ဖေဖော်ဝါရီ ၇ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ကျေဖိုးခီးကျေးရွာရှိ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတစ်ကျောင်းကို ကိုရီးယား ဘာသာရေး အဖွဲ့တဖွဲ့က ဘတ်ငွေတစ်သောင်းကျော် တန်ဖိုးရှိသည့် လူသုံးကုန်ပစ္စည်း အပါအဝင် အစားအစာနှင့် ဆေးဝါးတချို့ကို ယမန် နေ့က သွားရောက်ကူညီခဲ့ကြသည်။
ရိုမင်ကက်သလစ် ဘာသာရေးအဖွဲ့ခေါင်းဆောင် (Father Kin) ဦးဆောင်သည့် ၁၃ဦးပါ ကိုရီးယားလူငယ်အဖွဲ့က ကျေဖိုးခီး မူလတန်းကျောင်းမှ ကလေးများအား ပဲ၊ ငါးခြောက်၊ ခရမ်းချဉ်သီး၊ ဆပ်ပြာ၊ သွားတိုက်ဆေး၊ အဝတ်အထည်၊ ကစားစရာ ပစ္စည်းနှင့် မုန့်အမျိုးမျိုးတို့ကို ကူညီခဲ့ခြင်းဖြစ်သည်။
အဆိုပါအဖွဲ့ကို လိုက်ပါကူညီပေးခဲ့သူ ကရင်လူငယ်အစည်းအရုံးမှ စောဆာ့ကလို့က “သူတို့(ဖာသာကင်းနှင့်အဖွဲ့) မသွားခင် မြန်မာပြည်တွင်းက စာသင်ကျောင်းတွေကို မေးကြည့်တဲ့အခါ ကျေဖိုးခီးကျောင်းကို စိတ်ဝင်စားတယ်ဆိုပြီး သွားတာ။ သူတို့ သွားတော့ တော်တော် ဆင်းရဲတဲ့ ကလေးတွေကို တွေ့ရတော့ တအား သနားသွားတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ကိုရီးယားဘာသာရေးအဖွဲ့သည် ဘောလုံး၊ ခြင်းလုံး ကစားခြင်း၊ ပုလွေတီးမှုတ်ခြင်း စသည့် လှုပ်ရှားမှု အမျိုးမျိုးကို ကလေး များအား သင်ပြပေးခဲ့သည့်အပြင် ၎င်းတို့အဖွဲ့တွင် ဆေးဆရာအချို့လည်း ပါဝင်သည့်အတွက် ကျေဖိုးခီးကျေးရွာမှ ဝဲ၊ ယားနာ၊ နှာစေး၊ ချောင်းဆိုး ဖြစ်ပွားနေသည့် ကလေး အပါအဝင် လူကြီး ၃ဝဦးကျော်ကိုလည်း ဆေးဝါးကုသပေးခဲ့သည်ဟု သူက ဆက် ပြောသည်။

လက်ရှိ ကျေဖိုးခီးစာသင်ကျောင်းသည် ကျောင်းဆောင်နှင့် ဘော်ဒါဆောင် ခေါင်မိုးများ ပေါက်ပြဲနေသည့်အပေါ် အိမ်မိုးဖက် များ အကူအညီ ပေးစေလိုကြောင်း ကျောင်းဆရာ၊ ဆရာမများက ကိုးရီးယား ဘာသာရေးအဖွဲ့အား ပြောဆိုခဲ့သည်ဟု သိရ သည်။
ကျောင်းသူကျောင်းသူဦးရေ ၁၀ဝ ဝန်းကျင်ရှိ ကျေဖိုးခီးမူလတန်းကျောင်းတွင် ပဉ်စမတန်း(၅တန်း)အထိ ပညာသင်ကြားပေး လျှက်ရှိပြီး ကျောင်းအုပ် အပါအဝင် ဆရာ၊ ဆရာမ (၄)ဦးက လုပ်ခလစာမရဘဲ ကလေးများအား စေတနာဖြင့် စာသင်ပေး နေခြင်း ဖြစ်သည်။
ကျေဖိုးခီးကျောင်းအုပ် ဆရာစောမူးကပေါ်က “ဆင်းဆင်းရဲရဲနဲ့ စာသင်ယူနေရတဲ့ ကလေးတွေကို လာရောက်ကူညီပေးတဲ့အ တွက် သူတို့ကို အများကြီး ကျေးဇူးတင်ပါတယ်။ ကလေးတွေရဲ့ ပညာရေးအတွက် အထောက်အပံ့ဖြစ်မဲ့ အရာတွေကို ဖြစ်နိုင် ရင် နောင်လည်း ထပ်ပြီး ကူညီပေးစေချင်တယ်။”ဟု ပြောသည်။
Father Kin ဦးဆောင်သည့် ကိုရီးယား ရိုမင်ကက်သလစ် ဘာသာရေးအဖွဲ့သည် ဒေါနတောင်တန်း အရှေ့ဘက်ခြမ်းရှိ ကျေဖိုး ခီး ကိုယ်ထူကိုယ်ထကျောင်းသို့ ယခု လာရောက်ကူညီသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၀၉ခုနှစ်၊ ဇွန်လက ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်မြေ တပ်မဟာ(၇)ကို တိုးတက်သော ဗုဒ္ဓ ဘာသာ ကရင်အမျိုးသားတပ်မတော်-DKBA (ယခင်) ထိုးစစ်ဆင်ခဲ့စဉ်က အဆိုပါ စာသင်ကျောင်းမှ ကျောင်းသူကျောင်းသား လေးများသည် ထိုင်းဘက်ခြမ်းရှိ နိုဘိုးကျေးရွာတွင် တနှစ်ကျော် ယာယီ ခိုလှုံအခြေချ နေထိုင်ခဲ့သေးသည်။


















