ဒီဇင်ဘာလ ၆ရက်။ နန်းသူးလေ (ကေအိုင်စီ)
ကချင်ပြည်နယ်အတွင်းရှိ စစ်ပွဲကြောင့် နယ်မြေလုံခြုံမှုမရှိသော စစ်ဘေးသင့်ဒေသများရှိ ကလေးလူငယ်များ အပါအဝင် ဒုက္ခ သည်များကို လူသားချင်း စာနာမှု အကူအညီများ ထောက်ပံ့ရန် မန္တလေးမြို့ရှိ ပရဟိတလုပ်ငန်းများဆောင်ရွက်နေ သည့်အဖွဲ့ ၁၁ခုက ဒီဇင်ဘာလ ၄ရက်နေ့တွင် သွားရောက်ကူညီခဲ့သည်။

၎င်းအဖွဲ့ ၁၁ဖွဲ့ စုပေါင်းထားသည့် “ကလေးချစ်သူများ ကွန်ယက်အဖွဲ့”ကို ဆရာတော်တပါးက ဦးဆောင်ကာ မြစ်ကြီးနားမြို့ အနီးရှိ စစ်ပြေးဒုက္ခသည်စခန်းများကို အဓိက သွားရောက်ခဲ့ပြီး ယနေ့အထိ ၃ရက်တာ အစီအစဉ်ဖြင့် သွားရောက်ကူညီခဲ့ခြင်း ဖြစ်သည်ဟု ထိုအဖွဲ့တွင် ပါဝင်သူ ကိုရဲရင့်ကျော်က ကေအိုင်စီသို့ ပြောသည်။
သူက “ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြရတဲ့ စစ်ပြေးဒုက္ခသည်တွေက အခုချိန်မှာဆို နေရာထိုင်ခင်း မလုံခြုံတဲ့အပြင် စားဝတ်နေရေးအတွက်လည်း အခက်အခဲတွေနဲ့ ကြုံတွေ့နေကြရပါတယ်။ ဒီကြားထဲ ဆိုးဝါးတဲ့ ရာသီဥတုအအေးဒဏ်ကိုလည်း ကလေးကော လူကြီးတွေပါ ခံစားနေကြရတာတွေကြောင့် ကျနော်တို့ကနေ သွားရောက်ကူညီ ပေးမှာပါ။”ဟု ပြောသည်။
သွားရောက်ကူညီသည့် ပစ္စည်းများမှာ ဆန်အိတ် (၁၀၀)နှင့်အတူ အဝတ်အထည်များ၊ ကလေးကစားစရာများ၊ စောင်များ၊ ငွေ သား ၁၂သိန်းကျော်ကိုလည်း လှူဒါန်းခဲ့သည်ဟု ကလေးချစ်သူများ ကွန်ယက်အဖွဲ့က ဆိုသည်။
လတ်တလော အခြေအနေတွင် ချမ်းအေးသည့် ရာသီဥတုကြောင့် ရောဂါများရနိုင်သည့် ကချင်ဒုက္ခသည်များကို ပြည်တွင်းမှ ပရဟိတလုပ်ဆောင်ရေးအဖွဲ့များက ယခုလို သွားရောက်ကူညီသည့်အပေါ် ဝမ်းသာကြိုဆိုကြောင်း ကချင်အမျိုးသမီးအစည်း အရုံး(ထိုင်းနိုင်ငံ)-KWAT ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ရှယ်လီဆိုင်းက ပြောသည်။
“တော်လှန်ရေးနယ်မြေမှာရှိတဲ့ ဒုက္ခသည်တွေအတွက် ခုလိုရာသီမှာ စိုးရိမ်ရပါတယ်။ နောက်ပြီး စစ်ဖြစ်နေတဲ့ ကချင်အုပ်ချုပ် ဒေသမှာ ကျောင်းပိတ်ထားရလို့ ကလေးတွေဆို စာမသင်ကြားနိုင်ဘူး။ သူတို့အတွက် အခု ကျောင်းသုံးပစ္စည်းတွေနဲ့ အနွေး ထည်တွေ အရမ်းလိုအပ်နေချိန်မှာ ပြည်တွင်းပရဟိတအဖွဲ့တွေက အခုလို ကူညီပေးတာကို ကျမတို့အနေနဲ့ ကျေးဇူးအရမ်း တင်ပါတယ်။”ဟု ပြောသည်။
ယခင်က ပြည်တွင်းရှိ ရေဘေးဒုက္ခသည်များကိုသာ ပရဟိတကူညီ ဆောင်ရွက်မှုများသာ လုပ်ဆောင်ခဲ့ပြီး နယ်မြေလုံခြုံမှု မရှိ သော စစ်ဘေးသင့်ဒေသများသို့ သွားရောက်ကူညီခြင်းမှာ ယခုတကြိမ်သည် ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း ကိုရဲရင့်ကျော် က ပြောသည်။
ထို့အပြင် တိုက်ပွဲများကြောင့် ပြည်သူလူထုများစွာ ဒုက္ခရောက်နေရသူများကို သိမြင်လာကြပြီး ပြည်တွင်းစစ်များကို ရပ်တန့် ပေးရန်၊ ပြည်တွင်းရှိ တိုင်းရင်းသားအပါအဝင် ပြည်သူလူထုများအားလုံး၏ အကျိုးကိုရှေ့ရှုပြီး တိုင်းပြည်ငြိမ်းချမ်းအောင် အမြန်ဆုံး လုပ်ဆောင်သင့်ပါကြောင်း ထိုအဖွဲ့က ထောက်ပြပြောဆိုလိုက်သည်။
အဆိုပါ ပရဟိတကွန်ယက်အဖွဲ့သည် အခြားစစ်မက်ဖြစ်ပွားသည့် ကရင်၊ ရှမ်းဒေသများသို့လည်း သွားရောက်ကူညီနိုင်ရန် ကြိုးစားလျက်ရှိကြောင်းလည်း သိရသည်။
ကလေးချစ်သူများကွန်ယက်အဖွဲ့သည် မြဝတီမင်းကြီး ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္ဒ အရိယဝံသာဘိဝံသ၊ မေတ္တာစေတော ဝိမုတ္တိဆရာတော် ဒေါက်တာဓမ္မရက္ခိတ၊ ကံတက်ကုန်းမစိုးရိမ် ဆရာတော် အရှင်တေဇောဘာသ၊ အာရှအလင်းရောင်ဆရာ တော် အရှင်စန္တိတ စသည့် ဆရာတော်ကြီး (၄)ပါးအား အမှူးထားပြီး ပရိဟိတလုပ်ငန်းများကို ဆောင်ရွက်နေခြင်း ဖြစ်သည်။
လက်ရှိ တရုတ်-မြန်မာနယ်စပ်ရှိ စစ်ဘေးသင့်ဒုက္ခသည်များမှာ ၃သောင်းကျော်ရှိနေသည့်အထဲတွင် ကျောင်းသားကျောင်းသူ အရွယ် ကလေးငယ် ၂ထောင်ကျော်မှာ ကျောင်းမတက်နိုင်ကြကြောင်း KWAT အဖွဲ့က ပြောသည်။


















