Home ဆောင်းပါး စိန်‌ခေါ်မှုများနဲ့ ဒုက္ခသည်ပညာ‌ရေး ကြိုတင်ပြင်ဆင်ဖို့လိုပြီ

စိန်‌ခေါ်မှုများနဲ့ ဒုက္ခသည်ပညာ‌ရေး ကြိုတင်ပြင်ဆင်ဖို့လိုပြီ

2245
မနိုက်အွာ (ဇွန်လ ၆ရက်။ ‌ကေအိုင်စီ)

ထိုင်းနိုင်ငံအတွင်း ဒုက္ခသည်‌တွေရဲ့ ပညာ‌ရေးကို ကူညီ‌ထောက်ပံ့‌ပေး‌နေတဲ့ နိုင်ငံတကာ NGOs အဖွဲ့အစည်း‌တွေက အကူအညီ ‌တွေ ‌လျှော့ချလိုက်တဲ့အတွက် အခု စာသင်နှစ်မှာ ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်စစ်‌ပြေး ဒုက္ခသည်စခန်း ၇ခုအတွင်းမှာရှိတဲ့ စာသင်‌ကျောင်း‌တွေ လည်ပတ်နိုင်ဖို့အတွက် အကြပ်အတည်း၊ အခက်အခဲ‌တွေ ရှိ‌နေပါတယ်။

မယ်လစခန်းမှ မာသာထရီဇာ က‌လေးထိန်း‌ကျောင်း

ဒုက္ခသည်‌တွေရဲ့ ပညာ‌ရေးကဏ္ဍကို ထိုင်းနိုင်ငံ ZOA Refugee Care အဖွဲ့က အဓိက ကူညီပံ့ပိုး‌ပေးတာဖြစ်ပြီး ယခု ၂၀၁၁-၂၀၁၂ စာသင်နှစ်မှာ ၎င်းတို့ ကူညီ‌ပေးတဲ့ ‌ကျောင်းအ‌ဆောက်အဦး၊ ဆရာ/မ‌တွေရဲ့ ‌ထောက်ပံ့‌ကြေး‌တွေနဲ့ ‌ကျောင်းစီမံခန့်ခွဲမှု စရိတ် ‌တွေကို အရင်နှစ်‌တွေထက် ထက်ဝက်‌ကျော် ‌လျှော့ချလိုက်တယ်လို့ အုန်းဖျန်ဒုက္ခသည်စခန်း ပညာ‌ရေးမှူး ‌နော်စိဆာ့‌ဖောက ‌ပြော ပါတယ်။

 

“အဓိက ‌ကျောင်းဆရာ/မ ‌ထောက်ပံ့‌ကြေး‌တွေကို တအား‌လျှော့နည်းသွားတယ်။ အရင်နှစ်က ‌ကျောင်း/မ‌တွေရဲ့ လစာ တလကို ဘတ် ၇၀ဝနဲ့ ၁,၄၀ဝကြားမှာ ရရှိကြ‌ပေမယ့် ဒီနှစ်မှာ ရတဲ့အကူအညီနဲ့ ပျမ်းမျှအားဖြင့် တွက်ကြည့်လိုက်‌တော့ ‌ကျောင်းဆရာ တ‌ယောက်ကို တစ်လ ၂၅ဝဘတ်‌ကျော်‌လောက်ပဲ ရမယ်။ အဲဒီအတွက် ‌ကျောင်းဆရာ၊ ဆရာမ‌တွေက အလုပ်ကထွက်သွားတာ ရှိ ‌ပေမဲ့ အဲဒီအစား ကျမတို့ အသစ်ပြန်ခန့်ပါတယ်။”လို့ ဆိုပါတယ်။

‌ထောက်ပံ့‌ငွေ နည်းလာ‌ပေမယ့် က‌လေး‌တွေရဲ့ပညာ‌ရေးကို မထိခိုက်‌စေလိုတဲ့ အချို့ဆရာ၊ ဆရာမ‌တွေက ‌စေတနာကို အရင်းခံ ပြီး ‌ကျောင်းဆရာအလုပ်ကို ဆက်လုပ်တဲ့သူ‌တွေ ရှိသလိုပဲ တချို့က မိသားစု စားဝတ်‌နေ‌ရေး အခက်အခဲ‌တွေ‌ကြောင့် ‌ကျောင်းက နှုတ်ထွက်ပြီး စခန်းထဲက ‌ဆေးရုံနဲ့ COERR စတဲ့ အခြားဌာန‌တွေမှာ ဝင်‌ရောက် အလုပ်လုပ်‌နေကြပါတယ်။

ထမ်းဟင်ဒုက္ခသည်စခန်းမှ မူလတန်း‌ကျောင်းအုပ် ဆရာမ ‌နော်ခင်မင်းနာက “ဒီနှစ်မှာ ‌ကျောင်းဆရာ‌တွေ တစ်လကို ၂၅ဝဘတ် ‌လောက်ပဲ ရ‌တော့မယ်ဆို‌တော့ ထွက်သွားတဲ့ ‌ကျောင်းဆရာ၊ ဆရာမ‌တွေရဲ့‌နေရာမှာ အစားထိုးဖို့ လူအသစ်‌တွေ ပြန်‌လေ့ကျင့်‌နေ ရတယ်။”လို့ ကွယ်ကလူနဲ့ ‌တွေ့ဆုံ‌မေးမြန်းခန်းရာမှာ ‌ပြောသွားပါတယ်။

‌ကျောင်းဆရာ၊ ဆရာမ‌တွေအ‌နေနဲ့ မိသားစု စားဝတ်‌နေ‌ရေး‌တွေ ရှိ‌သေး‌တော့ ဒီထက်များတဲ့ ‌ထောက်ပံ့မှု‌တွေ ရရှိဖို့ စခန်းအတွင်း ရှိ ‌ကျောင်းဆရာ၊ ဆရာမ‌တွေက လိုလား‌နေကြပါတယ်။

အုန်းဖျန်ဒုက္ခသည်စခန်း ပညာ‌ရေးမှူး ‌နော်စိဆာ့‌ဖောက “‌ကျောင်းတိုင်းလိုလိုပဲ အနည်းနဲ့အများ အခက်အခဲ ရှိကြပါတယ်။ အဓိက ကျမတို့ ကြည့်ရမှာက ‌ကျောင်းသူ‌ကျောင်းသား‌တွေရဲ့ ပညာ‌ရေးပါပဲ။ ကျမတို့ အုန်းဖျန်မှာဆိုလည်း ‌ကျောင်းဆရာ၊ ဆရာမ‌တွေ ထွက်သွားတာ ရှိ‌ပေမယ့် အဲဒီလစ်ဟာသွားတဲ့ ‌နေရာ‌တွေကို ကျမတို့ အသစ်ပြန်ခန့်ပါတယ်။ သူတို့အတွက် ထိုက်သင့်တဲ့ ‌ထောက် ပံ့မှု‌တွေ ရ‌အောင် ကျမတို့ နည်းလမ်းရှာ‌နေပါတယ်။”လို့ ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်‌တွေရဲ့ ပညာ‌ရေးကို အဓိက ကူညီပံ့ပိုး‌နေတဲ့ ZOA (ထိုင်းနိုင်ငံ)အဖွဲ့ရဲ့ လုပ်ငန်းမူဝါဒအရ ၂၀၀၉ -၂၀၁၁ခုနှစ်အတွင်း ချမှတ်ထားတဲ့ လုပ်ငန်းစဉ်‌တွေ ၂၀၁၂ခုနှစ်မှာ ကုန်ဆုံး‌တော့မှာဖြစ်ပြီး တကမ္ဘာလုံးရှိ ZOA အဖွဲ့ရဲ့ မကြာ ‌သေးခင်က ဖြစ်‌ပေါ်လာတဲ့ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းအ‌ကောင်အထည်‌ဖော်‌ရေး မူဝါဒ(‌ပေါ်လစီ)‌ကြောင့် ထိုင်းနိုင်ငံအတွင်းရှိ လုပ် ငန်း‌ဆောင်တာများကို အလျင်အမြန်ပင် အဆုံးသတ်ရ‌တော့မယ်လို့ ဆိုပါတယ်။

ZOA အဖွဲ့ရဲ့ ကူညီပံ့ပိုးမှု‌တွေ ‌လျော့နည်းလာတဲ့အတွက် ‌ကျောင်းသူ‌ကျောင်းသား‌တွေရဲ့ ‌ကျောင်းဝင်‌ကြေးကို အရင်နှစ်‌တွေထက် စာရင် ဒီနှစ်မှာ ‌ကျောင်းသားတစ်‌ယောက်ကို သူငယ်တန်းက‌နေ ၆တန်းအထိ ဘတ် ၁၀၀၊ ၇တန်းက‌နေ ၉တန်းအထိ ဘတ် ၂၀၀၊ ၁ဝက‌နေ ၁၂တန်းအထိ ဘတ်‌ငွေ ၃၀ဝလို့ ကရင်ဒုက္ခသည်‌ကော်မတီ(KRC)က သတ်မှတ်ဆုံးဖြတ်ပြီး တိုးမြှင့်‌ကောက်ယူရတာ ဖြစ်တယ်လို့ စခန်းက ပညာ‌ရေးဝန်ထမ်း‌တွေက ‌ပြောပါတယ်။

ဒီလို ‌ကျောင်းဝင်‌ကြေး‌တွေ တိုးမြှင့်လာတဲ့အတွက်‌ကြောင့် က‌လေးများပြီး ဝင်‌ငွေမရှိတဲ့ မိသားစု‌တွေအ‌နေနဲ့ က‌လေး‌တွေကို ‌ကျောင်းထားနိုင်ဖို့ ညီးတွား‌နေကြပါတယ်။

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ အုန်းဖန်မြို့နယ်ရှိ နို့ဖိုးစခန်းက ဒုက္ခသည်အမျိုးသမီးတစ်ဦးက “ဒီနှစ်မှာ ‌တော်‌တော်ကုန်တယ်။ ကျမ က‌လေး ၅‌ယောက်က ‌ကျောင်းဝင်‌ကြေးသက်သက် ဘတ် ၁၀၀၀‌ကျော် ကုန်သွားတယ်။ အခြားကုန်ကျတာ မပါ‌သေးဘူး။ ထီး၊ လွယ်အိတ်၊ ဝတ်စုံ‌တွေ ဘာတခုမှ မဝယ်ရ‌သေးဘူး။ ဝင်‌ငွေကလည်း မရှိနဲ့ ‌တော်‌တော် စိတ်ညစ်တယ်။”ဟု ‌ပြောပါတယ်။

မယ်လစခန်း မြင်ကွင်းတစ်‌နေရာ

တချို့မိသားစု‌တွေဆိုလည်း က‌လေး‌တွေကို ‌ကျောင်းထားနိုင်ဖို့အ‌ရေး တခြားသူ‌တွေဆီက ‌ငွေ‌ချေးယူရတာ‌တွေ ရှိသလို တချို့က အ‌ကြွေးနဲ့ ‌ကျောင်းအပ်‌နေရတဲ့ အ‌ခြေအ‌နေ‌တွေရှိ‌ကြောင်း စခန်းသူစခန်းသား‌တွေက ‌ပြောဆို‌နေကြပါတယ်။

နို့ဖိုးဒုက္ခသည်စခန်းထဲက ကရင်စီးပွား‌ရေးနှင့် ဖွံ့ဖြိုး‌ရေးသင်တန်း‌ကျောင်း (Karen Economic and Development Course-KEDC)ဟာ ZOA အဖွဲ့ရဲ့ အ‌ထောက်အပံ့ကိုသာ ရရှိပြီး အခုဆိုရင် အကူအညီ တစ်စုံတစ်ရာမှ မရ‌တော့ပါဘူးလို့ ‌ကျောင်းအုပ်ကြီး ဆရာမ‌လော်သာက ‌ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်‌တွေက ‌ကျောင်းလည်ပတ်ဖို့အတွက် ကုန်ကျစရိတ်‌တွေ၊ ဆရာ၊ ဆရာမ‌တွေရဲ့ ‌ထောက်ပံ့‌ကြေး‌တွေ အားလုံးကို ထိုင်း နိုင်ငံအတွင်းရှိ South East Asia (ZOA)အဖွဲ့က ကူညီပံ့ပိုး‌ပေးခဲ့‌ပေမယ့် ဒီနှစ်မှာ‌တော့ အဲဒီအကူအညီ‌တွေ အားလုံးကို ရပ်တန့် လိုက်တဲ့အတွက်‌ကြောင့် အရင်နှစ်‌တွေလို ‌ကျောင်းလုပ်ငန်းလည်ပတ်ဖို့က အခက်အခဲရှိလာတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ‌ကျောင်း အ‌ဆောက်အဦး ပြန်ပြုပြင်ဖို့လည်း ‌ထောက်ပံ့‌ကြေး အပြည့်အဝ မရ‌တော့ပါဘူး။

‌ကျောင်းအုပ်ဆရာကြီး မ‌လော်သာက “ဘယ်လို အခက်အခဲပဲရှိရှိ ‌နောက်မဆုတ်ဘူး။ စိတ်ဓါတ်ကျစရာလည်း မလိုဘူး။ ရှိတဲ့အင် အားနဲ့ ကျ‌နော်တို့ ဆက်လုပ်သွားမယ်။ ‌ကျောင်းကိုပိတ်လိုက်မယ်ဆိုရင် က‌လေး‌တွေရဲ့ ပညာ‌ရေးအတွက် တအား နစ်နာသွား မယ်။ ‌ကျောင်းသူ‌ကျောင်းသား‌တွေရဲ့ ပညာ‌ရေးကို ‌ထောက်ရှုပြီး‌တော့ ‌ကျောင်းရှင်သန် ရပ်တည်သွားနိုင်ဖို့အတွက် ဆရာ၊ ဆရာမ ‌တွေက အခမဲ့ ‌စေတနာ့ဝန်ထမ်းအ‌နေနဲ့ ‌ကျောင်းကို လည်ပတ်သွားရမှာပဲ။”လို့ ဆိုပါတယ်။

နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (NGOs)‌တွေအ‌နေနဲ့ တနှစ်ထက်တနှစ် အလှူရှင်‌တွေ နည်းလာတဲ့အ‌ပေါ်မှာ ဒုက္ခ သည်‌တွေကို ပညာ‌ရေး အကူအညီအပြင် အခြား ကျန်းမာ‌ရေး၊ ရိက္ခာနှင့် လူ‌နေအိမ်‌ဆောက်လုပ်‌ရေးအတွက် ကူညီ‌ထောက်ပံ့မှု ‌တွေလည်း တဖြည်းဖြည်းနဲ့ ‌လျှော့နည်းလာတယ်လို့ ကရင်ဒုက္ခသည်များ‌ကော်မတီ(KRC)က လစဉ် ထုတ်ပြန်တဲ့ လုပ်ငန်းအစီရင် ခံစာမှာ ‌ဖော်ပြထားပါတယ်။

အဲဒီအတွက် ဒုက္ခသည်‌တွေကို အကူအညီလာ‌ပေးတဲ့ အဖွဲ့အစည်း‌တွေ၊ စခန်းတာဝန်ရှိသူ‌တွေနဲ့ လူမှုအဖွဲ့အစည်း(CBOs)‌တွေ စု‌ပေါင်းပြီး နည်းလမ်းရှာဖို့ လိုသလို ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်က ကရင်ဒုက္ခသည်စခန်း ၇ခုအတွင်းက ၁၄၀,၀၀ဝခန့်ရှိတဲ့ ဒုက္ခသည်‌တွေရဲ့ လာမယ့်အနာဂတ်မှာ ကြုံ‌တွေ့လာနိုင်တဲ့ အခက်အခဲ‌တွေ၊ စိန်‌ခေါ်မှု‌တွေ၊ ဖိအား‌ပေးမှု‌တွေကို ခံနိုင်ဖို့ ယခုအချိန် ကစပြီး ကြိုတင်ပြင်ဆင်မှု‌တွေ လုပ်ဖို့ လို‌နေပြီလို့ ကရင့်နိုင်ငံ‌ရေး ‌ခေါင်း‌ဆောင်အချို့လည်း ‌ပြောဆို‌နေကြပါတယ်။