Home သတင်း ကရင်ပြည်နယ် လွှတ်‌တော်တွင် ‌ကျေးရွာ ထင်းစိုက်ခင်း ဥပ‌ဒေကြမ်း အတည်ပြု ‌ဆွေး‌နွေးသွားမည်

ကရင်ပြည်နယ် လွှတ်‌တော်တွင် ‌ကျေးရွာ ထင်းစိုက်ခင်း ဥပ‌ဒေကြမ်း အတည်ပြု ‌ဆွေး‌နွေးသွားမည်

2381
စက်တင်ဘာလ ၂၇ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)


ကရင်ပြည်နယ်‌ကျေးရွာ ထင်းစိုက်ခင်းဥပ‌ဒေကြမ်းကို ကရင်ပြည်နယ်လွှတ်‌တော် စတုတ္ထအကြိမ် ပုံမှန်အစည်းအ‌ဝေးတွင် မနက်ဖြန် စက်တင်ဘာလ ၂၈ရက်‌နေ့၌ အတည်ပြု ‌ဆွေး‌နွေးသွားကြမည်ဟု အစည်း‌ဝေးတက်‌ရောက်သည့် ပြည်နယ်လွှတ်‌တော် ကိုယ်စားလှယ်များက ‌ပြောသည်။

ယင်းအစည်းအ‌ဝေးကို စက်တင်ဘာလ ၂၄ရက်‌နေ့တွင် စတင် ကျင်းပခဲ့ကြပြီး ကရင်ပြည်နယ်‌ကျေးရွာ ထင်းစိုက်ခင်းဥပ‌ဒေကြမ်းကို မဲခွဲ ဆုံးဖြတ်သွားရမည်ဖြစ်‌ကြောင်း အဆိုတင်သွင်းခဲ့သူ ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ၏ လှိုင်းဘွဲမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်‌တော်ကိုယ်စားလှယ် ‌စောမင်း‌အောင်လင်းက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

၎င်းက “မနက်ဖြန်ကျရင် ဥပ‌ဒေအတည်ပြု‌ရေးနဲ့ ပတ်သက်ပြီး ကျ‌နော်တင်ပြထားတဲ့ အဆိုပြုတင်ပြချက်ရယ်၊ ဥပ‌ဒေပြု‌ရေးဆိုင်ရာ ‌ကော် မတီရဲ့ စိစစ်‌ဖြေရှင်းချက်ရယ်က တချို့ဟာ‌လေး‌တွေမှာ ပုံစံနှစ်မျိုး ဖြစ်‌နေတယ်။ ကျ‌နော့်ဘက်ခြမ်းက ပုံစံတမျိုး၊ သူတို့ဘက်ခြမ်းက ပုံစံ တမျိုးဆို‌တော့ ဘယ်ဟာကို အတည်ယူမလဲဆိုပြီး မဲခွဲရမယ်”ဟု ‌ပြောသည်။

ထင်းဥပ‌ဒေမူကြမ်းလွှာကို လွှတ်‌တော်ကိုယ်စားလှယ်များထံသို့ ကြိုတင်ဖြန့်‌ဝေ၍ သက်ဆိုင်ရာ‌မေးခွန်းများ ‌မေးမြန်းပြီး‌နောက် လွှတ်‌တော် ထံတင်ပြပြီး ထိုမှတဆင့် လွှတ်‌တော်ဥပ‌ဒေပြု‌ရေး‌ကော်မတီမှ စိစစ်လိုက်သည့် အစီရင်ခံစာနှင့် ဥပ‌ဒေကြမ်းစိစစ်ချက်များကို ပူးတွဲကာ လွှတ်‌တော်အတွင်း ချပြခဲ့ပြီးဖြစ်‌ကြောင်းလည်း ‌စောမင်း‌အောင်လင်းက ဆက်‌ပြောသည်။

ဖားအံမြို့ရှိ ပြည်နယ်လွှတ်‌တော် အစည်းအ‌ဝေးခမ်းမ၌ စတင်ကျင်းပခဲ့‌သော ၎င်းအစည်းအ‌ဝေးတွင် သဘာပတိအဖြစ် ပြည်နယ်လွှတ် ‌တော်ဥက္ကဌ ဦး‌စော‌အောင်‌ကျော်မင်းက ‌ဆောင်ရွက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ လွှတ်‌တော်ကိုယ်စားလှယ် ၂၃ဦးရှိသည့်အ နက် စက်တင်ဘာ ၂၄ရက်‌နေ့တွင် ၂၂ဦးသာ တက်‌ရောက်နိုင်ခဲ့ပြီး ကျန်ရက်များတွင် ကိုယ်စားလှယ် ၂၃ဦးစလုံး တက်‌ရောက်ခဲ့ကြသည်။

အစည်းအ‌ဝေးတွင် ကိုယ်စားလှယ်များဘက်မှ ‌မေးမြန်းခြင်း၊ ပြန်လည်‌ဖြေကြားခြင်းများကို သက်ဆိုင်ရာ ပြည်နယ်အဆင့် အဖွဲ့ဝင်များက ‌ဖြေကြားခဲ့ပြီး ယ‌နေ့ ၂၇ရက်‌နေ့တွင် အစည်းအ‌ဝေးတစ်ရက် ရပ်နား‌ကြောင်း ကရင်ပြည်နယ်လွှတ်‌တော် ဥက္ကဌ ‌စော‌အောင်‌ကျော်မင်းက ‌ပြောသည်။

အစည်းအ‌ဝေး ပထမရက်တွင် တာဝန်အရ ‌ပြောင်း‌ရွှေ့သွားသည့် ပြည်နယ်ဥပ‌ဒေပြု‌ရေးဆိုင်ရာ ‌ကော်မတီအတွင်း‌ရေးမှူး ပြည်နယ်ဥပ‌ဒေ အရာရှိ ‌ဒေါ်နုနုယဉ်‌နေရာတွင် ‌ကော်မတီဝင် ဦးတင်မြင့် ခရိုင်ဥပ‌ဒေအရာရှိ (အငြိမ်းစား)အား တာဝန်‌ပေးအပ်နိုင်‌ရေးနှင့် ပြည်နယ်ဥပ‌ဒေ အရာရှိအား ရာထူးအ‌လျောက် ပြည်နယ်ဥပ‌ဒေပြု‌ရေးဆိုင်ရာ ‌ကော်မတီတွင် အဖွဲ့ဝင်အဖြစ် တာဝန်‌ပေးအပ်‌ကြောင်း ‌ကြေညာခြင်း၊ ပြည် နယ်တိုင်းရင်းသား လူမျိုးအ‌ရေးဆိုင်ရာ ‌ကော်မတီအဖွဲ့ဝင် နှုတ်ထွက်ခွင့်ပြု‌ကြောင်း ‌ကြေညာခြင်းများ ‌ဆောင်ရွက်ခဲ့ကြသည်ဟု ယခုလ ၂၅ရက်က အစိုးရပိုင် မြန်မာ့အလင်းသတင်းစာ၌ ‌ဖော်ပြပါရှိသည်။

လက်ရှိအချိန်ထိ ပြည်နယ်လွှတ်‌တော်အစည်းအ‌ဝေးတွင် အပြန်အလှန် ‌မေးမြန်းခြင်းမှလွဲ၍ ဥပ‌ဒေမူကြမ်းတင်သွင်းမှုအရ လှိုင်းဘွဲမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ် ‌စောမင်း‌အောင်လင်းက ကရင်ပြည်နယ်‌ကျေးရွာ ထင်းစိုက်ခင်းဥပ‌ဒေကြမ်း တစ်ခုသာ ရှိသည်။

၎င်းဥပ‌ဒေကြမ်းတွင် အမည်နှင့် အဓိပ္ပါယ်‌ဖော်ပြချက်၊ ရည်ရွယ်ချက်၊ ‌ကော်မတီဖွဲ့စည်းခြင်း၊ ‌ကော်မတီ၏လုပ်ပိုင်ခွင့်များနှင့် ကြီးကြပ်‌ရေး ‌ကော်မတီ၏ လုပ်ငန်းတာဝန်များ၊ ‌ကျေးရွာထင်းစိုက်ခင်း တည်‌ထောင်သူ၏ လုပ်ငန်းတာဝန်များ၊ သစ်‌တောအရာရှိ၏ လုပ်ငန်းတာဝန်များ စစ်‌ဆေးခြင်းနှင့် စီမံခန့်ခွဲ‌ရေးအရ အ‌ရေးယူခြင်း၊ အယူခံခြင်း၊ တားမြစ်ချက်၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ အ‌ထွေ‌ထွေဟူ၍ အခန်းကြီး ၁၁ခန်း ပါဝင်သည်ဟု သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း ကရင်ပြည်နယ်ရှိ ‌ကျေးရွာ‌နေလူထုများ လိုအပ်‌နေသည့် ‌လောင်စာအခက်အခဲများကို ‌ဖြေရှင်းနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရန် ထင်းဥပ‌ဒေမူကြမ်းကို ပြည်နယ်လွှတ်‌တော်ထံသို့ စာတင်ပြီး ယခု ပြည်နယ်လွှတ်‌တော်ကျင်းပချိန် တွင် အတည်ပြု‌ရေး ‌ဆွေး‌နွေးခဲ့ခြင်းဖြစ်သည်။