ဒီဇင်ဘာလ ၆ရက်။ နန်းသူးလေ (ကေအိုင်စီ)
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲဆောက်မြို့ရှိ Children Development Center(CDC) ကျောင်းတွင် လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ဒေါက်တာ စင်သီယာမောင်၏ (၅၂)နှစ်ပြည့် မွေးနေ့ပွဲကို ယနေ့မနက်တွင်စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။
မွေးနေ့ပွဲ အခမ်းအနားကို ယနေ့နံနက် ၉နာရီကျော်တွင် CDC ကျောင်းသူကျောင်းသားများ၏ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အကများဖြင့် မွေးနေ့ပွဲကို စတင် ဖွင့်လှစ်ခဲ့ပြီး ဒေသခံထိုင်းရပ်မိရပ်ဖများ၊ အမျိုးသမီး၊ လူငယ်၊ လူမှုရေးနှင့် နိုင်ငံရေးအဖွဲ့အ စည်း အသီးသီးမှ ဧည့်ပရိဿတ်များ ၁.၀၀ဝနီးပါး လာရောက်ချီးမြှင့်ခဲ့ကြသည်။
အစီအစဉ်အရ မွေးနေ့ဆုတောင်းစကားများကို လွေးနွေနှောင်း၊ ဦးဘိုသောင်း၊ မယ်တော်ဆေးခန်းမှ နိုင်ငံခြားသား စေတနာ့ဝန် ထမ်းတစ်ဦး၊ ထိုင်းပညာရေးဌာနမှ ထိုင်းလူမျိုး မနိဒါးတို့အပြင် ဒေါက်တာစင်သီယာမောင်၏ သားနှင့် သမီးတို့ကလည်း မွေးနေ့ ရှင် မိခင်အတွက် ရင်တွင်းဖြစ်စကားများကို ပြောကြားခဲ့ကြသည်။
ဒေါက်တာစင်သီယာမောင်၏ သမီး မေသန့်ဇင်မောင်က “ယနေ့ကျရောက်တဲ့ မေမေရဲ့ ၅၂နှစ်ပြည့် မွေးနေ့မှစပြီး နောင်နှစ် ပေါင်းများစွာတိုင်အောင် ကျန်းမာချမ်းသာပြီး ပူပင်သောကတွေ ကင်းဝေးပါစေ။ ရှေ့ဆက်ပြီးတော့လည်း လူမှုရေးလုပ်ငန်းတွေ ကို လုပ်ကိုင်နိုင်အောင်လို့လည်း မြန်မာနိုင်ငံသားများ အပါအဝင် နိုင်ငံတကာကကော၊ ထိုင်းနိုင်ငံကပါ အားပေးကူညီပေးကြပါ။ နောက်ပြီး မေမေကလည်း အားလုံးရဲ့ အားအင်ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။”ဟု ပြောသည်။
၎င်းနောက် ဒေါက်တာစင်သီယာမောင်အား ကျောင်းသူကျောင်းသားလေးများက ခြံရံ၍ မွေးနေ့ကိတ်မုန့်တွင် ဖယောင်းတိုင် လေးများ ထွန်းညှိကာ Happy Birthday သီချင်းသီဆိုပြီး ကိတ်မုန့်လှီးခြင်းနှင့် မွေးနေ့ရှင်မှ နှုတ်ခွန်းဆက် ပြောကြားခြင်း အစီ အစဉ်ကို ပြုလုပ်ခဲ့ကြသည်။
ဒေါက်တာစင်သီယာမောင်မွေးနေ့တွင် မွေးနေ့လက်ဆောင်ပေးအပ်ခြင်း၊ ကရင်အဆိုတော်များနှင့် ကျောင်းဆရာတစ်ဦးမှ တေး သီချင်းများဖြင့် ဂုဏ်ပြုသီဆိုခြင်း၊ ကျောင်းသူကျောင်းသားများက အကပဒေသာများဖြင့် ဖျော်ဖြေရေးခြင်း၊ မွေးနေ့ဖြစ်မြောက် ရေးကော်မတီမှ ဆရာမနော်လီလီအောင်မှ ကျေးဇူးတင်စကားပြောကြားပြီး ကျွေးမွေးဧည့်ခံခြင်းအပြင် ကရင်ဒုံးယိမ်းအကများ ဖြင့် ဖျော်ဖြေခဲ့ကြသည်။
လူထုအကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်ပေးနေသူတဦး၏ မွေးနေ့ပွဲသည် သာမန်အမျိုးသမီးတဦး၏ မွေးနေ့ပွဲ မဟုတ်ဘဲ လူမှုရေးစိတ်ဓါတ်ရှိပြီး အများအပေါ် ဂရုဏာစိတ်ဖြင့် ကူညီသူမိခင်တဦး၏ မွေးနေ့ပွဲဖြစ်ကြောင်း CDC ကျောင်း၏ ပညာရေး ကော်မတီအဖွဲ့ ဒုဥက္ကဌ ဦးမောင်မောင်ကြီးက ပြောသည်။
“ဆရာမကြီးအနေနဲ့ မြန်မာပြည်ထဲ ပြန်ရောက်သည့်တိုင်အောင် မိသားစု၊ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ မြန်မာနိုင်ငံအကျိုး၊ တိုင်းရင်းသားပြည်သူအကျိုးကို အောင်မြင်စွာ လုပ်ကိုင်နိုင်ပါစေလို့ ဆုတောင်းပေးချင်ပါတယ်။”ဟု ၎င်းက ပြောသည်။
ဒေါက်တာစင်သီယာမောင်သည် လွန်ခဲ့သည့် ၂၃နှစ်မှစ၍ ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာနိုင်ငံသားများအတွက် ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေးလုပ်ငန်းများကို စတင် လုပ်ကိုင်ခဲ့ပြီး လက်ရှိအချိန်တွင် မြန်မာနိုင်ငံဆေးပညာရှင်များအသင်း(BMA)နှင့် နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားများအဖွဲ့(BPHWT)၏ ဥက္ကဌအဖြစ် တာဝန်ယူထားသူ ဖြစ်သည်။
မယ်တော်ဆေးခန်းကို စတင် တည်ထောင်ခဲ့သည့် ဆရာမကြီးဒေါက်တာစင်သီယာမောင်သည် ၁၉၈၈ခုနှစ်၊ ရှစ်လေးလုံးအရေး အခင်းအပြီးတွင် ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာခဲ့ပြီး ၁၉၉၉ခုနှစ်မှ ၂၀၁၁ခုနှစ်အထိ နိုင်ငံတကာမှ ပေးအပ်သည့် ဆု ၁၈ ဆုကို ရရှိခဲ့ပြီးဖြစ်သည်။



















