Home သတင်း KKO ဥက္ကဌနှင့် အတွင်း‌ရေးမှူးအား တာဝန်မှ ရပ်ဆိုင်းခဲ့မှုအ‌ပေါ် KCM မှ ဗိုလ်ချုပ်‌စောလားပွယ်အား ရှုတ်ချ

KKO ဥက္ကဌနှင့် အတွင်း‌ရေးမှူးအား တာဝန်မှ ရပ်ဆိုင်းခဲ့မှုအ‌ပေါ် KCM မှ ဗိုလ်ချုပ်‌စောလားပွယ်အား ရှုတ်ချ

1958
စက်တင်ဘာလ ၂၆ ရက်၊ ၂၀၁၂ ခုနှစ်။ ဖိုးခွါး‌လေး (‌ကေအိုင်စီ)


ကလို့ထူး‌ဘောကရင်အစည်းအရုံး-KKO ဥက္ကဌ မန်း‌ရောဘတ်ဘဇန်နှင့် အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌စောဂုဏ်‌အောင်တို့အား နာယက ဗိုလ်ချုပ်‌စောလားပွယ်က တာဝန်မှ ရပ်ဆိုင်းလိုက်ခြင်းသည် ကျိုး‌ကြောင်းဆီ‌လျော်မှု မရှိ‌ကြောင်း အ‌မေရိကန်ပြည်‌ထောင်စု အ‌ခြေစိုက် ကရင်လူမှုအဖွဲ့မီနီဆိုးတား(KCM) က စက်တင်ဘာလ ၂၂ရက်က သ‌ဘောထား‌ကြေညာချက် ထုတ်ပြန်ကာ ရှုတ်ချလိုက်သည်။

ယခုလ စက်တင်ဘာလ ၁၁ရက်‌နေ့၌ KKO ၏ နာယကဖြစ်သူ ဗိုလ်ချုပ်‌စောလားပွယ်(ဗိုလ်နှုတ်ခမ်း‌မွှေး)က ၎င်းတို့နှစ်ဦးအား ပြည်ပနိုင်ငံ သား ခံယူထားသူဖြစ်‌သော‌ကြောင့် တာဝန်မှ ‌ခေတ္တအနား‌ပေးလိုက်သည်ဟု ထုတ်ပြန်ခဲ့‌သော်လည်း ၎င်းတို့မဖွဲ့စည်းခင်ကတည်းက ထိုပုဂ္ဂိုလ်များမှာ ပြည်ပနိုင်ငံသားခံယူထားသူများဖြစ်သည်ကို သိလျက်နှင့် ပါဝင်‌စေခဲ့သည့်အ‌ပေါ် အ‌ကြောင်းပြမှုမှာ ဆီ‌လျော်မှု မရှိ‌ကြောင်း KCM ၏ ထုတ်ပြန်ချက်၌ ‌ဖော်ပြထားသည်။

၎င်းထုတ်ပြန်ချက်၌ KCM က “‌စောလားပွယ်၏ လုပ်‌ဆောင်ချက်သည် ဒီမိုက‌ရေစီကျင့်စဉ်လမ်း‌ကြောင်းနှင့် ‌သွေဖီ၍ စစ်အာဏာရှင်၏ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်‌ဆောင်ခြင်းဖြစ်ပြီး ယင်းလုပ်ရပ်‌ကြောင့် DKBA နှင့် KKO တို့အ‌ပေါ် အား‌ပေး‌ထောက်ခံကြသည့် ပြည်တွင်း ပြည်ပရှိ နိုင်ငံ‌ရေး၊ လူမှု‌ရေးအဖွဲ့အစည်းများ၏ ယုံကြည်မှုကို ဖျက်ဆီးလိုက်ခြင်းဖြစ်သည်”ဟုလည်း ထည့်သွင်း‌ဖော်ပြထားသည်။

ဗိုလ်ချုပ်‌စောလားပွယ်သည် ၂၀၁၁ ‌ရွေး‌ကောက်ပွဲကို ဆန့်ကျင်ပြီး ပြည်သူဘက်မှ ရပ်တည်ခဲ့သည့်အ‌ပေါ် KCM အ‌နေဖြင့် အပြည့်အဝ ‌ထောက်ခံခဲ့သကဲ့သို့ မန်း‌ရောဘတ်ဘဇန်အား ဗိုလ်ချုပ်‌စောလားပွယ်မှ ၎င်းတပ်ဖွဲ့အား နိုင်ငံ‌ရေး ဦး‌ဆောင်မှု‌ပေးရန် ‌တောင်းဆိုမှုကိုလည်း သ‌ဘောတူခဲ့သည်ဟု KCM က ‌ပြောသည်။

ပြီးခဲ့သည့်အပတ်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်‌သော တိုင်းရင်းသားအဖွဲ့‌ပေါင်းစုံ အစည်းအ‌ဝေးတစ်ခုအား တက်‌ရောက်ခဲ့သည့် ၎င်းတို့နှစ်ဦးအား တာဝန်မှ ရပ်ဆိုင်းလိုက်ခြင်းသည် အ‌ကြောင်းပြချက်တစ်ခုသာဖြစ်ပြီး တိုင်းရင်းသားစည်းလုံးညီညွှတ်‌ရေးနှင့် စစ်မှန် ‌သော ဖက်ဒရယ်ပြည်‌ထောင်စု ‌ပေါ်‌ပေါက်‌ရေးထက် စစ်အစိုးရ မငြိုငြင်‌ရေးကိုသာ ‌စောလားပွယ်က အ‌လေးထားသည်ဟုလည်း KCM က ဆိုသည်။

လက်ရှိတွင် ‌စောလားပွယ်နှင့် DKBA တပ်မှူးအချို့အ‌ပေါ် စစ်အစိုးရမှ တစုံတရာ ‌သွေးထိုးလှုံ့‌ဆော်ခြင်း စစ်‌ရေး နိုင်ငံ‌ရေးအရ ဖိအား‌ပေး ခြင်းများအပြင် တပ်ဖွဲ့အတွင်း ရန်သူ၏ ထိုး‌ဖောက်ဝင်‌ရောက်မှုမျာလည်းရှိ‌နေပြီဟု ယုံကြည်‌ကြောင်းလည်း KCM ‌ကြေညာချက်က ‌ပြော ဆိုထားသည်။

KCM ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ မန်း‌ရောဘတ်ဘဇန်နှင့်အတူ တာဝန်မှ ရပ်ဆိုင်းခံရသူ ‌စောဂုဏ်‌အောင်အား ‌ကေအိုင်စီမှ ဆက် သွယ်‌မေးမြန်းရာ ၎င်းအ‌နေဖြင့် လက်ရှိအချိန်တွင် တစုံတရာ မှတ်ချက်မ‌ပေးလို‌ကြောင်း တုန့်ပြန်‌ပြောဆိုခဲ့သလို အ‌မေရိကန် အ‌ခြေစိုက် KCM အလုပ်အမှု‌ဆောင်တစ်ဦးထံ ဆက်သွယ်‌မေးမြန်းခဲ့ရာ တစုံတရာ ‌ဖြေကြားခြင်းမရှိဘဲ ဖုန်းချခဲ့သည်။

KCM ကို မန်း‌ရောဘတ်ဘဇန် အပါအဝင် အ‌မေရိကန်ပြည်‌ထောင်စု၊ ‌မေနီဆိုးတားပြည်နယ်‌ရောက် ကရင်‌ခေါင်း‌ဆောင်အချို့က ၂၀၀၃ ခုနှစ်တွင် စတင် တည်‌ထောင်ခဲ့သည်။