ဧပြီလ ၁ရက်၊ ၂၀၁၂ ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)

ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် အနိုင်ရရှိသွားကြောင်း သတင်းများ ထွက်ပေါ်နေသည့်အတွက် ဒေသခံပြည်သူလူထုက အားရဝမ်းသာစွာ ကြိုဆိုပြီး ညလုံးပေါက် အောင်ပွဲခံရန် စီစဉ်နေကြသည်။
ကော့မှူးမြို့ပေါ်ရှိ လမ်းဆုံ၊လမ်းခွများတွင် NLD အောင်နိုင်ရေးတေးသီချင်းများ ဖွင့်ကာ ကရင်အကျီင်္ဝတ်ထားသည့် ကရင်လူမျိုးများ၊ ခွပ် ဒေါင်းရုပ်၊ ဒေါ်စုရုပ်ပုံပါအကျီများ၊ ပင်နီဝတ်စုံများဖြင့် ပျော်ရွှင်မြူးတူးစွာ ကနေကြသည်ဟု ကော့မှူးတွင် ရောက်နေသည့် ပြည်တွင်း သတင်းထောက်တစ်ယောက်က ပြောသည်။
“ကော့မှူးသမိုင်း မရိုင်းတော့ပါဘူး။ အမေဒေါ်စု နိုင်သွားပြီ၊ အမေစု၊ အမေစု ဟေ့” ဟုဆိုကာ ဒေသခံပြည်သူလူထုက ကြွေးကြော်နေ ကြောင်း ၎င်းက ဆက်ပြောသည်။
ထို့အပြင် “ခွပ်ဒေါင်းမယ် လေမှာဝဲ အမေစု အောင်ပွဲ”ဟု ဆိုသည့် တေးသီချင်းများကိုလည်း သီဆိုကာ ခွပ်ဒေါင်းအလံများ ဝှေ့ယမ်းနေကြ သည်။
ပြည်သူလူထု ထောက်ခံမှုကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်များ အောင်နိုင်မှုရကြောင်း သတင်းများ ထွက်နေ သည်။
ထို့ကြောင့် တဖက်အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များအား စိတ်ထိခိုက်၊ စိတ်မကောင်းဖြစ်စေမည့် အပြောအဆို၊ အမူအရာ၊ အလုပ်အကိုင်များ လုံးဝ ရှောင်ရှားကြရမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ချုပ်အဖွဲ့ဝင်များအား ယနေ့ ညပိုင်းတွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က အိမ်ထောင်စုစာရင်းဝင်ကာ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဝါးသခင်္ကျေးရွာတွင် ကရင် ပြည်သူလူထုများက အောင်ပွဲခံ သီချင်းများ သီဆိုကာ ဝမ်းသာအားရ စုရုံးပျော်ရွှင်နေကြသည်ဟု ဒေသခံများက ဆိုသည်။



















