လကင်္ာဒီပ
(ဖေဖော်ဝါရီ ၂၅၊ ၂၀၁၂)
မမြတ်နိုးလို့ မဟုတ်ဘူး
အထူးတလည် လိုအပ်တဲ့
စစ်မှန်တဲ့ ငြိမ်းချမ်းရေးတရား
ပန်းများဖူးပွင့်လာတာကို
ကြိုဆိုမျှော်လင့်မိတာအမှန်
သံဇကာနဲ့ ဘောင်ခတ်တဲ့အိမ်
ရွှေရည်စိမ်အတုကြီးတော့ မလိုချင်ဘူး။
တံတွေးထွေးလိုက်တာလည်း အကြိမ်ကြိမ်
မြိန်မြိန်ယှက်ယှက် ပြန်ကောက်စားတတ်တဲ့ဗီဇ
ငပွကြီးတွေ ရေးဆွဲတဲ့ဥပဒေ
အခြေအတုနဲ့ ရွေးကောက်ပွဲ
တတ်လည်းတတ်နိုင်တဲ့လူမျိုး
ဇောက်ထိုးကြည့် လင်းနို့လိုလူကိုမှ
ဘယ်သူက အထင်ကြီးခဲ့ကြတာတုန်း။
သူ့အခက်အခဲ သူ့ဆန္ဒ
တို့ဘဝကို ထိုးခွဲသပ်လျှို
အချိုကြိုက် အချိုပေးခင်
အချဉ်ကြိုက် အချဉ်ပေး
ကျောသပ်ချွေးသိပ်ခြင်းအရာ
မာယာအပြည့်နဲ့လမ်းများ
နောက်ကျော ဓါးနဲ့ထိုးမွှေခံရ
နားရွက်တွေလည်း တံတွေးဆွတ်ခံရပေါင်း များလှပြီ။
ကျားငစဉ်းလဲရဲ့ဥပုသ်
နင်အဟုတ်ထင်နေရင်ဖြင့်
လေလွင့်ရွက်ပြတ်တက်ကျိုးလှေ
ရေလိုက်၊ ငါးလိုက်အဆင့်နဲ့
ဒီလိုသာ နေလာသွားခဲ့မယ်ဆိုရင်
ဉာဏ်ကြီးရှင် ယမကာဝိုင်းက
အမြည်းပိုင်းစလေးတစ်ခုနှယ်
ပျော်တော်ဆက်ကြရမယ့် ငါတို့ဘဝ
တွေးတွေးဆဆ သတိပြုဆင်ခြင်ရမှာ။
ကိုယ်ပိုင်ပြဌာန်းခွင့်အရေးပါ
ပေါ့ဆစွာ မရွေးချယ်ခဲ့
သက်သွေးနဲ့ရေးခဲ့ကြ အာဇာနည်
ကျုပ်တို့သည် ထာဝရအလေးပြုရင်း
မျှော်လင့်ခြင်း ပန်းတိုင်ခရီးဆီ
ညီညာစွာ စွန့်စားချီတက်ပြီး
မြေကြီးကျောက်ဆောင်လို ကျင့်ကြမယ်ပေါ့
ထော့မဲပါမြေး၊ တီ၊ တွတ်၊ ကျွတ်တွေမို့
ရဲရင့်လို့ပြတ်သား ဆုံးဖြတ်ဆောင်ရွက်ကြပါစို့လား။


















