အောက်တိုဘာလ ၁၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့(KNDO)၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဆာ့ကလယ်မူး ၆၃နှစ်သည် အောက်တိုဘာ လ ၇ရက်နေ့ညက နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီး ၎င်း၏ဈာပနကို ထိုင်း-မြန်မာ နယ်စပ်တနေရာတွင် ယမန်နေ့က ပြုလုပ်ပြီးစီးခဲ့သည်။
၎င်း၏ဈာပန အခမ်းအနားကို အောက်တိုဘာလ ၁ဝရက်နေ့ မွန်းလွဲ ၂နာရီအချိန်တွင် နှစ်ခြင်းခရစ်ယာန်၏ အစဉ်အလာအရ ကျင်းပပြုလုပ်ခဲ့ရာ ကေအဲန်ဒီအိုခေါင်းဆောင်များ၊ ကေအဲန်ယူခေါင်းဆောင်များ၊ မဟာမိတ်ခေါင်းဆောင်တချို့ အပါအဝင် လူ ပရိဿတ် ၅၀ဝခန့် တက်ရောက် ဂါရဝပြုကြသည်ဟု ကေအဲန်ဒီအို အသိုင်းအဝိုင်းက ပြောသည်။
စောဆာ့ကလယ်မူ့သည် ပဲခူးတိုင်း ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မူသယ်ကျေးရွာတွင် စကော်ဖိုးလှနှင့် နော်ဝေဖေါ တို့မှ ၁၉၄၈ခုနှစ်က မွေးဖွားခဲ့ပြီး မွေးချင်းမောင်နှမ ၆ဦးအနက် စတုတ္ထမြောက်သား ဖြစ်သည်။
သူသည် ညောင်လေးပင်ခရိုင်တွင် အစိုးရ အထက်တန်းကျောင်း သတ္တမတန်း အောင်မြင်ပြီးနောက် အသက် ၁၅နှစ်အရွယ်တွင် ကေအဲန်ယူ တပ်မဟာ(၃)နယ်မြေ၌ စတင် စစ်မှုထမ်းခဲ့သည်။ ၂၀၀၅ခုနှစ်၊ ဧပြီလ ၂၃ရက်နေ့တွင် KNDO ၏ ဒုတိယ စစ် ဦးစီးချုပ်တာဝန်ကို ကွယ်လွန်ချိန်အထိ ထမ်းဆောင်ခဲ့သည်။
KNDO ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဆာ့ကလယ်မူး ကွယ်လွန်သွားသောကြောင့် KNDO တပ်ဖွဲ့သာမက ကရင့်တော်လှန်ရေးအတွက် ဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်ဟု နှစ်ပေါင်းများစွာ တွဲလုပ်ခဲ့သည့် KNDO ရုံးထိုင်မှူး ဗိုလ်မှူးရစ်ချတ်က ပြောသည်။
“ခေါင်းဆောင်တစ်ယောက် ကွယ်လွန်ပြီဆိုရင် အဖွဲ့အစည်းတခုကိုကော တော်လှန်ရေးတစ်ခုလုံးအတွက်ပါ အများကြီး ဆုံးရှုံးနစ်နာမှုတစ်ခုပါ။ အခု သူက ကျနော်တို့ KNDO ရဲ့ ဒုတိယစစ်ဦးစီးချုပ် တာဝန်ယူထားတဲ့အတွက် သူ့ကို နှမြောပေမယ့် မတတ်နိုင်ဘူး။ အမျိုးသားအတွက် သူ တာဝန်ကျေပွန်သွားပြီ။”ဟု ပြောသည်။
သို့သော် မပြီးဆုံးသေးသည့် အမျိုးသားရေးတာဝန်ကို ကျန်ရှိနေသော ခေါင်းဆောင်များနှင့် ရဲဘော်ရဲဘက်များက ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆက်လက် ထမ်းဆောင်ရအုံးမည်ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။
KNDO ၏ ဗဟိုလုံခြုံရေးမှူး ဗိုလ်မှူးရှဲကလူက “အဘိုး ဆာ့ကလယ့်မူးဟာ ရုံးလုပ်ငန်းနဲ့ ပတ်သက်တာတွေအားလုံးကို ရုံးထိုင် မှူးနဲ့ လက်တွဲပြီး တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သူပါ။ အဲဒါကြောင့် အခု သူ ဆုံးသွားတဲ့အပေါ်မှာ ကျနော်တို့ KNDO အဖွဲ့ အားနည်းသွားသလို စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျဆင်းမှုလည်း အများကြီးဖြစ်စေတယ်။”ဟု ပြောသည်။
ဗိုလ်မှူးကြီးဆာ့ကလယ်မူး ကွယ်လွန်ချိန်တွင် ဇနီးနှင့် သမီး ၆ဦး၊ သား ၂ဦး ကျန်ရစ်ခဲ့သည်။


















