မေ ၂၅ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်း ကလော်ထာ့ကျေးရွာအုပ်စုမှ ဝါ့မီဒေးကျေးရွာရှိ မိုးစက်ကိုယ်ထူကိုယ်ထ စာသင်ကျောင်း ပုံမှန်လည်ပတ်နိုင်ရန် ငွေကြေးအခက်အခဲနှင့် ကြုံတွေ့နေရသဖြင့် ယခုနှစ်အတွက် ကျောင်းပြန် မဖွင့်နိုင်သေးကြောင်း သိရသည်။
“ဒီရွာနဲ့ဝေးတဲ့နေရာက ကျောင်းလာတက်မယ့် ဘော်ဒါကျောင်းသားတွေအတွက် စားစရိတ်နဲ့ ဆရာတွေကို ပေး ဖို့ လစာကို ကူညီပေးမယ့်သူ မရှိတော့လို့ ကျောင်းပြန်ဖွင့်နိုင်ဖို့ တော်တော်ကိုခက်ခဲနေတယ်။”ဟု မိုးစက်ကိုယ် ထူကိုယ်ထ ကျောင်းအုပ် စောဘားမူးက ပြောသည်။
ဖာပွန်မြို့နယ်အတွင်းရှိ ဝါ့မီဒေးကျေးရွာအပါအဝင် သေ့ခို့ဒဲ၊ မော်သေ့ဒဲ၊ ဖလဲ့ခိုဒဲ၊ ကနဲဟော်ထာ့၊ လာ့လော်ထာ့ စသည့် နီးစပ်ရာ ကျေးရွာပေါင်း ၁၆ ရွာမှ ကလေးများသည် မိုးစက်စာသင်ကျောင်းသို့ သွားရောက် ပညာသင် ယူကြခြင်းဖြစ်သည်။
သို့သော် အလှူရှင်က မိုးစက်ကျောင်းတွင် ၎င်းတို့ အလှူရှင်နာမည်ပါသည့် ဆိုင်းဘုတ်များ မရှိခြင်း၊ ကျောင်း အတွင်း အလံ တော် မထားရှိခြင်း၊ ကျောင်းတည်ဆောက်ပုံ မသပ်ရပ်ခြင်းနှင့် ကျောင်းကော်မတီများ၏ လုပ် ဆောင်မှု အား နည်းခြင်း စသည့်အကြောင်းတို့ဖြင့် အကြောင်းပြကာ ထောက်ပံ့ကြေးဖြတ်တောက်လိုက်သည် ဟု သိရသည်။
မိုးစက်ကျောင်းသည် အမဲရောင်နယ်မြေထဲတွင် ရှိပြီး အလှူရှင်ဖြစ်ချင်သည့်အတိုင်း လုပ်ဆောင်ပါက ယင်းနယ် မြေအတွင်းရှိ မြန်မာအစိုးရစစ်တပ်များက ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူနှင့် ပတ်သက် ကြောင်း ပြောလာလျှင် ကျောင်းပိတ်လိုက်ရမည့် အခြေအနေတွင်ရှိသည်ဟု စောဘားမူးက ရှင်းပြသည်။
ယခင် ကျောင်းစာသင်နှစ်များတွင် မိုးစက်ကျောင်းရှိ ကျောင်းသူ၊ ကျောင်းသားများအတွက် ကေအဲန်ယူမှ နှစ်စဉ် ကျောင်းသုံး ပစ္စည်းများကို လှူဒါန်းပေးလျှက်ရှိကြောင်း သိရသည်။
မိုးစက်စာသင်ကျောင်း၏ စာရင်းမှတ်တမ်းအရ ပြီးခဲ့သည့် ၂၀၁၁ခုနှစ်တွင် ကျောင်းသူကျောင်းသားပေါင်း ၁၃၇ဦးရှိပြီး ကျောင်းအုပ်ကြီး အပါအဝင် ဆရာ၊ ဆရာမ ၁၂ ဦးရှိသည်။
လက်ရှိအချိန်တွင် ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နိုင်ငံရပ်ခြားရှိ မိတ်ဆွေများထံမှ ဖြစ်စေ၊ ပညာရေးအဖွဲ့အစည်းများထံမှ ဖြစ်စေ အကူအညီများတောင်းခံနေကြောင်း စောဘားမူးက ပြောသည်။


















