Home သတင်း DKBA အား မိုင်းခွဲလုပ်ကြံရန် မရှိဟု KNU ငြင်းဆို

DKBA အား မိုင်းခွဲလုပ်ကြံရန် မရှိဟု KNU ငြင်းဆို

3173
မတ်လ ၂၄ရက်၊ ၂၀၁၂ ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်(DKBA) ထိပ်ပိုင်း‌ခေါင်း‌ဆောင်များအား မိုင်းခွဲတိုက်ခိုက်ရန် ‌ကေအဲန်ယူ တပ်မ ဟာ(၇)က ကြိုးပမ်း‌နေသည်ဟု ‌ပြောဆိုမှုများမှာ မှန်ကန်မှုမရှိ‌ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) က ယ‌နေ့ငြင်းဆိုလိုက်သည်။

ရက်ပိုင်းအတွင်းက KNU တပ်မဟာ(၇)က တပ်မဟာစစ်‌ကြောင်းမှူး ဗိုလ်မှူးတာမလာနှင့် ဗိုလ်မှူးဒိကွယ်တို့သည် မဲသ‌ဝေါ-ကျုံ‌ထော်ကား လမ်းကြားတွင် DKBA ထိပ်ပိုင်း‌ခေါင်း‌ဆောင်များကို မိုင်းခွဲတိုက်ခိုက်ရန် ကြိုးပမ်းခဲ့သည်ဟု DKBA ၏ ထုတ်ပြန်ချက်အ‌ပေါ် ငြင်းဆိုလိုက် ခြင်း ဖြစ်သည်။

“အဲဒီလိုမျိုး မ‌ကောင်းကြံစည်ဖို့ ကျ‌နော်တို့မှာ စိတ်လည်းမရှိဘူး။ လုပ်လည်းမလုပ်ပါဘူး။ ကျ‌နော်တို့ အလိုရှိတာက‌တော့ အားလုံးရဲ့ စည်းလုံးညီညွှတ်မှုနဲ့ ငြိမ်းချမ်း‌ရေးကိုပါပဲ။ ကျ‌နော်တို့ မလုပ်တာကို‌တော့ လုပ်ပါတယ် ဆိုပြီး‌တော့ ဝန်မခံနိုင်ပါဘူး။”ဟု KNU တပ်မဟာ (၇) ရုံးထိုင်မှူး ဗိုလ်မှူး‌စောအယ်ဆဲဆဲက ‌ကေအိုင်စီသို့ ‌ပြောသည်။

DKBA က ပြည်ပဆက်ဆံ‌ရေးတာဝန်ခံ ဗိုလ်မှူး‌စောလုံ့လုံကမူ “ဒီထုတ်ပြန်ချက်ကို DKBA က ထုတ်ပြန်လိုက်တာ မှန်ပါတယ်”ဟု ‌ပြော သည်။

ယင်းထုတ်ပြန်ချက်တွင် DKBA ကလို့ထူး‌ဘော တပ်ရင်းတပ်ဖွဲ့၏ လက်‌အောက်ခံ ကလို့ထူးလား ကွပ်ကဲ‌ရေးဌာနချုပ် အမှတ်(၉၀၄)တပ် ရင်း တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး‌စောဖိုးလုံးထံသို့ KNU တပ်မဟာ(၇) ‌ဖောက်ခွဲ‌ရေး နယ်‌မြေတာဝန်ခံ ‌စောသန်းဦးဆိုသူက ယခုလ (၃)ရက် ‌နေ့တွင် လာ‌ရောက်ပူး‌ပေါင်းခဲ့သည်ဟု ပါရှိသည်။

ထို့‌နောက် ‌စောသန်းဦးကိုယ်တိုင် ပြီးခဲ့သည့်လ (၂၈)‌နေ့တွင် မိုင်းများမြှပ်နှံထားပြီး DKBA ထိပ်ပိုင်း‌ခေါင်း‌ဆောင်များ ဖြတ်သန်းသွားလာ သည့်အချိန်တွင် အ‌ဝေးထိန်းစနစ်ဖြင့် ‌ဖောက်ခွဲတိုက်ခိုက်ရန် ကြိုးစားခဲ့‌ကြောင်း ဝန်ခံ‌ပြောဆိုခဲ့သည်ဟု ယင်းထုတ်ပြန်‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

DKBA အ‌နေဖြင့် KNU အ‌ပေါ်တွင် ယင်းကဲ့သို့ စွပ်စွဲ‌ပြောဆိုခြင်းသည် အ‌ခြေအမြစ်မရှိ‌ကြောင်း ဗိုလ်မှူး‌စောအယ်ဆဲဆဲက ‌ပြောသည်။

၎င်းက “တပ်မဟာ(၇)နဲ့ ပတ်သက်လို့ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သား အားလုံးရဲ့ နာမည်စာရင်းက ကျ‌နော် အလွတ်မရရုံတမယ်ပဲ။ အားလုံးရဲ့စာရင်းက ကျ‌နော်တို့ဆီမှာ ရှိပြီးသားပဲ။ ဒါ‌ပေမယ့် ‌စောသန်းဦးဆိုတဲ့ နာမည်‌တော့ တစ်ခါမှ မကြားဖူး‌သေးဘူး”ဟု ‌ပြောသည်။

DKBA သည် ၁၉၉၄ခုနှစ်တွင် KNU က ခွဲထွက်ကာ (၁၅)နှစ်‌ကျော်ကြာ အစိုးရနှင့် ပူး‌ပေါင်းခဲ့ပြီး ၂၀၁ဝခုနှစ်၊ ဩဂုတ်လတွင် ၎င်း၏ တပ် ရင်းအများစုက အစိုးရတပ် လက်‌အောက်ခံ နယ်ခြား‌စောင့်တပ်အသွင်သို့ ကူး‌ပြောင်းသွားသည်။

သို့‌သော် ဗိုလ်မှူးချုပ်‌စောလားပွယ် ဦးစီးသည့် DKBA တပ်ဖွဲ့က နယ်ခြား‌စောင့်တပ်ကူး‌ပြောင်း‌ရေး အစီအစဉ်ကို လက်မခံဘဲ ၂၀၁ဝခုနှစ်၊ နိုဝင်ဘာလ (၈)ရက်‌နေ့မှစ၍ တနှစ်နီးပါး အစိုးရကို ပြန်လည်ခုခံ‌တော်လှန်ခဲ့ပြီး ယမန်နှစ် ဒီဇင်ဘာလ (၁၁)ရက်‌နေ့တွင် အစိုးရနှင့် အပစ် အခတ်ရပ်စဲ‌ရေး သ‌ဘောတူလက်မှတ်‌ရေးထိုးခဲ့သည်။

ကရင်လက်နက်ကိုင်အဖွဲ့အချင်းချင်း ဆက်ဆံ‌ရေး ခိုင်မာ‌စေရန် ရည်ရွယ်၍ တိုးတက်‌သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မ‌တော် (DKB A) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ထိပ်ပိုင်း‌ခေါင်း‌ဆောင်အချို့သည် မြဝတီမြို့နယ် ဆုံဆည်းမြိုင်‌ကျေးရွာတွင် မတ်လ (၈) ရက်‌နေ့က ‌တွေ့ဆုံခဲ့သည်။