အောက်တိုဘာလ ၂၂ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ဝေါ်လေဒေသတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) တပ်ဖွဲ့များ၏ ရှေ့ထွက်မိုင်းဖြင့် ယမန်နေ့က တိုက်ခိုက်မှုကြောင့် အစိုးရစစ်တပ် ၁၂ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒီကေဘီအေက ပြောသည်။
ယခင်ရက် တိုက်ပွဲများမှ စစ်သည်လူနာများကို တာအုထာ့မှ သေ့ဘောဘိုး(မော်လီချိုင်း)ကျေးရွာသို့ ပြန်သယ်ဆောင်လာ သည့် အစိုးရ တပ်မ(၂၂) လက်အောက်ခံ ခလရ(၂၀၅)တပ်ရင်းအား ယမန်နေ့ည ၇နာရီခွဲကျော်အချိန်တွင် ဒီကေဘီအေတပ် ဖွဲ့မှ သေ့ဘောဘိုးနှင့် ကျောက်ခက်ကျေးရွာကြား၌ ရှေ့ထွက်မိုင်းများဖြင့် နှစ်ကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒီကေဘီအေမှ ဗိုလ်မှူးဆန်းအောင်က ပြောသည်။
၎င်းက “ပြီးခဲ့တဲ့ ရက်ပိုင်းက ပစ်ခတ်မှုမှာ ဒဏ်ရာရရှိခဲ့တဲ့ စစ်သားတွေကို ပြန်လာပို့တဲ့ ရန်သူ့တပ်ကို ကျနော်တို့ ဒီကေဘီအေ က ဦးကြိုတိုက်ခိုက်တာပါ။ ပစ်ခတ်မှုက မိနစ်ပိုင်းပဲ ကြာတယ်ဆိုပေမယ့် ဆွဲမိုင်းနဲ့ဆိုတော့ ရန်သူဘက်က တော်တော်အထိနာ တယ်။”ဟု ပြောသည်။
ဒီကေဘီအေ ကလို့ထူးဘောဗျူဟာမှ ဗိုလ်ကြာနီ၊ တောနော်ဖော၊ မင်းဇော်ဦးတို့ ဦးဆောင်သည့် အဆိုပါ ပစ်ခတ်မှုများတွင် အစိုးရတပ်မှ ဗိုလ်ကြီးတစ်ဦး၊ ဗိုလ်တစ်ဦး၊ တပ်ကြပ်ကြီး ၂ဦး သေဆုံးခဲ့သလို လူနာများ တင်ဆောင်လာသည့် ထော်လာဂျီ ယာဉ်မောင်းသူ သေ့ဘောဘိုးရွာသား ၂ဦးလည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်ဟု ကရင်တပ်ဖွဲ့ဘက်က ပြောသည်။
ကေအဲန်အယ်လ်အေ တပ်အရာရှိတစ်ဦးက “ဒဏ်ရာရတဲ့ ရွာသားတွေကတော့ မောင်ကျောင်းပျော် ၄၇နှစ် ဦးခေါင်း ချော်ထိ သွားတယ်။ နောက်တစ်ယောက်က အားမင်း ၄၅နှစ်။ ရင်ဘတ်ကို ထိမှန်ခဲ့တယ်။ ဖြစ်ဖြစ်ချင်းမှာပဲ မဲဆောက်ဆေးရုံကို ပို့လိုက် တယ်။”ဟု ပြောသည်။
ယခုရက်ပိုင်းအတွင်း အစိုးရစစ်တပ်နှင့် ကရင်တပ်ဖွဲ့များအကြား နေ့စဉ်ဆိုသလို တိုက်ပွဲဖြစ်ပွားလျှက်ရှိရာ အစိုးရတပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားနေသော်လည်း ကရင်တပ်ဖွဲ့ဘက်က ထိခိုက်သေဆုံးမှုမရှိကြောင်း ပြောသည်။
၎င်းအစိုးရတပ်သည် တာအူးထာ့မှ သေ့ဘောဘိုးကျေးရွာသို့အပြန် လမ်းတစ်လျှောက်တွင် ဒီကေဘီအေနှင့် ကေအဲန်အယ်လ် အေများ၏ မကြာခဏ ချုံခိုတိုက်ခိုက်မှုများကြောင့် တပ်အင်အား အလွန်လျော့နည်းလာသလို စိတ်ဓာတ်ကျဆင်းမှုများလည်း ရှိနေသည်ဟု ဗိုလ်မှူးဆန်းအောင်က ပြောသည်။