ဩဂုတ်လ ၃၁ ရက်၊ ၂၀၁၂ ခုနှစ်။ ဖိုးခွါးလေး (ကေအိုင်စီ)
သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ ပြည်တော်ပြန်သွားသည့် လူငယ်ရှေ့နေ စောကျော်ကျော်မင်းအား အစိုးရက ထောင်ဒဏ်(၆)လ ချမှတ်လိုက်တဲ့အပေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-မြန်မာနိုင်ငံ(AAPP)က ယမန်နေ့က ကြေညာချက်တစ် စောင် ထုတ်ပြန်ခဲ့သည်။
၂၀၀၇ခုနှစ်၊ ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် စောကျော်ကျော်မင်းသည် ယခု ၂၀၁၂ခုနှစ်၊ ဖေဖော်ဝါရီလက ပြည်တော်ပြန်ခဲ့ပြီး ရန်ကုန်ခရိုင် တရားရုံးတွင် ပြစ်မှုဟောင်းပုဒ်မ-၂၂၈ ဖြင့် ကျန်နေသေးသောကြောင့် ဩဂုတ်လ ၂၉ရက်နေ့၌ အစိုးရက ထောင်ဒဏ် ၆လ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
“သမ္မတဦးသိန်းစိန်က ပြည်တော်ကို ပြန်ခေါ်တာ ဘယ်လောက်လုံခြုံမှုရှိသလဲဆိုတာ စောကျော်ကျော်မင်းလို ဖြစ်တာ စဉ်းစားလို့ရတယ်။ တရားမျှတစွာ စီရင်မှုမရှိတဲ့အတွက် သမ္မတဦးသိန်းစိန်အနေနဲ့ သူ့ကို အမြန်ဆုံး လွတ်ပေးဖို့ မေတ္တာရပ်ခံတောင်းဆိုရတာ ဖြစ်တယ်”ဟု AAPP တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောသည်။
မြန်မာပြည်တွင် ဒီမိုကရေစီအစိုးရဟုဆိုသော်လည်း တရားမျှတမှုမရှိသော တရားစီရင်မှုဖြစ်ရပ်များ ဆက်ဖြစ် ပွားနေဆဲဖြစ်ကြောင်းကို နိုင်ငံတကာ သိစေရန် ရည်ရွယ်၍ ယင်းကဲ့သို့ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည် ဟု ကိုဘိုကြည်က ပြောဆိုသည်။
တဆက်တည်းမှာပင် နိုင်ငံရေးအမှုဖြင့် ပြင်ပနိုင်ငံရောက် မြန်မာနိုင်ငံသားများ ပြည်တော်ပြန်သူများထဲတွင် စောကျော်ကျော်မင်းသည် အစိုးရ၏ ပထမဦးှဆုံး ပြန်လည် ထောင်ချခံရသောသူတစ်ဦး ဖြစ်သည်ဟု AAPP အစီရင်ခံတွင် ဖော်ပြထားသည်။
ကိုဘိုကြည်က “ပြည်တွင်းမှာ ရှိနေတဲ့လူတွေ စိုးရိမ်းကြောက်ကြမှုကင်းကင်း နေနိုင်ဖို့ရှိအောင် အစိုရအနေနဲ့ အရင်လုပ်ပေးသင့်တယ်။ နောက်တိုင်းရင်းသားနေရာဒေသမှာဆိုရင်လည်း တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့သူတွေ အများကြီးရှိနေတယ်။ အဲဒါကို ပိုဦးစား ပေးပြီးတော့ အရင် ဆောင်ရွက်ပေးသင့်တယ်”ဟု ဆက်ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၁၁ခုနှစ်၊ မတ်လမှစ၍ သမ္မတ ဦးသိန်းစိန် အရပ်သားအစိုးရဖြစ်လာသည့် ကာလအတွင်း အပြောင်းအလဲအချို့ ရှိခဲ့ သော်လည်း တရားဥပဒေစိုးမိုးမှု မရှိခြင်း၊ တိုင်းရင်းသားဒေသတချို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ရှိနေကြောင်း နိုင်ငံရေး လေ့လာသူများက ပြောဆိုသည်။
ပြည်ပရောက် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လာကြရန် သမ္မတဦးသိန်းစိန်က ပြီးခဲ့သည့် ၂၀၁၁ခုနှစ်၊ ဩဂုတ်လက နေပြည် တော်၌ ပြောကြားခဲ့သည်။