ဒီဇင်ဘာလ ၅ရက်။ စောခါးစူးညား (ကေအိုင်စီ)
မြန်မာသမ္မတ ဦးသိန်းစိန်၏ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ဖြစ်သည့် တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်သည် ညီညွှတ်သော တိုင်း ရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ -UNFC ကို ဖြိုခွဲခြင်းနည်းဗျူဟာသာဖြစ်သည်ဟု UNFC က ယနေ့ ပြောကြားလိုက် သည်။
“သူတို့(မြန်မာအစိုးရ) ပြည်နယ်တခုနဲ့ မတူတဲ့အပေါ်မှာ၊ လိုအပ်မှုလည်း မလိုအပ်တဲ့အပေါ်မှာ UNFC တွေကို တဖွဲ့ချင်းစီနဲ့ တွေ့တာဟာ ဒါ ခွဲထုတ်ရေးဆိုတဲ့ သဘောပါ။ သီးခြားစီတွေ့ပြီးတော့မှ အပစ်ရပ်လုပ်ပြီး နောက်ဆုံး ဒေသဖွံ့ဖြိုးရေး၊ ဘာရေးနဲ့ အချိန်ဆွဲထားတယ်။ နောက် အဲဒီအဖွဲ့ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ် သူတို့ ဖွဲ့စည်းပုံအတိုင်းပဲ ဦးတည်နေ တယ်။”ဟု UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။
တိုင်းရင်းသားတပ်ပေါင်းစုဖြစ်သည့် UNFC အဖွဲ့ဝင် ကချင်၊ ကရင်နီ(ကယား)၊ ကရင်၊ မွန် စသည့်အဖွဲ့များသည် အစိုးရ၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို လက်ခံကာ ယခင်လ၌ အစိုးရနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီဖြစ်သည်။ သို့သော် နိုင်ငံရေးအရ တိုးတက်ပြောင်းလဲမှုများ မရှိခဲ့ပေ။
မြန်မာအစိုးရသည် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများနှင့် ဖြစ်ပွားနေသည့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းဘဲ စစ်အင်အားသုံးဖြေရှင်းခြင်း၊ အပစ်ရပ်ပြီး ဒေသဖွံ့ဖြိုးရေး နည်းဗျူဟာကို ကျင့်သုံးနေခြင်းတို့သည် တိုင်းရင်း သားလူမျိုးများ၏ နိုင်ငံရေးအရ တန်းတူရရှိရေးတိုက်ပွဲကို လှည့်စားဖြိုခွဲခဲ့သဖြင့် နှစ်ပေါင်း(၆၀)ကျော် ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးခဲ့ရခြင်းဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်သည့် UNFC ကြေညာချက်၌ ဖော်ပြထားသည်။
အစိုးရသည် UNFC တိုင်းရင်းသားတပ်ပေါင်းစုအားလုံးကို တွေ့ဆုံဆွေးနွေးလျှင် လွယ်ကူလျင်မြန်သော်လည်း တဖွဲ့ချင်းအ နေဖြင့်သာ သီးခြားတွေ့ဆုံနေခြင်းသည် ရိုးသားသည့် လက္ခဏာမဟုတ်ဘဲ ၎င်းတို့အား တဖွဲ့ချင်းစီ ကွဲထုတ်အောင်လုပ်ပြီး အားနည်းစေသည့်ရည်ရွယ်ချက်ဖြင့် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု UNFC က ဆိုသည်။
UNFC က ၎င်းတို့အဖွဲ့အတွင်း ချမှတ်ထားသည့် မူအတိုင်း ခိုင်ခိုင်မာမာရပ်တည်ကာ အစိုးရနှင့် နိုင်ငံရေးဆွေးနွေးမှုများ ဆက်လုပ်သွားမည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် အမှန်တကယ်ငြိမ်းချမ်းရေးရယူလိုပါက တိုင်းရင်းသားဒေသသို့ ထိုးစစ် ဆင်နေမှုများကို ရပ်ဆိုင်း၍ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် အမြန်ဆုံးဖော်ဆောင်ရန် တိုက်တွန်းထားသည်။
UNFC ကို ၂၀၁၁ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင် ဖွဲ့စည်းခဲ့ပြီး အမာခံအဖွဲ့ ၆ဖွဲ့အဖြစ် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တို့ ပါဝင်ခဲ့သည်။
ထို့အပြင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF)၊ ရခိုင် ပြည်အမျိုးသားကောင်စီ(ANC)၊ လားဟူဒီမိုကရက်တစ်သမဂ္ဂ(LDU)၊ ‘ဝ’ အမျိုးသားအဖွဲ့ချုပ်(WNO)နှင့် ကချင်အမျိုး သားအစည်းအရုံး(KNO)များက ဆက်စပ်အဖွဲ့ ၆ဖွဲ့အဖြစ် ရပ်တည်လာခဲ့သည်။
သို့သော် အစိုးရ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီးနောက်ပိုင်း နိုဝင်ဘာလ နောက်ဆုံးပတ်တွင် UNFC ကို အဖွဲ့ဝင်များအားလုံး တစ်ပြေးညီတည်း ပြန်လည်ဖွဲ့စည်းခဲ့ရာ လက်ရှိအချိန်တွင် အမာခံအဖွဲ့ဝင် ၁၂ဖွဲ့ ရှိသည်။