Home ထိပ်တန်းသတင်း ပစ်ခတ်မှု‌ကြောင့် မဲ့ကသာရွာသား အားလုံးနီးပါး ထွက်‌ပြေးတိမ်း‌ရှောင်‌နေ

ပစ်ခတ်မှု‌ကြောင့် မဲ့ကသာရွာသား အားလုံးနီးပါး ထွက်‌ပြေးတိမ်း‌ရှောင်‌နေ

1745
ဇွန်လ ၁၃။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ‌ဒေသရှိ မဲ့ကသာ‌ကျေးရွာတွင် ပြီးခဲ့သည့် စ‌နေ့‌နေ့က အစိုးရစစ်တပ်နှင့် ကရင်တပ်ဖွဲ့များအကြား ပစ်ခတ်မှုများ‌ကြောင့် ၎င်းရွာသားအားလုံးနီးပါး နီးစပ်ရာ ‌ကျေးရွာများသို့ ထွက်‌ပြေးတိမ်း‌ရှောင်‌နေရသည်။

ပြီးခဲ့သည့် ဇွန်လ ၁ဝရက်‌နေ့မနက်က ကရင်တပ်ဖွဲ့ဝင်အချို့သည် မဲ့ကသာ ရွာဦးဘုန်းကြီး‌ကျောင်းအနီးရှိ အစိုးရစစ်တပ် စစ်ကွပ် ကဲ‌ရေးဌာနချုပ် စကခ(၁၉) လက်‌အောက်ခံ ခမရ(၅၆၃)တပ်ရင်းအား ဝင်‌ရောက်ပစ်ခတ်ခဲ့ရာ အစိုးရစစ်တပ်ဘက်ကလည်း လက် နက်ကြီးများဖြင့် တန်ပြန်ပစ်ခတ်ခဲ့‌သော‌ကြောင့် ရွာသူရွာသားများသည် ထို‌နေ့မှစ၍ ယ‌နေ့အချိန်ထိ တိမ်း‌ရှောင်‌နေဆဲ ဖြစ်သည်ဟု ‌ဒေသခံ ရွာသားတစ်ဦးက ‌ပြောသည်။

၎င်းက “ပစ်ခတ်မှု‌တွေဖြစ်ပွား‌တော့ ရွာသူရွာသား‌တွေ ကိုယ့်အထုပ်ကိုယ်ပိုက်ပြီး ‌တောထဲကို ထွက်‌ပြေးကြကုန်ပြီ။ ဘုန်းကြီး‌တွေ အပါအဝင်ပဲ။ တချို့က ဘုရားသုံးဆူ၊ ‌မောဖာ‌ထော၊ မိုင်း စတဲ့‌နေရာ‌တွေမှာ ထွက်‌ပြေးတိမ်း‌ရှောင်တဲ့လူရှိသလို တချို့က ထိုင်းနယ် စပ်ဘက်ကို ထွက်‌ပြေးတာလည်း ရှိတယ်။ အခုရွာမှာ ရွာသူကြီးနဲ့ သင်းအုပ်ဆရာ‌တွေပဲ ကျန်တယ်။”ဟု ‌ပြောသည်။

ယခု ထွက်‌ပြေးတိမ်း‌ရှောင်‌နေသည့် မဲ့ကသာ ရွာသူရွာသားများမှာ ခန့်မှန်း‌ခြေအားဖြင့် လူဦး‌ရေ ၂၀၀‌ကျော်ရှိပြီး လက်ရှိအချိန်တွင် အမိုးအကာ၊ စားစရာ၊ အဝတ်အထည်နှင့် ‌သောက်‌ရေများ အ‌ရေးတကြီး လိုအပ်‌နေ‌သော်လည်း မည်သည့်အဖွဲ့အစည်း၏ ကူညီမှု ကိုမျှ မရရှိ‌သေး‌ကြောင်း ဘုရားသုံးဆူ‌ဒေသမှ ဘာသာ‌ရေး‌ခေါင်း‌ဆောင်တစ်ဦးက ‌ပြောသည်။

“ရွာသား‌တွေ ‌တော်‌တော်ဒုက္ခ‌ရောက်‌နေကြတယ်။ ‌လော‌လောဆယ် စားစရာနဲ့ အမိုးအကာ အရင်လိုတယ်။ မိုးကလည်း တဖွဲဖွဲ ရွာ တယ်ဆို‌တော့ အမိုးအကာ အရင်ရရင် နည်းနည်း ခံသာမယ်။ အခုမှ ကူညီနိုင်မယ့်လူ‌တွေကို ကျ‌နော် လိုက်ဆက်သွယ်‌နေတုန်းပဲ။” ဟု ၎င်းက ‌ပြောသည်။

ရွာသားများ ထွက်‌ပြေးသည့်ကိစ္စနှင့် ပတ်သက်၍ ပစ်ခတ်မှုတွင် ကိုယ်တိုင်ဦး‌ဆောင်သူ ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ ‌တော်(KNLA) တပ်ရင်း(၁၆)မှ တပ်ခွဲ(၂)ဒုတပ်ခွဲမှူး ဗိုလ်ကြီး‌စောဘူ့‌ဂေက “ကျ‌နော်တို့ သွား‌ရောက်ပစ်ခတ်တာ‌တော့ မှန်ပါတယ်။ ရွာသား‌တွေ ထွက်‌ပြေးတာက‌တော့ ဗမာစစ်တပ်က အကြီးအကျယ် ပြန်လည်ပစ်ခတ်မယ်ဆိုပြီး‌တော့ ရွာသား‌တွေကို ခြိမ်း‌ခြောက် ‌မောင်းထုတ်လိုက်တာ‌ကြောင့် ဖြစ်တယ်။”ဟု ‌ကေအိုင်စီကို ပြန်လည်‌ဖြေကြားသည်။

အိမ်‌ခြေ ၉ဝခန့်ရှိသည့် မဲ့ကသာ‌ကျေးရွာတွင် ပြီးခဲ့သည့် ဇွန်လ ၆ရက်‌နေ့ကလည်း အဆိုပါ အစိုးရစစ်တပ်အား ကရင်တပ်ဖွဲ့များ၏ ဝင်‌ရောက်ပစ်မှု‌ကြောင့် ရွာသူရွာသားတချို့ နီးစပ်ရာ ‌ကျေးရွာများသို့ ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ရသည်။