ဖေဖော်ဝါရီလ ၁၆ရက်။ နန်းထူးစံ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၌ နှစ်စဉ် တပို့တွဲလပြည့်တွင် ပြုလုပ်ကျင်းပနေကျဖြစ်သည့် ကရင့်ရိုးရာ နယ် လုံးကျွတ်မီးပုံပွဲတော်၏ ၁၈၅ကြိမ်မြောက်ပွဲတော်မှာ ယနေ့ညတွင် စတင်နေပြီဖြစ်သည်ဟု သိရသည်။
ကရင့်ရိုးရာ မီးပုံပွဲတော်ကို ကျုံဒိုးမြို့ရှိ ဘုန်းကြီးကျောင်းဝင်းတွင် နှစ်စဉ် တပို့တွဲလဆန်း ၁၃ရက်နေ့မှ လပြည့်နေ့အထိ သုံး ရက်သုံးညတိုင်တိုင် ကျင်းပလေ့ရှိပြီး ယနေ့ ပွဲတော်ဝင်နေ့တွင် ထိုဒေသရှိ ကရင်လူထုများအနေဖြင့် မီးပုံပူဇော်ပွဲအတွက် ပြင် ဆင်နေကြပြီဟု ကျုံဒိုးမြို့ခံ လူငယ်အမျိုးသမီးတဦးက ပြောသည်။
“ဒီပွဲက ကျုံဒိုးတနေရာမှာပဲ ကျင်းပတာဖြစ်သလို ကျမတို့ဒေသရဲ့ ယုံကြည်မှုအရ အမြတ်တနိုးထားတဲ့ပွဲလေ။ လွန်ခဲ့တဲ့နှစ် တွေမှာလည်း သွားဖြစ်ပါတယ်။ ဒီအချိန်ဆို အနယ်နယ်အရပ်ရပ်က လူတွေ သူတို့ခုတ်ထားတဲ့ မီးတိုင်တွေကို ပုံစံအမျိုးမျိုး ဆင်ထားကြပြီးတော့ လာကြတယ်။”ဟု သူမက ပြောသည်။
အဆိုပါ မီးပုံပွဲတော်ကို ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး၊ ကျုံဘိုင်းဒေသရှိ ကျေးရွာအားလုံး စုပေါင်းကာ ကျင်းပကြခြင်းဖြစ်ပြီး တပို့တွဲလပြည့်နေ့မနက်စောစောတွင် မီးပုံကြီးကို စတင်ရှို့ကာ လာရောက်သူအပေါင်းက နနွင်းသုတ်ထားသည့် သစ်ကိုင်း၊ ဝါး ကိုင်းများကို မိမိအရပ်နှင့်အညီ သို့မဟုတ် အသက်နှင့်အညီ ကိုယ်တိုင်သန့်စင်ပြုလုပ်ကာ မိမိကိုယ်တွင်းရှိ ဂြိုလ်ဆိုး၊ အဖျက်အ မှောင့်များ ပျောက်ပျက်ကင်းစင်စေရန်အတွက် ရည်ရွယ်ဆုတောင်းရင်း မီးပုံအတွင်းသို့ ပစ်သွင်းကာ လောင်ကျွမ်းစေခဲ့သည်ဟု သိရသည်။
ကော့ကရိတ်မြို့နယ်ရှိ သာယာကုန်းရွာသူတစ်ဦးကလည်း “ဒီနေ့ပွဲတော် စတင်ပြီ။ ကျမကတော့ မနက်ဖြန်မှ သွားမယ်။ နှစ်စဉ် နှစ်တိုင်း လုပ်ရိုးလုပ်စဉ်အတိုင်း မီးတိုင်တွေ လုပ်ထားကြတာပေါ့။ အဲဒီမီးတိုင်ကို နနွင်းမှုန့်နဲ့လူးပြီး ပွဲတော်မှာ ယူသွားတယ်။ ပြီးတော့ ဆုတောင်းပွဲတွေ လုပ်တယ်။ အဲဒီမီးတိုင်တွေကို စုပြီးမှ မီးပုံပွဲကျင်းပတာပေါ့နော်။ အဓိပ္ပါယ်က ဘေးရန်ကင်းအောင် မကောင်းတာတွေကို မီးရှို့လိုက်တာပဲလေ။”ဟု ပြောသည်။
ယခင်က မီးပုံပွဲတော်ကို ကျုံဒိုးနယ်တွင်သာ ကျင်းပပြုလုပ်ကြသော်လည်း ယခုအချိန်တွင် ကရင်ပြည်နယ်၊ ဖားအံမြို့နယ် ဒုံရင်းဒေသတွင်လည်း ပြုလုပ်လာခဲ့ကြသည်ဟု ဒေသခံများက ပြောဆိုနေကြသည်။