အောက်တိုဘာလ ၁၄ရက်။ (ကေအိုင်စီ)
ကယားပြည်နယ် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ထားဒူခီးနှင့် ကေသက်ဒိုးကျေးရွာမှာ ကြက်ညှာချောင်းဆိုးရောဂါကြောင့် ကလေးသေဆုံးမှုရှိသည်ဟု ကရင်နီနယ်လှည့်ဆေးမှူးအဖွဲ့က ပြောသည်။
အောက်တိုဘာလ ပထမအပတ်ခန့်က စတင် ကူးစက်လာသည့် ကြက်ညှာချောင်းဆိုးရောဂါကြောင့် ကလေးငယ် အယောက် ၅၀ကျော် ထိုရောဂါကူးစက်ခံရပြီး ကလေးငယ်နှစ်ဦး သေဆုံးသွားကြောင်း ကရင်နီ ကျန်းမာရေးဌာန တာဝန်ခံ ဆရာခူဒယ်နီ ယာက ပြောသည်။
သူက “ကူးစက်ခံထားရတဲ့ ခလေးတွေထဲမှာ အခြေအနေဆိုးတာ နှစ်ယောက် သုံးယောက်ကျန်နေသေးတယ်။ လောလော ဆယ် ကျနော်တို့ ဆေးမှူးအဖွဲ့ကနေ ကြိုးစားကုသပေးနေတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ကြက်ညှာရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ကူးစက်လွယ်သည့် ရောဂါတစ်မျိုးဖြစ်ပြီး အထူးသဖြင့် အသက် ၁၅နှစ်အောက် ကလေးငယ်များအတွင်း ကူးစက်ခံနေရခြင်း ဖြစ်သည်။
ဒေသခံတစ်ဦးက “ဆုံးသွားတဲ့ ခလေး နှစ်ယောက်က နှစ်ပတ်လောက် ချောင်းဆိုးတယ်။ မျက်လုံးတွေ ရောင်လာတယ်။”ဟု ပြောသည်။
ရောဂါ ကူးစက်ခံရသူများမှာ ကိုယ်ပူခြင်း၊ မရပ်မနား ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ မျက်လုံးရောင်ခြင်းနှင့် မျက်လုံးထဲ သွေးခြေဥခြင်း အစရှိသည့် လက္ခဏာများ ဖြစ်ပေါ်ခံစားနေရတတ်သည်။
လတ်တလော ကြက်ညှာချောင်းဆိုး ကူးစက်ခံနေရသည့် ထားဒူခီးကျေးရွာတွင် အိမ်ခြေ ၂၅လုံးနှင့် ကေသက်ဒိုးကျေးရွာတွင် အိမ်ခြေ ၂၈လုံးရှိကာ စုစုပေါင်း လူဦးရေ ၅၀၀ကျော် နေထိုင်နေကြသည်။
ထိုဒေသသို့ ကရင်နီ နယ်လှည့်ဆေးမှူးအဖွဲ့မှ သွားရောက်ဆေးကုသပေးနေရာ ထိုရောဂါ မကူးစက်ရအောင် ဝေဒနာရှင်များအ နေဖြင့် မည်သို့ မည်ပုံ ဆေးကုသ နေထိုင်ရမည် စသည့် ပညာပေးလုပ်ငန်းများလည်း လုပ်ဆောင်ပေးလျှက်ရှိသည်။
“အဓိက ရောဂါမပြန့်ပွားအောင် ဘယ်လိုနေ ဘယ်လိုကာကွယ် ပြီးတော့ ဆေးဝါးတွေနဲ့ ကုသပေးတယ်။ အဲလောက်နဲ့ အစွမ်း ကုန် ကျနော်တို့ ကူညီပေးနေတယ်။ အခြေအနေဆိုးတဲ့လူတွေ မြို့ပေါ် ဆေးရုံတင်ပေးဖို့က အရမ်းခက်ခဲတယ်။ အဲဒီနေရာက ဖရူဆိုမြို့ကို ရောက်ဖို့ ၅၊ ၆ရက် ကြာတယ်။ လမ်းပန်းဆက်သွယ်ရေးက အရမ်းခက်ခဲတယ်။”ဟု ခူဒယ်နီယာက ပြောသည်။
ထိုရောဂါသည် ယခုနှစ်၊ စက်တင်ဘာလလယ်ခန့်က ဖာဆောင်းမြို့နယ်နှင့် ရှားတောမြို့နယ်များတွင် ပထမတစ်ကြိမ် ဖြစ်ပွားခဲ့ ပြီး ယခု ဒုတိယအကြိမ် ဖြစ်ပွားနေခြင်းဖြစ်သည်ဟု သိရသည်။ ကြက်ညှာချောင်းဆိုးရောဂါသည် ရာသီဥတု အပြောင်းအလဲ ကြောင့် နှစ်စဉ် ဖြစ်ပွားမှုရှိခဲ့ဘူးသော်လည်း ယခုနှစ်မှာ အခြေအနေဆိုးဝါးကြောင်း ကျန်းမာရေးဝန်ထမ်းများက ပြောသည်။