ဧပြီလ ၉ရက်နေ့။ ၂၀၁၂ခုနှစ်။ နန်းဖောဂေ (ကေအိုင်စီ)

ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်အတွက် ရှေ့ဆက်လုပ်ငန်းစဉ်များ လုပ်ဆောင်နိုင်ရန် ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ)၏ ဆက်ဆံရေးရုံး နှစ်ခုကို ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နှင့် တနသင်္ာရီတိုင်း၊ ထားဝယ်မြို့တွင် ယနေ့မနက်က တပြိုင်နက် ဖွင့်လှစ်ခဲ့ကြသည်။
“ယခု ဆက်ဆံရေးရုံး ဖွင့်ရတာက အပစ်ခတ်ရပ်စဲရေး လုပ်ငန်းစဉ်အတွက်နှင့် လူထုတွေရဲ့လိုအပ်ချက်တွေကို စီစဉ် ဖြေရှင်းပေးနိုင်ဖို့အတွက် ဖြစ်ပါတယ်။”ဟု ကေအဲန်ယူ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က ကေအိုင်စီကို ပြောသည်။
ကေအဲန်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မနက် ၅နာရီခွဲအချိန်တွင် ရန်ကုန်မြို့၊ ဆီဒိုးနား ဟိုတယ်၌ စတင်ထွက်ခွာရာ အထွေထွေ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်နှင့် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးတို့ပါဝင်သည့်အဖွဲ့မှာ ကျောက်ကြီးမြို့သို့၎င်း၊ ပဒိုစောရောဂျာခင်နှင့် ပဒိုစောကွယ်ထူးဝင်းတို့ ပါဝင်သည့်အဖွဲ့မှာ ထားဝယ်မြို့သို့၎င်း ရောက်ရှိခဲ့ကြသည်။
ယနေ့မနက် ၁ဝနာရီခွဲတွင် ကျောက်ကြီးမြို့သို့ ရောက်ရှိနေသည့် ကေအဲန်ယူ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်နှင့် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးတို့မှ ကေအဲန်ယူ ဆက်ဆံရေးရုံးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး အစိုးရ စက်မှုဝန်ကြီး ဦးစိုးသိန်းက ဆက်ဆံရေးရုံးတွင် အသုံးပြုရန်အတွက် ကားတစ်စီး ပေးအပ်ခဲ့ရာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ထိုအခမ်းအနားကို အစိုးရ ပြည်ထောင်စုအဆင့် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း၊ စက်မှုဝန်ကြီး ဦးစိုးသိန်း၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်း၊ ပဲခူးတိုင်း ကရင့်ရေးရာဝန်ကြီး စောဂျူဘလီစံလှ အပါအဝင် တပ်ဘက်ဆိုင်ရာ အရာရှိများက အတူတကွ ပူးပေါင်း ပါဝင် ပြုလုပ်ခဲ့ကြသည်။
ကျောက်ကြီးမြို့သို့ ရောက်ရှိခဲ့သည့် ကေအဲန်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များအား လက်ပန်ကွင်း ကျေးရွာမှ စပြီး ကျောက်ကြီးမြို့အထိ သွားရာလမ်းတလျှောက်တွင် ကျေးရွာအုပ်စု ၃၀ကျော်မှ ရွာသူရွာသား ၅၀၀၀ကျော်က ငြိမ်းချမ်းရေးကို လိုလားသည့်အနေဖြင့် “အီလက်ထရောနစ် ဖွံ့ဖြိုးရေး၊ ကျည်ဆံအစား ပန်းများပွင့်စေ၊ စစ်မှန်သည့် ငြိမ်းချမ်းရေးကို လိုလားသည် စသည့် ကြွေးကြော်သံ ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။
၎င်းနောက် ကျောက်ကြီးမြို့ စာဖြူကုန်းခန်းမ၌ လာရောက်ကြိုဆိုခဲ့ကြသည့် ဒေသခံလူထုများကို ကေအဲန်ယူ အတွင်းရေးမှူးချုပ်နော်စီဖိုးရာစိန်က မိမိတို့၏ ငြိမ်းချမ်းရေး ဖြစ်စဉ်အကြောင်းကို နားလည်ရန် ရှင်းလင်းပေးခဲ့ပြီး လူထုနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြရာ ဒေသခံ ပြည်သူတဦးက ယခုလို ပြောဆိုခဲ့သည်။
“ယခုလို ကေအဲန်ယူက ငြိမ်းချမ်းရေးအတွက် ခြေလှမ်းစပြီလို့ ဆိုထားတော့ ဒီတလမှာ အဓ္ဓမလုပ်အားပေးတွေ အတော်နည်းသွားပေမယ့် အနည်းငယ်တော့ ကျန်ရှိနေပါသေးတယ်။ နောက်တခုက ကျနော်တို့ရဲ့ ဘိုးဘွားပိုင် မြေယာကိစ္စတွေကို ဖြေရှင်းပေးနိုင်ဖို့နှင့် မတရား ဖမ်းဆီးခံရတဲ့ ဒေသခံ လူထုတွေကို အကျဉ်းသားအဖြစ် ပြန်လည် လွှတ်မြောက်ဖို့ အမြန်ဆုံး လုပ်ဆောင်စေချင်ပါတယ်။” ဟု ပြောဆိုခဲ့သည်။
ကေအဲန်ယူအနေဖြင့် တက်ရောက်လာသည့် လူထုများ၏ အကြံပြုစာများကို လက်ခံရယူပြီး လိုအပ်သည်များကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်သည်။
ပဲခူးမြို့ ရွှေဝါထွန်းဟိုတယ်၌ ဧပြီလ ၁ဝရက်နေ့ မနက် ပြုလုပ်မည့် အစည်းအဝေးတွင် ပြည်ထောင်စုအဆင့် ဆွေးနွေးခဲ့ကြသည့် အချက်များကို တိုင်းနှင့်ပြည်နယ်မှ လိုက်နာရန်အတွက် ကေအဲန်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အပါအဝင် ပြည်ထောင်စုအဆင့် ဝန်ကြီးများဖြစ်ကြ သည့် ဦးအောင်မင်း၊ ဦးခင်ရီနှင့် ဦးစိုးသိန်းတို့မှ ပါဝင်ဆွေးနွေးပြောဆိုသွားမည်ဟု သိရသည်။



















