ဇန်နဝါရီ ၂၃ရက်။ ၂၀၁၂။
သမ္မတဦးသိန်းစိန် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူ ကယန်းမျိုးဆက်သစ်လူငယ် တွဲဖက်အတွင်း ရေးမှူး(၂) ခွန်းဘီဒူးနှင့် ကရင်သတင်းဌာန(KIC) သတင်းထောက် စောခါးစူးညား ဆက်သွယ်မေးမြန်းထားချက် ဖြစ်သည်။
ခွန်းဘီဒူးကို ဦးငြိမ်း၊ ဒေါ်အားပိုင်တို့က သျှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့မှာ ၁၉၈၄ခုနှစ်က မွေးဖွားခဲ့ပါတယ်။ ဖယ်ခုံမြို့၊ ကက်သလစ်ဘုရားကျောင်း၏ မိဘမဲ့စာသင်ကျောင်းတွင် ၆တန်းအထိ ပညာသင်ခဲ့သည်။ ထိုမှတဆင့် သီပေါမြို့၌ ဆယ်တန်း အောင်မြင်ခဲ့ပြီး နိုင်ငံရေးလုပ်ငန်းလုပ်ဆောင်ရန် ၂၀၀၄ခုနှစ်တွင် ပြည်ပသို့ ထွက်ခွာ၍ ကယန်းမျိုးဆက်သစ်လူငယ်-KNGY ထံ ရောက်ရှိလာကာ နိုင်ငံရေးသင်တန်းများကို တက်ရောက်ခဲ့သည်။ ၂၀၀၇ခုနှစ်တွင် Foreign Affair Training-FAT ကို အောင် မြင်ခဲ့သည်။
သူသည် KNGY ၌ ဝိုင်းကူလုပ်ကိုင်ရင်း တွဲဖက် အထွေထွေအတွင်းရေးမှူး(၂) ရွေးကောက်ခံခဲ့ရသည်။ ၎င်းနောက် ကယန်းမျိုး ဆက်သစ်လူငယ်များနှင့်အတူ စစ်အစိုးရ၏ ပြည်သူ့ဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲထည့်ရန် စည်းရုံးလှုံ့ဆော်ရင်း ၂၀၀၈ခုနှစ် မေလ ၁ဝရက်နေ့တွင် အဖွဲ့ဝင်လူငယ်များဖြစ်သည့် ခွန်းကော်ရိယို့၊ ခွန်းဒီ့ဒီ၊ မအယ်ဗလင်းတို့နှင့်အတူ အစိုးရအာဏာပိုင်များ ၏ ဖမ်းဆီးမှုကို ခံခဲ့ရသည်။ ထို့နောက် လွိုင်ကော်ထောင်တွင် ထောင်ဒဏ် ၃၇နှစ် ချမှတ်ခံခဲ့ရပြီး တောင်ငူထောင်သို့ ပြောင်း ရွှေ့ခံရကာ အခု အစိုးရသစ် ဦးသိန်းစိန် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလ ၁၃ရက်နေ့တွင် ပြန်လည် လွတ် မြောက်လာခဲ့ခြင်း ဖြစ်သည်။
ခွန်းဘီဒူးသည် ၎င်းအဖမ်းမခံရခင် ၂၀၀၈ခုနှစ်၊ ဧပြီလ ၂၁ရက်နေ့က ကယားပြည်နယ်လူငယ်ကို ဖွဲ့စည်းလိုက်ပြီး ကရင်နီ (ကယား)ပြည်နယ်အတွင်းရှိ လူငယ်များကို ပထမဆုံးအကြိမ် စုစည်းနိုင်ခဲ့သည်။ ကယားပြည်နယ်လူငယ်ဟာ ကယန်းမျိုး ဆက်သစ်လူငယ် အပါအဝင် အခြားသော လူငယ်အဖွဲ့(၁၀)နှင့် ဖွဲ့စည်းထားသည့် တပ်ပေါင်းစု ဖြစ်သည်။
မေး ။ ။ သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အခုလို ပြန်လည်လွတ်မြောက်လာတာကို ပထမဦးဆုံး ဘာပြောဆို ချင်ပါသလဲ။
ဖြေ ။ ။ ပထမဦးဆုံးအနေနဲ့ကတော့ အထူးသဖြင့် သမ္မတ ဦးသိန်းစိန်ဟာ ပြင်ဆင်မှုတွေ လုပ်နေတဲ့ အနေအထားမျိုးမှာ ကျနော်တို့အားလုံး သိနေတယ်။ သူတော်တော်လေး ပြင်ပြင်ဆင်ဆင်လေးနဲ့ပဲ။ နိုင်ငံရေးနဲ့ ကြိုးစားချင်စိတ်တွေ ရှိတာကို တွေ့ ရတာပေါ့နော်။ အဲဒီတော့ ကျနော်တို့ အစကတည်းကလည်း နိုင်ငံရေးလှုပ်ရှားတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ကို ထိန်းချုပ် ထားတဲ့အပေါ်မှာတော့ အပြစ်ရှိတယ်လို့ မခံစားရဘူး။ အခုလို လွှတ်လာတာလည်း ကျေးဇူးတင်တဲ့ အနေအထားမှာ မရှိဘူး။ ဦးသိန်းစိန် လုပ်နေတဲ့ဟာတွေကတော့ ကောင်းပါတယ်။ (အကျဉ်းသား) ထပ်လွှတ်ဖို့လည်း ရှိသေးတယ်။ အခု တောင်ငူ ထောင်မှာရော၊ လွိုင်ကော်ထောင်မှာရော နိုင်ငံရေးလုပ်တဲ့ ကျနော့်သူငယ်ချင်းတွေ တော်တော်များများကျန်သေးတယ်။ သူတို့ ကို နောက်ဆုံး အမြန်ဆုံး လွှတ်ပေးစေချင်တယ်။ ဒါကျနော့်ရဲ့ ပထမဆုံးအကြိမ် ပန်ကြားချက်ပေါ့နော်။ ဦးသိန်းစိန်အစိုးရကို အဲလို ပြောချင်ပါတယ်။
မေး ။ ။ ပြန်လွှတ်လာမယ်ဆိုတာကို ထောင်အာဏာပိုင်တွေ ကြိုတင်လာရောက် အကြောင်းကြားတာတွေ ဘာရှိလဲ။
ဖြေ ။ ။ (မလွှတ်ခင်) ညနေ ၆နာရီလောက်မှာ သတင်းထဲမှာ ပါလာတယ်။ အစိုးရ တီဗွီသတင်းဌာနတွေထဲမှာ၊ သတင်းဌာန တွေ ကြေညာတာကတော့ ကျနော်တို့ အမျိုးသားအဆောင်တွေက စောင့်တာပေါ့။ တချို့လူကလည်း ဖုန်းနဲ့ အကြောင်းကြား လာတယ်။ ဘယ်သူက ပါလဲ။ ဘယ်သူက မပါဘူးလဲ။ တညလုံးပဲ ကိုယ့်အခန်းနဲ့ကိုယ် စောင့်နေရင်းနဲ့ ၃နာရီလောက်မှာ ကျနော့်နာမည် ပါလာတယ်။ မနက်ကိုးနာရီလောက်မှာ ကျနော်တို့ကို ပြန်လွှတ်ပေးတယ်။
မေး ။ ။ ပြန်လွှတ်လာတော့ရော ဘယ်လိုခံစားရလဲ။
ဖြေ ။ ။ ပြီးခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွေမှာ လွှတ်ပေးမလား မျှော်လင့်ချက်ထားခဲ့တယ်။ ဒါပေမယ့် မပါခဲ့ဘူး။ ဒီတစ် ခေါက်ပါတော့ ပျော်ပါတယ်။
မေး ။ ။ လက်ရှိ ထောင်ထဲက အခြေအနေ ဘယ်လိုရှိလဲ။ လွပ်လပ်ခွင့်တွေ ဘယ်လောက်ရှိလဲ။ (ဥပမာ-တီဗွီကြည့်ခွင့်၊ စာဖတ်ခွင့် ရှိမရှိ ရှင်းပြပါဦး။)
ဖြေ ။ ။ နှစ်ပိုင်းတော့ ရှိတာပေါ့နော်။ ပထမ ကျတုန်းကတော့ ၆လလောက် တိုက်ပိတ်သဘောမျိုးနဲ့ ထားတယ်။ အိမ်က (မိသားစု)လူလည်း လာတွေ့ခွင့်မရဘူး။ ၂၀၁၀လောက်ရောက်မှ ကျနော်တို့ လွတ်လွတ်လပ်လပ် ထားပေးတာပေါ့နော်။ တောင်ငူထောင်ဘက် ပြန်ရောက်တဲ့အချိန်မှာတော့ ပိုကောင်းလာတယ်။ ကျန်းမာရေးတွေ ကျနော်တို့နေတဲ့ အဆောင်တွေကို လာစစ်ပေးတယ်။ အားကစားပေါ့နော်။ ခြင်းလုံးတွေ ကစားရတယ်။ စာဖတ်ခွင့်ရတယ်။ ပြည်တွင်းက ထုတ်တဲ့ စာအုပ်တွေ၊ ဦးတည်ချက် လေးရပ်ပါတဲ့ စာအုပ်တွေ ဖတ်ခွင့်ရတယ်။ ထောင်မှူးထောင်ပိုင် စေတနာတွေလည်း နောက်ပိုင်းမှာ တိုးတက်မှု ရှိ ခဲ့တယ်။ လေးစားမှုတွေ ရှိလာတယ်။ တခါတလေမှာလည်း ထောင်ပိုင်ထောင်မှူးတွေ ချစားလာဘ်စားမှုတွေ ရှိတာပေါ့။ ဒါပေမယ့် အားလုံးနီးပါး အဆင်ပြေပါတယ်။
မေး ။ ။ လွိုင်ကော်ထောင်ထဲမှာက နှိပ်စက်မှုတွေ ရှိလား။ ဘယ်လို နှိပ်စက်မှုတွေ ရှိလဲ။
ဖြေ ။ ။ ကျနော့်ကို စဖမ်းမိတုန်းက ဘာတွေလုပ်လဲ။ ဘယ်သူနဲ့ ဆက်သွယ်လဲ။ နောက် လှုပ်ရှားမှုထဲမှာ ဘယ်သူတွေပါ လဲ။ မအိပ်တမ်း စစ်မေးတယ်။ လက်ထိပ်ကို နောက်ကနေ ဒူးနဲ့ဆွဲပြီးမှ မှောက်လျှက်သားနဲ့ မြေကြီးနဲ့ မထိသလို ဖြစ်နေတယ်။ အဲလိုမျိုးတွေလည်း နှိပ်စက်တယ်။ နောက် နံပါတ်တုတ်တွေနဲ့လည်း ရိုက်ပြီးတော့ စစ်တာပေါ့နော်။ နာတယ်လို့ ပြောရင် (သေနတ်နဲ့)ပစ်လိုက်မယ်။ ဘာတွေနဲ့ ခြိမ်းခြောက်တယ်။ ကျနော်တို့ လွိုင်ကော် ရဲစခန်းမှာ ၂ရက် နှိပ်စက်ခံရတယ်။ နစ်နာ စရာတွေတော့ အများကြီး ရှိတာပေါ့။
မေး ။ ။ အရင် အကျဉ်းချ မခံရခင်နဲ့ အခု ပြန်လွတ်မြောက်လာတဲ့ အခြေအနေနဲ့ ဘာပြောင်းလဲမှုတွေ မြင်ရလဲ။
ဖြေ ။ ။ ကျနော်သိသလောက်ကတော့ လက်ရှိ ကယား(ကရင်နီ)ပြည်နယ်ထဲက ဝန်ကြီးတွေ သိပ်အလုပ်မလုပ်နိုင်တဲ့ အနေ အထားမျိုးတွေ ကြားရတာပေါ့နော်။ လုပ်ပိုင်ခွင့်လည်း သိပ်မရှိဘူး။ အားနည်ချက်တွေ ရှိသေးတယ်။ တတ်နိုင်သလောက် သူတို့တွေ လုပ်ကြတယ်။ ဒါပေမယ့် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကျနော်တို့ လိုချင်တဲ့ အစိုးရ၊ လူထုကို ခေါင်းဆောင်တဲ့အစိုးရ မရှိ သေးတာတော့ အမှန်ပါပဲ။
အရှင်းဆုံး ပြောရရင် လမ်းတွေမှာလည်း စစ်တပ်ဂိတ်တွေနဲ့။ စစ်တပ်တွေရဲ့ ထိန်းချုပ်မှုတွေကလည်း အခုထိ ရှိနေတုန်းပဲပေါ့ နော်။ လူငယ်တွေ တော်တော်များကလည်း အရက်တွေ သောက်ပြီးမှ ပြစ်မှုတွေနဲ့ ထောက်ကျတဲ့သူတွေ၊ ဆေးမှုတွေနဲ့ ထောင်ကျတဲ့သူတွေကြည့်ရင် စိုးရိမ်စရာကောင်းတဲ့ အနေအထားမှာ ရှိနေတုန်းပဲ။ တိုးတက်ပြောင်းလဲမှုတွေ သိပ်မမြင်ရဘူး ပေါ့။ တချို့ဟာတွေ တော်တော်လေးကို သိပ်တိတိကျကျ မသိရသေးတော့ ဘာတွေ ဆက်လုပ်မလဲ။ ဘယ်လို ပါဝင်မလဲဆိုတဲ့ အတိုင်းအတာ စတာတွေ စလေ့လာနေတုန်းပါပဲ။
မေး ။ ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တော်တော်များများ အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ် တွေ လက်မှတ်ထိုးခဲ့ကြပေမယ့် ကချင်ဒေသဘက်မှာ တိုက်ပွဲဆက်ဖြစ်နေသလို လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်း အစိုးရ ဘက်က ဆက်လုပ်နေကိုကြည့်ရင် လက်ရှိ နိုင်ငံရေးအခြေ ဘယ်လိုသုံးသပ်ပါသလဲ။
ဖြေ ။ ။ ကျနော်တို့လည်း ထောင်ထဲမှာ အဒါတွေ ဖတ်ရတယ်။ ကြားရတယ်။ KNU လည်း အစိုးရနဲ့ လက်မှတ်ထိုးလိုက်ပြီ။ ပထမတဆင့်အနေနဲ့ ခုနက ပြောတဲ့ ငြိမ်းချမ်းရေး၊ ပစ်ခတ်ရပ်စဲရေး လုပ်တဲ့ကိစ္စတွေ ပထမဆင့် အနေနဲ့ လုံးဝ ကောင်းပါ တယ်။ အပစ်အခတ်ရပ်စဲရေးပြီးရင် ဘာဆက်လုပ်ကြမလဲ။ နိုင်ငံရေးမှာကော ဘာတွေ ဆက်လုပ်ကြမလဲ အရေးကြီးတယ်။ အခု ကျနော်တို့ လေ့လာနေတုန်းပါပဲ။ ကျနော်တို့ တိုင်းရင်းသားတွေလည်း အခွင့်အရေးတွေ ဆုံးရှုံးခဲ့တာတွေလည်း အရမ်း များနေပြီ။ ကျနော်တို့ ရပ်မိရပ်ဖတွေရဲ့ အခွင့်အရေးတွေကို မတောင်းဆိုဘဲနဲ့ ငြိမ်းချမ်းရေး လုပ်တာသက်သက်ပဲ၊ လက်နက်ချ ရုံသက်သက်ပဲဆိုရင် စဉ်းစားစရာဖြစ်တာပေါ့။ ဖြစ်ချင်တာကတော့ နိုင်ငံရေးမှာ ဒေသစွဲ၊ လူမျိုးစွဲ မရှိဘဲနဲ့ နိုင်ငံရေးအခွင့်အရေး တွေ၊ လူ့အခွင့်အရေးတွေ၊ ဒီမိုကရေစီအရေးတွေရော၊ သဘောတူလက်ခံကြတဲ့ အနေအထားမျိုးဆိုရင်တော့ သင့်တော်တဲ့ အကောင်းဆုံး အပြုအမူမျိုးတွေပေါ့။ အဲလိုမျိုး ကျနော်တို့ မျှော်လင့်တယ်။
အခု ဦးသိန်းစိန်အစိုးရနဲ့ အရင်အစိုးရတွေရော အားနည်းချက်ရှိတာပေါ့နော်။ အားနည်းချက်ဆိုတာက မတိကျဘူး ပေါ့နော်။ စစ်တပ်နဲ့ အစိုးရကြားမှာ အဲလို ပြောလို့ရတာပေါ့။ လူထုရွေးကောက်တဲ့ အစိုးရနဲ့ မူရင်းရှိတဲ့ အစိုးရက လူတွေနဲ့ Power Share တဲ့ အနေအတိုင်းမျိုးမှာ ရှိတယ်။ ဖွဲ့စည်းပုံထဲမှကိုက မှားနေတယ်။ ဖြစ်ပုံက အာဏာတွေကို စစ်ဦးစီးချုပ်ဆီမှာ။ စတာတွေ အာဏာသိမ်းချင်တိုင်း လုပ်ချင်တိုင်း လုပ်လို့ရတယ်။ နိုင်ငံရေးကိစ္စတွေမှာရော၊ စစ်ရေးကိစ္စတွေမှာရော ဝင်စွက် ဖက်လို့ ရတယ်။ အဲလိုမျိုးဆိုတော့ အစိုးရတရပ်အနေနဲ့ ဒီလို ဘာမှ မလုပ်နိုင်တဲ့ ပေါ်လစီမျိုးမှာ ကျနော်တို့ ခန့်မှန်းလို့တောင် မရတဲ့ အနေအထားမျိုးပါ။
မေး ။ ။ အခု ပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်း ဘာဆက်လုပ်ဖို့ စိတ်ကူးထားလဲ။
ဖြေ ။ ။ ဒီမှာရှိတဲ့ လူငယ်တွေက ဦးဆောင်ပြီး လုပ်ခိုင်းစေချင်တယ်။ ရှေ့လုပ်ငန်းစဉ်ပေါ့နော်။ လောလော ဆယ် ဖယ်ခုံမှာပဲ အခြေချပြီးတော့မှ လူမှုရေးတွေရော၊ နိုင်ငံရေးတွေရော၊ နောက်ပြီးတော့ အမျိုးသားတွေရော ကျနော်တို့ ကြိုးစားပြီးတော့မှ လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ ကျနော်တို့ ဒီမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေ၊ အဖွဲ့အစည်းတွေနဲ့ ဆက်စပ်ပြီးတော့မှ ပြည် ထောင်စုအတွက်၊ အနာဂတ် နိုင်ငံသားတွေအတွက် လုပ်ဖို့ ဆန္ဒရှိပါတယ်။ ကယန်းမျိုးဆက်သစ် လူငယ်တွေနဲ့လည်း အလုပ် ဆက်လုပ်ဖို့ ရှိပါတယ်။
မေး ။ ။ ကယန်း အပါအဝင် ဗမာပြည် တိုင်းရင်းသားလူမျိုးတွေအားလုံးကို ဘာမက်ဆေ့ချ်တွေ ပေးချင်သလဲ။
ဖြေ ။ ။ အထူးသဖြင့် ကယန်းလူထုပေါ့နော်။ ကျနော်တို့ကတော့ တော်တော်လေးကို နောက်ကျနေတဲ့ လူမျိုးစုတွေပေါ့နော်။ ကျနော်တို့ သူများထက် ပိုပြီးမှ ကြိုးစားရမှာပေါ့နော်။ သူများတွေလိုပဲ ရဲရင့်ပြတ်သားရမယ်။ မြန်မာတနိုင်ငံလုံး အတိုင်းအတာ တွေနဲ့ကတော့ ကျနော်တို့ စည်းစည်းလုံးလုံး၊ ညီညီညွှတ်ညွှတ်လေးနဲ့ သွားမှရမယ်လို့ မြင်လာပြီ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံ ရေး တိုးတက်ပြောင်းလဲလာတာနဲ့အမျှ ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှု မရှိဘူးဆိုရင်တော့ နောင်တစ်ချိန်ကျရင်တော့ ရင်ကော့ တိုက်ပွဲဝင်နိုင်မယ့် အခြေအနေမျိုး မရှိဘဲနဲ့ နိုင်ငံရေးအခွင့်အရေးနဲ့ လူ့အခွင့်အရေးတွေလည်း ရနိုင်မှာ မဟုတ်ဘူး။ အခုဆိုရင် ကျနော်တို့ ချင်းလူငယ်၊ ကရင်လူငယ်နဲ့ မွန်လူငယ်တို့ စတဲ့လူငယ်တွေ ညီညွှတ်ရမယ်။ ပြည်တွင်းမှာရော၊ ပြည်ပမှာ ရော စုစုစည်းစည်းရှိမှ ကျနော်တို့ လက်တွဲပြီးတော့မှ ပိုလုပ်ဆောင်သင့်တဲ့ အနေအထားမျိုးမှာ ရှိနေပါပြီ။ ကြိုးကြိုးစားစား လုပ်သွားဖို့လည်း ကျနော် တိုက်တွန်းလိုပါတယ်။


















