Home ထိပ်တန်းသတင်း ဖားအံမြို့‌ပေါ် ဒုတိယအကြိမ် ‌ရေကြီး၊ ယခုနှစ်အတွင်း အဆိုးဆုံး ဖြစ်

ဖားအံမြို့‌ပေါ် ဒုတိယအကြိမ် ‌ရေကြီး၊ ယခုနှစ်အတွင်း အဆိုးဆုံး ဖြစ်

1817
ဩဂုတ်လ ၄ရက်။ ‌စောခါးစူး (‌ကေအိုင်စီ)

ကရင်ပြည်နယ်တွင် မိုးရက်ဆက် ရွာသွန်းမှု‌ကြောင့် သံလွင်မြစ်‌ရေ လျှံလာသည့်အတွက် မြစ်နံ‌ဘေးရှိ ဖားအံမြို့‌ပေါ်တွင် ‌ရေကြီးမှု ဖြစ်ပွား‌နေရာ မြို့‌ပေါ် ရပ်ကွက် ၈ရပ်ကွက်တွင် ‌ရေလွှမ်းမိုးမှုဒဏ်နှင့် ရင်ဆိုင်‌နေရသည်ဟု ‌ဒေသခံများက ‌ပြောသည်။

ဖားအံ မြို့ခံတဦးက “‌မြေနိမ့်ပိုင်းရပ်ကွက်‌တွေ ရပ်ကွက်တခုလုံး နီးပါး မြုပ်တယ်။ ‌ရေဘယ်‌လောက်ကြီးလဲဆိုရင် ‌မြေနိမ့်ပိုင်းမှာရှိတဲ့ အမှတ်(၅)ရပ်ကွက်မှာဆို ‌ရေက အိမ်‌ခေါင်မိုး‌လောက် ရှိ‌နေပြီ။ မြို့မ‌ဈေးရဲ့‌အောက်ပိုင်းတပိုင်းလုံးလည်း မြုပ်သွားပြီ။ အမှတ်(၆)ရပ် ကွက် တခုပဲ လွတ်တယ်။”ဟု ကရင်သတင်းဌာနကို ‌ပြောသည်။

ဖားအံမြို့တွင် ယခင်လ တတိယအပတ်အတွင်း၌လည်း ပထမအကြိမ် မြစ်‌ရေလျှံခြင်း ဖြစ်ပွားခဲ့‌သော်လည်း ယခုတစ်ကြိမ်ကဲ့သို့ အိမ်‌ခေါင်မိုးထိ ‌ရေလျှံမတက်ခဲ့‌ပေ။

ကားလမ်းတချို့အ‌ပေါ်လည်း ‌ရေလွှမ်းမိုးလာသဖြင့် လမ်း‌တွေ ပိတ်ထားရသည်။ ‌ရေလွတ်ရာသို့ ‌ပြောင်း‌ရွှေ့‌နေထိုင်ကြရသူ အ‌ရေအတွက် အနည်းဆုံး တစ်‌ထောင်‌ကျော်ရှိသည်ဟု သိရသည်။

‌ရေ‌ဘေးဒုက္ခသည်များသည် ဖားအံမြို့ အထက အမှတ်(၁)၊ ‌အောင်သံလွင် ပြည်နယ်အားကစားကွင်းနှင့် ‌လေသာဘုန်းကြီး‌ကျောင်း တို့တွင် ‌ရွှေ့‌ပြောင်း‌နေထိုင်‌နေကြရသည်ဟု ဖားအံမြို့ အမှတ်(၂)ရပ်ကွက်မှ အမျိုးသမီးတဦးက ‌ပြောသည်။ ထို့အပြင် “‌ရေတက် လာ‌တော့ ပြီးခဲ့တဲ့ နှစ်ရက်ကစလို့ မြို့က စာသင်‌ကျောင်း‌တွေနဲ့ ကွန်ပျူတာ တက္ကသိုလ်ကို ယာယီပိတ်ထားရတယ်။”ဟု ၎င်းက ‌ပြောသည်။

ဖားအံမြို့ အစိုးရအာဏာပိုင်များက ‌ရေ‌ဘေးဒုက္ခသည်များကို တဦးလျှင် ဆန် ၂ဗူးနှုန်းဖြင့် ‌ဝေ‌ပေးခဲ့ပြီး ခရစ်ယာန်ဘုရား‌ကျောင်းက လည်း ဆန်အိတ် (၅၀) လှူဒါန်းသည်ဟု ဖားအံမြို့‌ဒေသခံများက ‌ပြောသည်။

ထို့အပြင် မြို့မ‌ဈေးရှိ ‌ဈေးသည်များမှာ ‌မြေမြင့်ပိုင်းရှိရာ မြို့ကားလမ်းမ‌ပေါ်ဘက်ကို ‌ပြောင်း‌ရွှေ့ရကာ ‌ရေနက်သည့်‌နေရာများတွင် ‌လှေဖြင့် သွားလာ‌နေရသည်။

ရပ်ကွက် တစ်ရပ်ကွက်လျှင် အိမ်‌ခြေတစ်ရာ‌ကျော်မှ ငါးရာ‌ကျော်ရှိသည့် ဖားအံမြို့၌ အချို့ရပ်ကွက်များမှာ အိမ်‌ခေါင်မိုးအထိ ‌ရေ လွှမ်းမိုးများ ရှိခဲ့‌သော်လည်း လူများ ထိခိုက်ဒဏ်ရာရမှု ရှိသည်ဟု မကြားသိရ‌သေး‌ပေ။

ကရင်ပြည်နယ် သံလွင်မြစ်‌ရေ၏ စိုးရိမ်‌ရေမှတ်မှာ ၇၅ဝ စင်တီမီတာရှိသည်ဟု ဆို‌သော်လည်း ယ‌နေ့တွင်မူ ၈၆၉ စင်တီမီတာထိ မြစ်‌ရေ မြင့်တက်သွားသည်ဟု မြန်မာအစိုးရ၏ မိုး‌လေဝသနှင့် ဇလ‌ဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။