နိုဝင်ဘာလ ၁၅ရက်။ စောခါးစူးညား (ကေအိုင်စီ)
မြန်မာအစိုးရအနေဖြင့် ဧရာဝတီမြစ်ဆုံဆည်၏ ဆက်စပ်လုပ်ငန်းဖြစ်သည့် ရွှေတူးဖော်ရေးနှင့် သစ်ထုတ်လုပ်ရေး လုပ်ငန်း များကိုလည်း ရပ်ဆိုင်းပေးရန် လိုအပ်သည်ဟု ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့-KDNG က ယနေ့ပြောကြားလိုက်သည်။
လက်ရှိ အစိုးရသည် မြစ်ဆုံဆည်ကို ရပ်ဆိုင်းထားသည်ဟုဆိုသော်လည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံနေ ရာနှင့် အထက်ပိုင်းရှိ မေခ၊ မလိခ မြစ်တစ်လျှောက် အကြီးစား ရွှေတူးလုပ်ငန်းများ ဆက်လုပ်နေသည့်အပြင် လူ့အခွင့်အ ရေးချိုးဖောက်မှုများလည်း ဆက်တိုက် ဖြစ်ပေါ်နေကြောင်းကို KDNG ၏ ပြောခွင့်ရ အားနန်က ပြောသည်။
“ရွှေတူးဖော်လို့ မြစ်ဆုံရဲ့ တောင်ဘက် ကျေးရွာမှာဆိုရင် ရွှေတူးဖော်လို့ တချို့ချောင်းငယ်လေးတွေဆိုရင် ရွှံ့ပဲ ရှိတော့ တယ်။ ရေတောင်သွားလို့ မရဘူး။ နောက် အစိုးရက သူတို့ပဲ ရွှေတူးဖော်တာကို လုပ်ပြီးတော့ အခြားသူတွေကို လုပ်ခွင့် မပေးဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။
မြစ်ဆုံဒေသတွင် အစိုးရက ရွှေတူးဖော်ရေးလုပ်ငန်းများကို အမှတ်(၂)သတ္တုဝန်ကြီးဌာနနှင့် ခါကာဘိုသတ္တုတူးဖော်ရေး ကုမ္ပဏီကိုသာ လုပ်ပိုင်ခွင့်ပေးထားပြီး ယခင်လ ၂၇ရက်နေ့က ထိုနေရာရှိ အိမ်ခြေ ၄၀ဝမှ ရွှေကျင်နေသည့် အောင်မြင်သာ စံပြကျေးရွာမှ လက်လုပ်ရွှေကျင်သမား ၁၁ဦးကို ဖမ်းဆီးထားကြောင်းလည်း ၎င်းက ဆက်ပြောသည်။
အဖမ်းခံရသူများကို မြစ်ကြီးနားအမှတ်(၁) ရဲစခန်းတွင် ထိန်းသိမ်းထားခြင်းဖြစ်ပြီး ၎င်းတို့မှာ မြစ်ဆုံဒေသခံ တန်ဖရဲကျေးရွာ အုပ်စုရှို အကြီးစား သတ္တုတူးဖော်ရေးလုပ်ငန်း၏ စွန့်ပစ်ပြီးဖြစ်သော အဆိပ်သင့်မြေစာပုံများတွင်သာ ရွှေရှာဖွေကျင်ယူနေ ခြင်းဖြစ်သည်။ ထိုသူများအား ပြန်လွှတ်ပေးရန် ဒေသခံများက ယခုလ ၄ရက်နေ့တွင် ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံ အသနားခံစာ တင်ထားသော်လည်း မည်သည့်ဆောင်ရွက်မှုမျှ မရှိသေးပေ။
ယခင်လ ၅ရက်နေ့၌ မြစ်ကြီးနားအုပ်ချုပ်ရေးမှူး ဦးငြိမ်းထွန်းကျော်က အစိုးရဦးဆောင်လုပ်ကိုင်သည့် ဖက်စပ်လုပ်ငန်းဝန် ထမ်းများမှလွဲ၍ အသေးစား လက်လုပ်ရွှေကျင်သမား အပါအဝင် ဒေသခံများနှင့် စီးပွားရေးပိုင်ရှင်အားလုံး သတ်မှတ်ထား သည့် အောက်တိုဘာလ ၁ဝရက် နောက်ဆုံးထား၍ စီမံကိန်းနေရာမှ အပြီးထွက်သွားရန် အမိန့်ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း အဆိုပါ ရွှေကျင်သမားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။
ဧရာဝတီမြစ်ပေါ် တည်ဆောက်မည့် ဆည် ၇ခုအနက် တခုဖြစ်သည့် မြစ်ဆုံဆည်လမ်းကြောင်း ပြုလုပ်ရန်အတွက် ထိုရွာ သားများ၏ လယ်ယာမြေများ ပြီးခဲ့သည့်နှစ်က သိမ်းဆည်းခံရကာ အောင်မြင်သာစခန်း(စံပြကျေးရွာ)သို့ အတင်းအဓမ္မ နေရာပြောင်းရွှေ့ခံခဲ့ရသည်ဟု KDNG က ယနေ့ ကြေညာချက် ထုတ်ပြန်ထားသည်။

၎င်းထုတ်ပြန်တွင် မြစ်ဆုံဒေသ၌ စက်များဖြင့် ရွှေတူးဖော်မှုများ ကျယ်ပြန့်ကြီးထွားလာခြင်းနှင့် ရိုးရာလက်လုပ်ရွှေကျင်သူ များအား ဖမ်းဆီးခြင်းသည် အစိုးရ၏ မူဝါဒဖြစ်သော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် မြန်မာနိုင်ငံရှိ မြစ်များ တွင် အကြီးစား ရွှေတူးဖော်မှုများကို ပိတ်ပင်တားမြစ်ထားသည့် မူဝါဒကို တိုက်ရိုက်ဆန့်ကျင်နေကြောင်း ဖော်ပြထားသည်။
“အစိုးရကိုယ်တိုင်က ရွှေတူးဖော်ရေးလုပ်ငန်းတွေကို မြန်မာနိုင်ငံက မြစ်ချောင်းတွေမှာ ခွင့်မပြုတော့ဘူး။ သဘာဝပတ်ဝန်း ကျင်ကို ကာကွယ်ဖို့၊ မြန်မာနိုင်ငံ မြစ်ချောင်းတွေကို ထိန်းသိမ်းဖို့ ပေါ်လစီတွေချမှတ်တဲ့ ကြေညာချက်တွေ ထုတ်နေပေ မယ့် တကယ်တမ်း လက်တွေ့မှာတော့ မဟုတ်ဘူး။”ဟု အားနန်က ဖြည့်စွက်ပြောဆိုသည်။
ထို့အပြင် အကြီးစား ရွှေတူးဖော်ရေးတွင် အသုံးပြုသည့် ပြဒါးနှင့် ဆိုဒ်ယက်နှိုက်(Cyanide)ဓာတ်များကြောင့် ကချင်ပြည် နယ်တဝှမ်းရှိ မြစ်ချောင်းများနှင့် မြေယာများကို နှစ်ပေါင်းများစွာ ပျက်စီးစေခဲ့ပြီး အန္တရာယ်ကြီးမားလှသည့် မြစ်ရေစီးဆင်းမှု ပြောင်းလဲခြင်းများနှင့် အဆိပ်သင့်စေသော ရေထု၊ လေထု ညစ်ညမ်းမှုများကို ဖြစ်ပေါ်စေသည်ဟု KDNG က ထောက်ပြ ထားသည်။
KDNG သည် လူမှုရေးနှင့် ဖွံ့ဖြိုးရေးကိစ္စတို့ကို ဆောင်ရွက်လျက်ရှိသည့်အဖွဲ့ဖြစ်ပြီး ၂၀၀၄ခုနှစ်တွင် စတင် တည်ထောင်ခဲ့ သည်။
အစိုးရသစ် သမ္မတဦးသိန်းစိန်က ပြီးခဲ့သည့် စက်တင်ဘာလ ၃ဝရက်နေ့တွင် မြစ်ဆုံရေကာတာ တည်ဆောက်ရေးစီမံကိန်း ယာယီ ရပ်ဆိုင်းထားရေးအတွက် လွှတ်တော်ဥက္ကဌထံ ပေးပို့ခဲ့ပြီးနောက် လွှတ်တော်မှ သဘောတူညီမှု ရရှိခဲ့သည်။
မြစ်ဆုံစီမံကိန်းကို၂၀၀၅ ခုနှစ်တွင် မြန်မာနှင့် တရုတ်အစိုးရတို့၏ သဘောတူညီမှုအရ လျှပ်စစ်စွမ်းအားစုစုပေါင်း ၁၃,၃၆ဝ မဂ္ဂါဝပ် ထုတ်လုပ်မည်ဖြစ်ရာ တရုတ်နိုင်ငံက အမေရိကန် ဒေါ်လာဘီလျံ ၂ဝ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် ရင်းနှီးမှု အကြီးမားဆုံး စီမံကိန်းတစ်ခုဖြစ်သည်။


















