Home ထိပ်တန်းသတင်း မယ်လစခန်းတွင် ဒုက္ခသည်က‌လေးများအတွက် ရိုးရာယဉ်‌ကျေးမှုပွဲ‌တော် ကျင်းပ

မယ်လစခန်းတွင် ဒုက္ခသည်က‌လေးများအတွက် ရိုးရာယဉ်‌ကျေးမှုပွဲ‌တော် ကျင်းပ

2179
ဧပြီလ ၁၉ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းတွင် ဒုက္ခသည်က‌လေးများ ရို်းရာယဉ်‌ကျေးမှုပွဲ‌တော်တရပ်ကို Shanti Volunteer Association-SVA မှ ဦး‌ဆောင်ပြီး ယ‌နေ့ ကျင်းပပြုလုပ်ခဲ့ကြရာ က‌လေးငယ်ဦး‌ရေ ၁၀၀‌ကျော် ပါဝင်ဆင်နွှဲခဲ့ကြသည်ဟု သိရှိရ သည်။

အဆိုပါပွဲ‌တော်ကို စခန်းအတွင်းရှိ က‌လေးငယ်များအချင်းချင်း ချစ်ခင်ရင်းနှီးမှုရရှိ‌ရေးအတွက် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ပြီး ပွဲ‌တော်အစီအစဉ်ကို အပိုင်းနှစ်ပိုင်းခွဲ၍ ကျင်းပခဲ့ခြင်းဖြစ်‌ကြောင်း SVA ၏ Project Manager ‌နော်‌စေးလာက ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

“ဒီပွဲ‌တော် ကျင်းပရတဲ့ ရည်ရွယ်ချက်က‌တော့ စခန်းထဲမှာရှိတဲ့ တိုင်းရင်းသားအားလုံးဟာ ယဉ်‌ကျေးမှု၊ ဘာသာစကား ကွဲပြား ‌ပေမယ့်လည်း အချင်းချင်း ချစ်ခင်ရင်းနှီးကြပြီး ငြိမ်းချမ်းတဲ့ လူမှုအသိုင်းအဝိုင်းတခု တည်‌ဆောက်နိုင်ဖို့အတွက် ဒီလှုပ်ရှားမှုကို လုပ်‌ဆောင်‌ပေးရတာ ဖြစ်တယ်။”ဟု ‌ပြောသည်။

အစီအစဉ်အရ ရိုးရာယဉ်‌ကျေးမှုကစားပွဲ‌တော်ကို ယ‌နေ့မနက် ၈နာရီမှ ည‌နေ ၄နာရီအထိ ပြုလုပ်ခဲ့ကြပြီး ‌နေ့ခင်းပိုင်းတွင် ‌မြေ မြှုပ်မိုင်းများကို ‌ပြောင်း‌ရွှေ့ကစားနည်း၊ အုပ်စုခွဲ၍ ပုလင်းထဲသို့ ‌ရေဖြည့်ကစားနည်း၊ ပတ်ဝန်းကျင်သန့်ရှင်း‌ရေးကစားနည်းနှင့် တကိုယ်‌ရေသန့် ရှင်း‌ရေး ကစားနည်းများအပြင် ည‌နေ ၆နာရီခွဲမှ ည ၉နာရီအထိ ပြုလုပ်သည့် ညပိုင်းတွင် စခန်းရှိ တိုင်းရင်း သားလူမျိုးများမှ မိမိတို့၏ရိုးရာယဉ်‌ကျေးမှု တင်ဆက်‌ဖျော်‌ဖြေပွဲများ ပါဝင်သည်ဟု ‌နော်‌စေးလာက ‌ပြောသည်။

၎င်းကစားပွဲ‌တော်တွင် ပါဝင်ဆင်နွှဲခဲ့သူ ‌စောအယ်‌ဒေ့က “ဒီပွဲမှာ ကျ‌နော် တခါမှ မ‌တွေ့ဖူးတဲ့ တခြားလူမျိုးစု သူငယ်ချင်း‌တွေနဲ့ လာဆုံတယ်။ အတူတူ ကစားရ‌တော့ အရမ်း‌ပျော်တယ်။ ‌နောက်ပြီး ကျ‌နော်တို့ တိုင်းရင်းသားလူမျိုးစု‌တွေ အချင်းချင်း မခွဲခြား ကြဖို့ ‌ဟော‌ပြောတာ‌တွေလည်း ကြားသိလာရတယ်။ ဒီလို အခွင့်အ‌ရေးမျိုးကို ရရှိတဲ့အတွက် ကျ‌နော် အရမ်းပဲ ဝမ်းသာမိ တယ်။”ဟု ဆိုသည်။

ထိုကစားပွဲတွင် ပါဝင်ကူညီ‌ပေးသူ မယ်လစခန်း ကရင်လူငယ်အစည်းအရုံးမှ ‌စောအယ်ထီး‌ကော်က “က‌လေး‌တွေ ‌တော်‌တော် ‌ပျော်ကြတယ်။ SVA က စခန်းထဲမှာရှိတဲ့ က‌လေး‌တွေအတွက် ဒီလိုကစားပွဲမျိုး လာလုပ်‌ပေးတာဟာ လူမျိုး၊ ဘာသာမတူတဲ့ က‌လေး‌တွေ တဦးနဲ့တဦး စည်းလုံးညီညွတ်မှု၊ ချစ်ခင်ရင်းနှီးမှု‌တွေ အများကြီးရလာပါတယ်။”ဟု ‌ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၇ရက်‌နေ့က အုန်းဖျန်ဒုက္ခသည်စခန်းတွင် အဆိုပါကစားပွဲ‌တော်ကို SVA မှ သွား‌ရောက်ကျင်းပခဲ့ပြီး‌နောက် မယ်လစခန်းတွင် ယ‌နေ့ ကျင်းပကာ လာမည့် ‌မေလ ၃ရက်‌နေ့တွင်လည်း နို့ဖိုးဒုက္ခသည်စခန်း၌ ဆက်လက် ပြုလုပ်သွားမည် ဖြစ်‌ကြောင်း SVA ဝန်ထမ်းများက ‌ပြောဆိုသည်။

SVA သည် က‌မ္ဘောဒီးယား၊ လာအို၊ အာဖဂန်နစ္စတန်နှင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် ပညာ‌ရေးနှင့် ယဉ် ‌ကျေးမှု ထိန်းသိမ်းမြှင့်တင်‌ရေး လှုပ်ရှားမှုများကို အဓိက ကူညီ‌ထောက်ပံ့‌ပေး‌နေသည့် ဂျပန်နိုင်ငံမှ အစိုးရမဟုတ်‌သော အဖွဲ့အ စည်းတစ်ခုဖြစ်ပြီး ၂၀၀၉ခုနှစ်ကတည်းက ဒုက္ခသည်က‌လေးများ ရိုးရာယဉ်‌ကျေးမှုပွဲ‌တော်ကို ထိုင်း-မြန်မာနယ်စပ်ရှိ အုန်းဖျန် ဒုက္ခသည်စခန်းတွင် ၃ကြိမ်၊ မယ်လ၊ နို့ဖိုးစခန်းတို့တွင် ၂ကြိမ်စီနှင့် မယ်လအူး၊ မယ်ရာမိုစခန်းတို့တွင် ၁ကြိမ်စီ ကျင်းပခဲ့ပြီး ဖြစ် သည်။

လက်ရှိအချိန်တွင် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ ကရင်ဒုက္ခသည်စခန်းများ၌ ကရင် အပါအဝင် ကချင်၊ ကရင်နီ(ကယား)၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ သျှမ်း၊ လီစူး၊ ဇိုမီး၊ လားဟူ၊ နာဂ လူမျိုးများ စု‌ပေါင်း‌နေထိုင်လျှက်ရှိသည်။