ဧပြီလ ၂ ရက်။ ၂၀၁၂ ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီကြီးများ အကြား ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သော်လည်း အဆင်ပြေစွာ ကျင်းပနိုုင်ခဲ့ခြင်းမှာ နိုင်ငံရေးပါတီများ၏ ကြိုးပမ်းအားထုုတ်မှုကြောင့် ဖြစ်ကြောင်း ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်မှ မှ ချီးကျူး ပြောကြားသည်။
ရန်ကုန်တိုင်းရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးကိုကို က ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကျင်းပနေစဉ် ကာလအတွင်း ကြီးမားသည့် ခိုက်ရန်ဖြစ်ပွားမှုမျိုး ဖြစ်ပေါ်မည်ကို စိုးရိမ်ခဲ့သော်လည်း အဟန့်အတားမရှိ ကျင်းပနိုင်ခဲ့ကြောင်း ကေအိုင်စီ သတင်းဌာန ကို ပြောသည်။
“သက်ဆိုင်ရာ ပါတီမှာတာဝန်ရှိသူတွေက သူတို့ အောက်ခြေကို သူတို့နိုင်နိုင်နင်းနင်းထိန်းသွားတယ်။ အဲ့ဒီအတွက် ဘာမှစိုးရိမ်စရာတော့ ဖြစ်မသွားခဲ့ဘူး” ဟု ဦးကိုကိုု က ပြောသည်။
ရန်ကုန်တိုင်းအတွင်းရှိ မဲပြားများတွင် ဖယောင်းသုတ်ထားသဖြင့် မဲလဲလှယ်ခွင့်မရှိဟု မဲဆန္ဒရှင်များက ပြောဆို မှုများနှင့် ပက်သက်၍ တိုင်ကြားမှုများ တိုင်းကော်မရှင်ရုံးသို့ ရောက်ရှိလာခြင်း မရှိသေးကြောင်း ဦးကိုကို ကပြောသည်။
“မဲပြားပေါ်မှာ ဖရောင်းခြစ်ထားတယ်ဆိုတာ မှန်ရင်တော့ အဲ့ဒါဟာ မလုပ်သင့်တဲ့အလုပ်ပဲပေါ့။ ဒါပေမယ့် တိတိ ကျကျ ကြားတာတော့ မဟုတ်ဘူး။ ဒီအသံကျယ် လာရင်တော့ ကော်မရှင်ကလည်း စုံစမ်း စစ်ဆေး မှာပါ” ဟု သူက ပြောသည်။
ယမန်နေ့ ရွေးကောက်ပွဲကျင်းပစဉ် ကော့မှူးမြို့နယ် ပြည်တော်သာမဲရုံ (၁) တွင် မဲပြားပေါ်၌ ဖယောင်းသုတ်ထား သဖြင့် မဲဆန္ဒရှင်မှ လဲလှယ်ပေးရန် တောင်းဆိုမှုများကို သက်ဆိုင်ရာမှ ငြင်းပယ်မှုများ ဖြစ်ခဲ့သေးကြောင်းသိရသည်။ ကော့မှူးမြို့နယ်တွင် NLD ပါတီမှ ဒေါ်အောင်ဆန်းစုုကြည် က ပြိုင်ဘက် ပါတီများအပေါ် မဲအပြတ်အသတ်ဖြင့် အနိုုင်ရခဲ့ကြောင်း ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဌထံမှ သိရသည်။


















