မေလ ၃ဝရက်၊ ၂၀၁၂ ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအပေါ် ရှေ့ဆက်ပြီး လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများ မရှိအောင် ထိုင်းအစိုးရ ထံ တင်ပြဆွေးနွေးသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ယနေ့ အလုပ်သမားများနှင့် တွေ့ဆုံရာတွင် ပြောဆိုလိုက်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသ ဝေလရပ်ကွက်ရှိ ရွေ့ပြောင်းအလုပ်သမားများအတွက် အခွင့်အရေးကွန်ယက်(MWRN) ရုံးခန်းအပေါ်ထပ်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ဒေါ်အောင်ဆန်းစုကြည်က အားပေးစကားပြောကြားရာ၌ ယင်းသို့ ပြောဆို လိုက်ခြင်း ဖြစ်သည်။
လုပ်ငန်းခွင်ထဲတွင် ထိခိုက်ဒဏ်ရာရသည့် အလုပ်သမားများ အကူအညီကင်းမဲ့မှု၊ အမျိုးသမီးများအား ထိုင်းလူမျိုးများ၏ အတင်းအဓမ္မ စော်ကားခံရမှုများနှင့် စသည့် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများကို ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သမား ၂၇ဦးတို့က MWRN ရုံးတွင် ဆွေးနွေးခဲ့သည်ဟု ထိုင်းနိုင်ငံအခြေစိုက် လူသားအခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (HRDF)မှ စည်းရုံးရေး တာဝန်ခံ ဦးတိုးက ပြောသည်။
သူက “ဒေါ်စုက ဒီပြဿနာမျိုးတွေ မဖြစ်ရအောင် သူ ထိုင်းအစိုးရနဲ့ တွေ့ဆုံဆွေးနွေးပြီး ဒီအကြောင်းအရာတွေ တင်ပြမယ်။ ဒါမျိုးတွေ မဖြစ်တော့အောင် သူ ဆွေးနွေးပေးမယ်လို့တော့ ပြောဆိုသွားတာ တွေ့ရတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
တစ်ဆက်တည်းမှာပင် ယနေ့ပြုလုပ်သည့် ဘန်ကောက်မြို့ မဟာချိုင် အပါအဝင် အနီးတဝိုက် ဒေသများမှ ဟောပြောပွဲသို့ တက်ရောက် လာသည့် မြန်မာရွေ့ပြောင်းအလုပ်သမား တစ်သောင်းခန့်ကို ဒေါ်အောင်ဆန်းစုကြည်က အလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရာ၌ ထိုင်းအစိုးရ၏ အလုပ်သမားအခွင့်အရေး ဥပဒေများကို သိရှိနားလည်အောင် ကြိုးစားရန်၊ အချင်းချင်း ယိုင်းပင်းကူညီကြ ရန်နှင့် စည်းစည်းလုံးလုံး နေထိုင်သွားကြရန် မှာကြားခဲ့သည်ဟုလည်း ဦးတိုးက ပြောသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းအစိုးရ သတ်မှတ်ထားသော အလုပ်သမားအခွင့်အရေးနှင့် ကာကွယ်ရေးဥပဒေများကို အလုပ် သမားများအနေဖြင့် နားလည်တတ်ကျွမ်းအောင် ပညာပေးမှုများ ဆောင်ရွက်ပေးရန် အလုပ်သမားကူညီရေးအဖွဲ့များကိုလည်း တိုက်တွန်း ပြောဆိုသွားခဲ့သည်။
ယနေ့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည့် လမ်းခရီးတစ်လျှောက်တွင် အဟန့်အတား တစုံတခုမဖြစ်စေရန် အလုပ်သမားများထဲမှ အမာခံအင်အားအဖြစ် အလုပ်သမား ၆ဝဦး တာဝန်ယူပေးခဲ့ပြီး ထိုင်းရဲနှင့် စစ်သား ၁၀ဝနီးပါးက လုံခြုံရေးယူပေးခဲ့ကြောင်း ဦးတိုးက ပြော သည်။
ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ယမန်နေ့ည ၉နာရီကျော်က ထိုင်းလေကြောင်းလိုင်းဖြင့် ရောက်ရှိလာခဲ့သူ ဒေါ်အောင် ဆန်းစုကြည်သည် ဘန်ကောက်မြို့၌ ပြုလုပ်မည့် ကမ္ဘာ့စီးပွားရေးနှီးနှောဖလှယ်ပွဲ-World Econo-mic Forum (WEF) သို့ ယနေ့ညနေမှ ဇွန်လ ၁ရက်နေ့အထိ တက်ရောက်မည်ဖြစ်ပြီး ဇွန်လ ၂ရက်နေ့တွင် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ မယ်လဒုက္ခသည်စခန်းနှင့် မဲဆောက် မြို့ရှိ မယ်တော်ဆေးခန်းသို့ သွားရောက်မည်ဖြစ်ကြောင်း ခရီးစဉ် စီစဉ်သူများက ပြောသည်။


















