ဖေဖော်ဝါရီလ ၂၇ရက်။ ၂၀၁၂ ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ်ရှိ အုန်းဖျန်ဒုက္ခသည်စခန်း မီးလောင်မှုကြောင့် အရည်အချင်းစစ် စာမေးပွဲဖြေ ဆိုရမည့် ကျောင်းသားကျောင်းသူများ အခက်အခဲနှင့်ကြုံတွေ့နေကြသည်ဟု စခန်းမှ ပညာရေးမှူး စောညို့ ကလီထီး ကပြောသည်။
“လာမည့်မတ်လ (၂၀)ရက်နေ့မှာ ကျောင်းသားတွေ စာမေးပွဲဖြေဖို့၊ ဖတ်စရာ စာအုပ်တွေ မရှိတော့ သူတို့အခက်အခဲ ဖြစ်နေကြတယ်”ဟု စောညို့ကလီထီးက ပြောသည်။
ဒုက္ခသည်စခန်းများရှိ ကျောင်းများတွင် အရည်အချင်းစစ်စာမေးပွဲများကို သက်ဆိုင်ရာစာသင်ကျောင်း များက စစ်ဆေးခြင်းအပြင် ကရင်ဒုက္ခသည်ကော်မတီ(KRC)နှင့် ကရင်ဒုက္ခသည်စခန်းများ၏ ပညာ ရေး ကူညီစောင့်ရှောက်ပေးနေသည့် ကော်မတီ(KRCEE) တို့မှလည်း တာဝန်ယူစစ်ဆေးနေသည်။
ပြီးခဲ့သည့်(၂၃)ရက်နေ့က ၎င်းစခန်းတွင် အိမ်ခြေ (၅၆၆)လုံးနှင့် မူကြိုကျောင်း နှစ်ကျောင်း၊ မီးလောင် ကျွမ်းခဲ့ပြီး မီးကူးစက်မည်စိုး၍ အိမ်ခြေ(၅၁၅)လုံး ဖျက်စီးပစ်ခဲ့ရသည်။ မီးလောင်မှုကြောင့် ကျောင်း သား (၆၀၀)ကျော်၏ ကျောင်းသုံးပစ္စည်းများ မီးထဲပါသွားခဲ့ရသည်။
ထိုကျောင်းသားကျောင်းသူများအနက် Grade အတန်း ၆ နှင့်၉ က ကျောင်းသားကျောင်းသူ (၅၀) ကျော် စာမေးပွဲဖြေဆိုရန် ကျန်ရှိနေသေးသည်။
လက်ရှိအချိန်တွင် မီးဘေးမခံရသည့် ကျောင်းသားကျောင်းသူများ၏ မှတ်စုစာအုပ်များကို ကူးကာ အခက်အခဲရှိနေသည့် ကျောင်းသားကျောင်းသူအချို့ကို ပေးထားပြီး လိုအပ်နေသေးသည့် စာအုပ်များကို KRCEE မှ ကူညီပေးမည်ဟု ပညာရေးမှူးက ပြောသည်။
“စာမေးပွဲဖြေဖို့ရက်ကိုတော့ မရွေ့တော့ဘူး။ သတ်မှတ်ထားတဲ့ နေ့မှာပဲ စစ်ဖြစ်မယ်” ဟု ၎င်းက ဆက် ပြောသည်။
စခန်း ဥက္ကဌ စောဝါးထီး က စာမေးပွဲဖြေဆိုရန် ကျန်ရှိနေသေးသည့် ကျောင်းသားများအရေးကို လာမည့် အပတ်တွင် စခန်းပညာရေးမှူး၊ ကျောင်းဆရာ၊ ဆရာမများ၊ တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူး တို့နှင့် တိုင်ပင်ဆွေးနွေးသွားမည်ဟု ပြောသည်။
အုန်းဖျန်ဒုက္ခသည်စခန်းတွင် မူလတန်းကြိုမှ အထက်တန်းလွန်အထိ ကျောင်း (၂၁) ကျောင်းရှိပြီး ကျောင်းသားဦးရေ (၅,၄၀၀)ကျော် ရှိသည်။
အုန်းဖျန်ဒုက္ခသည်စခန်းတွင် ပညာရေးအပြင် နေထိုင်ရေးနှင့် အစားအအသောက်အခက်အခဲများ နှင့်လည်း ရင်ဆိုင်နေကြရပြီး မီးဘေးဒုက္ခသည်များသည် နီးစပ်ရာဆွေမျိုးများနေအိမ်၊ ဗလီနှင့် စာသင်ကျောင်းအချို့တွင် မှီခိုနေထိုင်နေကြရသည်။
ထိုင်း-မြန်မာနယ်စပ်အခြေစိုက်ဒုက္ခသည် များကိုစားနိပ်ရိက္ခာများကူညီပေးနေသည့်အဖွဲ့(TBBC)၊ ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)အပါအဝင် လူမှုထောက်ပံ့ရေး အဖွဲ့အစည်း များက မီးဘေးဒုက္ခသည်များကို အစားအသောက်အချို့နှင့် ယာယီနေထိုင်ရန် တာလပတ်စများ ကူညီ ထောက်ပံ့ပေးနေသည်။
မဲဆောက်မှ ၁နာရီခွဲသာ ကားမောင်းရုံဖြင့် ရောက်ရှိနိုင်သည့် အုန်းဖျန်ဒုက္ခသည်စခန်းတွင် အိမ်ခြေ (၃,၅၀၀)လုံးကျော်ရှိပြီး လူဦးရေ (၁၇,၀၀၀)ကျော် နေထိုင်လျက်ရှိသည်။ထိုစခန်းတွင် နေထိုင်သည့် ဒုက္ခသည် ၉ဝ ရာခိုင်နှုန်းမှာ ကရင်လူမျိုးများဖြစ်သည်ဟု TBBC စစ်တမ်း အရ သိရသည်။


















