အယ်ဒီတာ့အာဘော်
အရာဝတ္ထုတစ်ခု၊ ဥတုရာသီနှင့် လောကီလူသားများအကြား ဖြစ်ပျက်ပြောင်းလဲမှုများမှာ တစ်သမတ်တည်း တည်ငြိမ်၍မနေ။ ဖြစ်ပြန် ပျက်ပြန် လောကဓံဟူသော စကားအရ မိသားစုတခုတွင်း၊ လူမှုအဖွဲ့အစည်းအတွင်း၊ မြို့ရွာများအတွင်း၊ တိုင်းပြည် တခုအတွင်း ဖြစ်ပျက်မှု၊ ပြောင်းလဲမှုများကလည်း အဆိုးနှင့် အကောင်း ဒွန်တွဲကာ အစဉ်သဖြင့် ဖြစ်ပေါ်လေ့ရှိသည်။
ယခုလည်း အရပ်သားအစိုးရ အမည်ခံသည့် ကြံ့ဖွံ့အစိုးရသည် နှစ်ပေါင်းများစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရနှင့် ပလဲပနံ သင့်ခဲ့လေသမျှ ဧရာဝတီ မြစ်ဆုံစီမံကိန်းကဏ္ဍကျမှ သဲရေကျ ဆုတ်ခွာမှုများ ပြသလာခဲ့ပြီး တချိန်တည်းတွင်လည်း နှစ် ၅၀ကျော် ကူးလူးဆက်ဆံမှု မထားခဲ့သည့် အမေရိကန်နိုင်ငံနှင့်လည်း သံခင်း၊ တမန်ခင်း ပြန်လည်ဆက်ဆံကာ ပြောင်းလဲမှု များ ပြသလာခဲ့ပေပြီ။
စစ်အစိုးရ၏ ဝန်ကြီးချုပ်ဘဝမှ စစ်ဝတ်စုံကိုချွတ်ကာ ရွေးကောက်ပွဲတွင် အနိုင်ရသမ္မတ ဖြစ်လာခဲ့သည့် ဦးသိန်းစိန်အနေဖြင့် ယခင် စစ်အုပ်စု၏ လုပ်ရပ်ပုံစံမျိုးနှင့် မတူသယောင်၊ အပြောင်းအလဲ လိုလားသယောင် တခုချင်း လုပ်ဆောင်ပြလာခဲ့သည်။ ထိုအခြေအနေများကြောင့် ၂၀၁၄ခုနှစ်တွင် အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံများ၏ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ရန် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ရက်နေ့ အာဆီယံအစည်းအဝေး၌ သဘောထား ဆုံးဖြတ်ချက် ရရှိခဲ့သည်။
“ဖွတ်ထွက်မှ တောင်ပို့မှန်း”သိခြင်း မဟုတ်သော်လည်း ဤသည်ကို မျှော်လင့်၍ “ထောင်မြင် ရာစွန့်”သည့် ပြောင်းလဲမှုများ လုပ်ပြလာခဲ့သည်ကို မြန်မာပြည်သူတရပ်လုံးနှင့် ကမ္ဘာ့လူထုများက ကြိုမြင်ခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ ဥက္ကဌ ရာထူးကို အမိအရ ဆုပ်ကိုင်နိုင်ခဲ့ပြီးသကာလ နိုဝင်ဘာလ ၁၉ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း၌ သတင်း ထောက်များအား မိမိ၏ ဇာတိ၊ သရုပ်မှန်ကို ပြောဆိုထုတ်ဖော်ခဲ့သည်။
“ထာဝရငြိမ်းချမ်းရေးဆိုတာ လက်နက်စွန့်ပြီး ဥပဒေဘောင်ထဲ ဝင်လာဖို့ပဲ”ဆိုသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက် ပြားပြားမှောက်အောင် ဝပ်စင်းခိုင်းနေသည့် လေသံတင်းတင်းကို ဟစ်ကြွေးခဲ့သည်။ ကချင်၊ ကရင်၊ မွန်၊ ရှမ်း၊ ကယား(ကရင်နီ) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို နောက်ခံသမိုင်းမတူသည့် အကြောင်းပြချက်ဖြင့် အဖွဲ့ခွဲကာ တွေ့ဆုံခဲ့သော်လည်း ၎င်းတို့ ချပြဆွေးနွေးသည့် ပဏာမ သဘောတူညီချက် ၄ချက်မှာမူ အဖွဲ့တိုင်းအတွက် အတူတူပင် ဖြစ်သည်။
တချိန်တည်းတွင်ပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကလည်း နိုဝင်ဘာလ ၁၈ရက်နေ့က ပါတီဗဟိုအစည်းအဝေး ပြုလုပ်ကာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်မည်၊ ရွေးကောက်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ဆုံးဖြတ်ခဲ့ကြသည်။ “Something is better than Nothing” ဆိုသည့်မူကို ကျင့်သုံးသည့်သဘောဟု နားလည်မိသော်လည်း ကြံ့ဖွံ့အမတ်များသာ ကြီးစိုးနေသည့် လွှတ်တော်တွင် ၂၀၀၈ခုနှစ်က အတည်ပြုထားခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ခြင်း ရှိမရှိကိုမူ စိုးရိမ်မိသည်မှာ အမှန်ပင်။
သမ္မတ၏ စကားအရ မြန်မာပြည်ကို ဒီမိုကရေစီပုံစံ အံဝင်ခွင်ကျဖြစ်အောင် အတော်လေး ကြိုးစားရဦးမည်၊ ဥပဒေတစ်ခုတည်း အောက်တွင် အတူတကွ နေထိုင် စားသောက် လုပ်ကိုင်သွားမည်၊ စက်မှုဇုန်ထောင်ကာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုကို ကြိုဆို မည်ဆိုသည့် အပြောင်းအလဲများထက် ယုံကြည်ချက်ကြောင့် အကျဉ်းကျသူများကို လက်ခံရမည်၊ ထိုးစစ်များကို လုံးဝ ရပ်တန့် မည်၊ သုံးပွင့်ဆိုင် တွေ့ဆုံမှုများ ပြုလုပ်မည်၊ လွှတ်တော်တွင် လူထုကိုယ်စား တင်ပြလာသည့်အချက်များကို ရာနှုန်းပြည့် ထိရောက်စွာ လုပ်ဆောင်သွားမည့် ပြုပြင်မှုများဆီသို့သာ ဦးတည်သွားရမည် ဖြစ်ပေသည်။