ဇူလိုင်လ ၁၁ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)

မြန်မာနိုင်ငံတွင် မြန်မာအစိုးရ၏ အဖမ်းခံရသူ ပိုမိုများပြားလာပြီး ယခင်လ ဇွန်လအတွင်း၌ ၂၁ ဦး ရှိကြောင်း ထိုင်း-မြန်မာနယ်စပ်အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း-မြန်မာနိုင်ငံ(AAPP) က ပြောသည်။
AAPP ၏ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က “၂၀၁၂ခုနှစ်အတွင်း ဖမ်းဆီးခံရသူတွေရဲ့စာရင်းကို လစဉ် ထုတ်ပြန်ရာမှာ ဇွန်လမှာတော့ ဦးရေပိုများတယ်။ အရင်လဆိုရင် ၂ဝ အောက်ပဲ ရှိတယ်။ နိုင်ငံရေးသမား အတော်များများက အဖမ်းအဆီးကို အာရုံသိပ်မစိုက်တော့ဘဲ ဦးသိန်းစိန်ကောင်းကြောင်းကိုပဲ ချီးမွမ်းနေလို့သာ အဖမ်းခံရတဲ့ကိစ္စကို မေ့လျော့သွားတာလို့ မြင်တယ်။”ဟု ပြောသည်။
ဖမ်းဆီးခံထားရသူများထဲတွင် ရခိုင်ပြည်နယ်ရှိ ရခိုင်အမျိုးသားများတိုးတက်ရေးပါတီ-RNDP မှ အဖွဲ့ဝင် ၄ဦး အပါအဝင် အရပ်သား ၁ဝဦးနှင့် သံဃာ ၁ ပါးပါဝင်ပြီး ချင်းပြည်နယ်တွင် ၆ဦး ပါဝင်သည်ဟု ဇူလိုင်လ ၉ရက်နေ့ ထုတ် AAPP ၏ ထုတ်ပြန်ချက်စာရင်းတွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်အတွင်း အဖမ်းခံရသူများသည် အများအားဖြင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပြဿနာများ ကို လိုက်လံဆောင်ရွက်သူများဖြစ်သော်လည်း အစိုးရဘက်က ရုန်းရင်းဆန်ခတ်ဖြစ်လာအောင် သွေးထိုးလှုပ်ဆော်မှုဖြင့် စွပ်စွဲကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု AAPP က ဆိုသည်။
“အစိုးရဟာ ဖမ်းထားသူတွေကို အခုထိ ပြန်မလွတ်သေးတာဟာ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု မရှိသေး တာကို ပြတာပဲ။ အခု အဖမ်းခံရတဲ့သူတွေဟာ တကယ်ဆိုရင် ၂၄နာရီထက်ပိုပြီး ချုပ်နှောင်ထားလို့ မရဘူး။”ဟု ကိုဘိုကြည်က ထောက်ပြပြောဆိုသည်။
လက်ရှိ ဖမ်းဆီးခံထားရသူများထဲတွင် နှစ်ဦးသာ ပြန်လည်လွတ်မြောက်လာသည်ဟုလည်း AAPP ၏ ထုတ်ပြန် ချက်တွင် ပါရှိသည်။
ထို့အပြင် ၎င်းတို့လက်လှမ်းမမှီနိုင်သော အခြားတိုင်းရင်းသားဒေသဖြစ်သည့် ကချင်ပြည်နယ်ဘက်တွင် လှုပ်ရှား နေသော မြန်မာအစိုးရတပ်များသည် ဒေသခံများအား ဖမ်းဆီးမှုနှင့် ညှင်းပမ်းနှိပ်စက်မှုများ ဆက်လက် လုပ်ဆောင်လျှက်ရှိသည် ဟု ကိုဘိုကြည်က ပြောသည်။
မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများအပေါ် အစိုးရ၏ အပြစ်မဲ့ စွပ်စွဲဖမ်းဆီးမှုနှင့် မတရား စီရင်ချက်ချမှုများကို လစဉ်ထုတ်ပြန်သွားမည်ဟု AAPP က ဆိုသည်


















