အယ်ဒီတာ့အာဘော်
တိုင်းပြည်တစ်ခု၏ အစိုးရဟူသည် ထိုတိုင်းပြည်တွင် မှီတင်းနေထိုင်သည့် ပြည်သူပြည်သားများ၏ ကျွန်သာဖြစ်သည်။ မတ်လ ၃ဝရက်နေ့တွင် နေပြည်တော်ရှိ လွှတ်တော်အစည်းအဝေး၌ လွှတ်တော်အမတ်များ၏ မြင်ကွင်းတွင် သမ္မတသစ် ဦးသိန်းစိန်၊ ဒု သမ္မတ ဦးတင်အောင်မြင့်ဦးနှင့် ဒေါက်တာစိုင်းမောက်ခမ်းတို့ ကျမ်းသစ္စာ ကျိန်ဆိုမှု ပြုလုပ်ခဲ့သည်။
ထိုနေ့က ပြည်ထောင်စုလွှတ်တော်တွင် ဦးသိန်းစိန် မိန့်ခွန်းပြောကြားရာ၌ နိုင်ငံတော်ကို ကာကွယ်ရန်အတွက် ကမ္ဘာ့အဆင့်မိ တပ်မတော်တစ်ရပ်ရှိဖို့လိုကြောင်း ပြောကြားသွားခဲ့သည်။ တဆက်တည်းတွင် နိုင်ငံတော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီများကို ဖျက်သိမ်းကြောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကြေညာချက်အမှတ် ၅/ ၂၀၁၁နှင့် ၆/၂၀၁၁ကို ထုတ်ပြန်ကြေညာခဲ့သည်။ ထိုသို့ကြေညာလိုက်ခြင်းဖြင့် စစ်အစိုးရကို ဖျက်သိမ်းသည့်အသွင် ထင်သာ မြင်သာလုပ်သည့်သဘော ဖြစ်နေသော်လည်း ကာကွယ်ရေးဦးစီးချုပ်၏ နောက်ကွယ်တွင် စစ်အာဏာရှင်စနစ်က တည်နေအုံး မည်သာပင်။
အများအမြင်၌ အရပ်သားအစိုးရအဖြစ် မည်သို့ပင် ဟန်လုပ်ပုံဖော်နေစေကာမူ သမ္မတနှင့် ဒုသမ္မတတို့မှာ နအဖ စစ်တပ်၏ ဒိတ်ဒိတ်ကြဲ ဗိုလ်ချုပ်များ ဖြစ်ခဲ့ကြပြီး စစ်ယူနီဖောင်းကို ရွေးကောက်ပွဲအမှီ ချွတ်ကာ ယှဉ်ပြိုင်အားသာ အနိုင်ယူခဲ့သူများသာ ဖြစ်သည်။ လူကော မူပါ လုံးဝ ပြောင်းလဲမှုမရှိသည့် အစိုးရသစ်အနေဖြင့် ၎င်းတို့ချမှတ် အကောင်အထည်ဖော်ခဲ့သည့် လမ်းပြ မြေပုံ အဆင့်ကုန်ခဲ့သော်လည်း မည်သည့်အချိန်ကာလတွင် လူထုအတွက် မည်သို့မည်ပုံ အနစ်နာခံ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း စိုးစဉ်းမျှ ကျမ်းသစ္စာမဆိုခဲ့။
စစ်မျက်နှာဖုံး ခွာချထားသည့် ဦးသိန်းစိန်အစိုးရက မည်သည့်နိုင်ငံ၏ နယ်ချဲ့မှုမှမရှိဘဲ အင်အားတောင့်တင်းသော၊ အစွမ်းအစ ရှိသော၊ ခေတ်မီကာ မျိုးချစ်စိတ်ထက်သန်သော တပ်မတော်ဖြစ်အောင် ဝိုင်းဝန်းတည်ဆောက်ခိုင်းခြင်းမှာ တမြေထဲနေ တိုင်း ရင်းသွေးချင်းများကို တိုက်စစ်ဆင်ရန် တာစူမှုတစ်ခုပင် ဖြစ်သည်။ စစ်အာဏာရှင် အငွေ့အသက် လွှမ်းခြုံသွားမည့် အစိုးရသစ် အနေဖြင့်လည်း တိုင်းရင်းသားနယ်မြေများတွင် ထိုးစစ်များဆင်ရင်း လူထုကို ခေတ်သစ်ကျွန်ပြုသွားရန် စီမံကိန်းအသစ် ရေးဆွဲ ထားပြီးဖြစ်သည်ကို ယုံမှားသံသယရှိစရာ မလိုပေ။
စစ်အရေခြုံ အစိုးရသစ်သည် မတ်လ ၂၄ရက်နေ့က ရှမ်းပြည်နယ်အတွင်း လှုပ်ခတ်သွားသည့် အင်အားကြီးငလျင်ကြောင့် အတိဒုက္ခရောက်သည့် လူထုအရေးထက် မိမိတို့ လုပ်ဆောင်စရာရှိသည်ကိုသာ မဖြစ်ဖြစ်အောင် စိုက်လိုက်မတ်တပ် လုပ် ဆောင်သွားသည်။ ထိုလုပ်ရပ်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အတည်ပြုရေး နာဂစ်ဆိုင်ကလုန်းဒုက္ခသည်များကို လျစ်လျူရှုလာခဲ့သည် နှင့် ထပ်တူထပ်မျှပင် ဖြစ်သည်။
စစ်တပ်သည် ရွေးကောက်ပွဲရက်ပိုင်းကတည်းက ကရင်ဒေသကို အင်အားအလုံးအရင်းဖြင့် စစ်ဆင်နွဲခဲ့သလို ယခုမတ်လအ တွင်းမှစ၍ ရှမ်းတိုင်းရင်းသားနယ်မြေများကိုလည်း ဖြတ်လေးဖြတ်အသွင် ထိုးစစ်ဆင်လာခဲ့သည်။ ယခုအစိုးရသည် စစ်အုပ်စုမှ နားလှည့်ပါးရိုက်ထားသည့် အရပ်သားအစိုးရဖြစ်၍ ပြည်တွင်းစစ်မှာ အဆုံးမသတ်နိုင်။ လူထုမှာလည်း ဒုက္ခသည်များအဖြစ် အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံကြီးများတွင် နိုင်ငံရေးမြေဇာပင်များပမာ သက်ရှင်ရပ်တည်နေကြရသည်။
လူထုသည် စားဝတ်နေရေး အကြပ်အတည်း၊ စစ်ဘေးဒဏ်၊ မုန်တိုင်းဒဏ်၊ ငလျင်ဒဏ်များကို ခံစားလာခဲ့ရပြီး ဖြစ်သည်။ ထိုလူ ထုအတွက် ယခု အစိုးရသစ်ပေါ်လစီ၏ အတိမ်အနက် ပမာဏ မည်မျှအထိ စံစားခွင့်ရနိုင်သည်ကို နိုင်ငံတစ်ဝှမ်းလုံးရှိ လူထုမှ ကွက်ကွက်ကွင်းကွင်း ယုံကြည်လာအောင် ရုပ်သေးအစိုးရသစ်က ကျမ်းကျိန်ဆိုသင့်ပေသည်။