ဒီဇင်ဘာလ ၁၆ရက်။ စောခါးစူးညား (ကေအိုင်စီ)
မကြာမီ ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲ၌ လစ်လပ်နေသည့် မဲဆန္ဒနယ်မြေများတွင် အဖွဲ့ချုပ်မှ တာဝန်ပေးအပ်ပါက ဝင်ရောက်အရွေးခံမည်ဟု အမျိုးသားဒီမိုကရေအဖွဲ့ချုပ်-NLD ၏ ကရင်ပြည်နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်နန်း ခင်ထွေးမြင့်က ကအိုင်စီသို့ ယနေ့ပြောကြားလိုက်သည်။
“ကရင်ပြည်နယ်မှာရှိတဲ့ မဲဆန္ဒနယ်တွေမှာ လစ်ဟာနေတဲ့ အမတ်နေရာ မရှိတော့တဲ့အတွက် ဝင်အရွေးခံလို့ မရတော့ဘူးလေ။ တကယ်လို့ အခြားမဲဆန္ဒနယ်မြေတခုခုမှာ လစ်ဟာနေတဲ့နေရာရှိရင် အဖွဲ့ချုပ်က တာဝန်ပေးအပ်မယ်ဆိုရင် ကျမ ဝင်အရွေးခံမှာပါ။”ဟု သူမက ပြောသည်။
ပြီးခဲ့သည့် ၂၀၁ဝ ရွေးကောက်ပွဲ၌ ကရင်ပြည်နယ် မဲဆန္ဒနယ်များအတွင်း မဲအနိုင်ရရှိသူ ပါတီကိုယ်စားလှယ်များသည် ပြည် ထောင်စု ဗဟိုအဆင့်တွင် မည်သူတဦးတယောက်မျှ အရွေးခံရခြင်း မရှိသဖြင့် လစ်ဟာနေသည့် နေရာမရှိခဲ့ခြင်း ဖြစ်သည်။
ဆက်လက်၍ ဒေါ်နန်းခင်ထွေးမြင့်က ယခုလ ဒီဇင်ဘာ ၁၉ရက်နေ့၌ ရန်ကုန်မြို့၊ NLD အဖွဲ့ချုပ်ရုံးတွင် ကျင်းပပြုလုပ်မည့် ပါတီခေါင်းဆောင်ရွေးကောက်ပွဲကို သူမကိုယ်တိုင် ပါဝင်တက်ရောက်မည်ဖြစ်ပြီး ထိုမှတဆင့် အဖွဲ့ချုပ်မှ ပေးအပ်လာသည့် တာဝန်အပေါ် မူတည်၍ လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်သွားမည်ဟု ဖြည့်စွက်ပြောဆိုသည်။
၁၉၈၈ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့သည့် NLD ပါတီသည် ယခုနှစ် နိုဝင်ဘာလ ၂၃ရက်နေ့တွင် ဗဟိုဦးစီးအဖွဲ့ဝင် ၂၁ဦးဖြင့် အသစ် ပြန်လည်ဖွဲ့စည်းခဲ့ရာ ဒေါ်နန်းခင်ထွေးမြင့်လည်း တစ်ဦးအပါအဝင် ဖြစ်သည်။ ယင်းအဖွဲ့မှာ …
၁။ ဦးတင်ဦး
၂။ ဒေါ်အောင်ဆန်းစုကြည်
၃။ ဦးဝင်းတင်
၄။ ဦးဟံသာမြင့်
၅။ ဦးဉာဏ်ဝင်း
၆။ ဒေါ်မေဝင်းမြင့်
၇။ ဦးဝီလာရှီဆိုင်း (ကချင်ပြည်နယ်)
၈။ ဦးဇိုဂွမ်း (ချင်းပြည်နယ်)
၉။ ဒေါ်ခင်စန်းလှိုင် (စစ်ကိုင်းတိုင်းဒေသကြီး)
၁၀။ ဒေါ်အုန်းကြည် (မန္တလေးတိုင်းဒေသကြီး)
၁၁။ ဒေါက်တာ ဒေါ်သန်းငွေ (ရှမ်းပြည်နယ်)
၁၂။ ဒေါ်ခင်မိုးမိုး (ကယားပြည်နယ်)
၁၃။ ဦးကျော်ခိုင် (ရခိုင်ပြည်နယ်)
၁၄။ ဒေါ်ခင်စောဌေး (မကွေးတိုင်းဒေသကြီး)
၁၅။ ဒေါ်လှလှမိုး (ပဲခူးတိုင်းဒေသကြီး)
၁၆။ ဒေါ်နန်းခင်ထွေးမြင့် (ကရင်ပြည်နယ်)
၁၇။ ဒေါ်ခင်ဌေးကြွယ် (မွန်ပြည်နယ်)
၁၈။ ဦးခင်ဇော်လင်း (ဧရာဝတီတိုင်းဒေသကြီး)
၁၉။ ဒေါ်ခင်အေးမူ (တနသင်္ာရီတိုင်းဒေသကြီး)
၂၀။ ဦးစိုးဝင်း (ရန်ကုန်တိုင်းဒေသကြီး) ညီနောင်ပါတီ
၂၁။ ကိုမျိုးညွန့် (လူငယ်အဖွဲ့)တို့ ဖြစ်ကြသည်။
ယခု အဖွဲ့သစ်တွင် စတင် ဖွဲ့စည်းစဉ်ကတည်းက ဦးဆောင်ခဲ့သူများ၊ စီအီးစီ တိုးချဲ့အဖွဲ့ဝင်သစ်များနှင့် တိုင်းဒေသကြီး (သို့မ ဟုတ်) ပြည်နယ်ကိုယ်စားပြုများ၊ လူငယ်ကိုယ်စားပြုများ စသည့် မူသုံးချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် NLD ပါတီကို ဦးဆောင်သွားမည်ဟုလည်း သိရသည်။
လက်ရှိ NLD ဗဟိုဦးစီးအဖွဲ့ဝင်တွင် ပါဝင်သည့် ဒေါ်နန်းခင်ထွေးမြင့်သည် ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ၌ ကရင်ပြည်နယ်၊ ဘားအံမြို့နယ် မဲဆန္ဒနယ်မြေအမှတ်(၃)တွင် NLD ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံခဲ့ရာမှ အနိုင်ရရှိခဲ့သူလည်း ဖြစ်သည်။
၂၀၁ဝခုနှစ်၊ မြန်မာစစ်အစိုးရ ဦးစီးကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၇မြို့နယ်မှ မဲဆန္ဒ နယ်မြေပေါင်း ၁၂ခုဖြင့် မဲဆန္ဒရှင်ဦးရေ ၅သိန်းကျော်တို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။
ပါဝင်အရွေးခံသည့် ပါတီများမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ (NUP)၊ ကရင်ပြည်သူ့ပါတီ(KPP)၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ(PSDP)၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါတီ(KSDDP)နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(AMRDP)တို့ ဖြစ်သည်။
လက်ရှိ ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးအပြီး မြန်မာအစိုးရက မကြာမီ ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်နှင့် ကယားပြည်နယ်များ၌ မဲဆန္ဒနယ်မြေ လစ်လပ်မှုမရှိကြောင်း သိရသည်။


















