Home သတင်း ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ် မဲဆန္ဒရှင်တချို့မဲအမည် စာရင်း‌ပျောက်ဆုံး

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ် မဲဆန္ဒရှင်တချို့မဲအမည် စာရင်း‌ပျောက်ဆုံး

2040
ဧပြီလ ၁ရက်၊ ၂၀၁၂ခုနှစ်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ပဲခူးတိုင်း‌ဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ ‌ကျေးရွာ ၄ရွာမှ မဲဆန္ဒရှင်တစ်ချို့သည် မဲရုံသို့ ယ‌နေ့နံနက် မဲထည့်ရန် သွားခဲ့ရာတွင် နာမည် စာရင်း ‌ပျောက်ဆုံး၍ မဲမထည့်ရသူများ ရှိ‌နေ‌ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်၊ ရှား‌စေးဘို‌ကျေးရွာအုပ်စုရှိ ရှား‌စေးဘို၊ ‌ရေလျှံ၊ ဇီးဖြူကုန်းနှင့် ‌တောကုန်း စသည့် ‌ကျေးရွာ ၄ရွာမှ မဲဆန္ဒရှင် ၃ပုံ ၁ပုံခန့် သည် နတ်ရွာရှိ မဲရုံသို့‌ရောက်ခဲ့ရာတွင် နာမည်စာရင်း ‌ပျောက်ဆုံး‌သော‌ကြောင့် မဲကတ်ပြားမရဘဲ မဲမထည့်ရဘဲ ပြန်လာခဲ့ရသည်ဟု ဆို သည်။

မဲထည့်ရသူတစ်ဦးက “ရွာနဲ့ မဲရုံရှိတဲ့‌နေရာက ၄မိုင်‌လောက်သွားရတယ်။ ‌ရောက်တဲ့အခါကျ‌တော့ တစ်ချို့လူက မဲထည့်ဖို့ စာရင်းသွား ကြည့်‌တော့ သူတို့နံမည်မပါဘူး။ ဆို‌တော့ ကတ်ပြားမရဘူး၊ မဲမထည့်ရဘူး။ မဲရုံက တာဝန်ရှိသူ‌တွေကို ‌မေး‌တော့လည်း မသိဘူး။ ‌နောက် မှ ပြန်ရှာ‌ပေးမယ်ပဲ ‌ပြောတယ်”ဟု ‌ပြောသည်။

၎င်းမဲစာရင်း‌ပျောက်ဆုံး‌နေသူ မဲဆန္ဒရှင်များသည် ၂၀၁ဝခုနှစ် ‌ရွေး‌ကောက်ပွဲကျင်းပခဲ့စဉ်က မဲထည့်ခဲ့ရသူများလည်း ဖြစ်သည်။

ယခု ကြားဖြတ် ‌ရွေး‌ကောက်ပွဲတွင် မဲရုံအ‌ရေအတွက်မှာ ခန့်မှန်း‌ခြေ ၂၈၅ရုံရှိပြီး ဝင်‌ရောက်ယှဉ်ပြိုင်သည့် ပါတီ ၅ပါတီမှ လွှတ်‌တော်ကိုယ် စားလှယ်‌လောင်း ၂ဝဦးရှိသည်ဟု သိရသည်။

ပဲခူးတိုင်း ထန်းတပင်မြို့နယ်တွင် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံးညီညွှတ်‌ရေးပါတီ၊ ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ၊ ညီညွှတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေးပါတီ၊ အမျိုးသားဒီမိုက‌ရေစီအင်အားစုတို့ ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ပဲခူးတိုင်း‌ဒေသကြီးတွင် လစ်လပ်မဲဆန္ဒနယ်‌မြေ ၆‌နေရာရှိရာ ‌တောင်ငူ၊ ထန်းတပင်၊ သနပ်ပင်၊ လက်ပံတန်း၊ အုတ်တွင်းနှင့် ကဝမြို့နယ် တို့ ဖြစ်သည်။