခဲ့ပြီး ယင်းစခန်းများတွင် ဝမ်းရောဂါ၊ အအေးမိရောဂါ ဖြစ်ပွားမှုများရှိသလို ယခင်က ဒုက္ခသည်များအတွက် စားနပ်ရိက္ခာ အထောက်အပံ့ ပြည့်ဝမှုများရှိခဲ့သော်လည်း ယခုအခါ ဆန်နှင့် ဆားကိုသာ ထောက်ပံ့ပေးနိုင်တော့သည်ဟု ပြောဆိုသည်။
ဒုက္ခသည်စခန်းများတွင် ကျောင်းတက်နေသည့် ကျောင်းသူကျောင်းသားများသည် လက်နက်ကြီးသံများကြောင့် စာသင်ကြား ရေးကို စိတ်မဝင်စားကြောင်း၊ စာသင်ကြားရာတွင်လည်း စာအုပ်စာစောင်များ လိုလောက်မှု မရှိကြောင်းနှင့် အခြားလှူဖွယ်ရာများ ရှိပါက ၎င်းတို့ ၈၈ အဖွဲ့ထံသို့ လာရောက်လှူဒါန်းနိုင်ပြီး အလှူပစ္စည်းများကို လိုင်ဇာအရောက် တာဝန်ယူ ပို့ပေးသွားမည်ဖြစ် ကြောင်း အဖွဲ့ဝင်တစ်ဦးဖြစ်သူ မမီမီလွင်ကလည်း သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။
KIA ထိန်းချုပ်နယ်မြေအတွင်းတွင် တိုက်ပွဲများပြင်းထန်လာသည်နှင့်အမျှ လက်ရှိအချိန်၌ စစ်ဘေးဒဏ်ကြောင့် ထွက်ပြေးတိမ်း ရှောင်နေရသည့် ဒုက္ခသည်ဦးရေ ၁သိန်းကျော်ရှိနေပြီဖြစ်ဟု ကချင်ဒုက္ခသည်များကို သွားရောက်ကူညီပေးနေသော လူမှုရေးအ ဖွဲ့များ၏ ပြောပြချက်အရ သိရသည်။