ဒီဇင်ဘာလ ၇ရက်။ နန်းထူးစံ (ကေအိုင်စီ)
ပြီးခဲ့သည့် လကုန်ပိုင်းက ဖမ်းဆီးခံခဲ့ရသည့် ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင် ၆ဦး၏အ လောင်းကို ယနေ့မနက်တွင် ကရင်ပြည်နယ် မြဝတီခရိုင်၊ ပလောတပို့ရွာနှင့် မနီးမဝေး ပြောင်းခင်းတခင်းတွင် ဒေသခံရွာ သားများက တွေ့ရှိခဲ့ကြောင်း သိရသည်။
လက်များကို ကြိုးချည်ထားပြီး မီးရှို့သတ်ထားသည့် အဆိုပါ အလောင်း ၆လောင်းကို ကရင်ပြည်နယ် ပလောတပို့ရွာ ကျေး ရွာနှင့်မနီးမဝေး ပြောင်းခင်းတခင်းတွင် ရွာသူရွာသားများက ယနေ့မနက်၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု တိုက်ပွဲကြောင့် ထိုင်း ဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်လာသည့် ပလောတပို့ရွာသူတဦးက ပြောသည်။
သူမက “ဒီမနက် စောစောမှာ တချို့ရွာသားတွေ ကိုယ့်မြေကိုယ့်ခြံတွေ ပြန်ကြည့်မယ်ပေါ့။ ပြန်သွားတာ ပလောတပို့ရွာနဲ့ မနီးမဝေး တဘလူ့ကို့ထဲဒေသမှာရှိတဲ့ ပြောင်းခြံမှာတွေ့တာ။ အကုန်လုံး ၆ယောက်။ ၃ယောက်တစ်တွဲကို လက်တွေ ကြိုး ချည်ထားပြီးတော့ မီးရှို့ထားတယ်။ တကိုယ်လုံး မည်းနေတော့ ဘယ်သူဘယ်ဝါဆိုတာ မသိတော့ပေမဲ့ သူတို့အကင်္ျီမှာ ငြိမ်း ချမ်းရေးတပ်ဖွဲ့ တံဆိပ်ပါတယ်။ ရွာသားတွေက သေသေချာချာကို သွားကြည့်တာ။ အနံ့တောင် ထွက်နေပြီး”ဟု ကေအိုင်စီ ကို ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၃ဝရက်နေ့မနက် ၉နာရီအချိန်တွင် ကရင်ပြည်နယ်၊ မြဝတီခရိုင်ရှိ ဖလူးကလေးဒေသအတွင်းရှိ ဗိုလ်မှူးတဲခီး ဦးစီးသော ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ကို နအဖ ခလရ(၂၃၀)တပ်ဖွဲ့က ဝိုင်းပြီး ပစ်ခတ်ခဲ့ခြင်းကြောင့် တပ်သား ၁ဦးကျဆုံးကာ ၆ဦးမှာ အဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။
ထိုကိစ္စနှင့် ပတ်သက်၍ ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ စစ်ထောက်ချုပ် ဗိုလ်မှူးချုပ် စောရင်နုက “ရွာသားတွေ ကျနော်တို့ကို ပြောပါတယ်။ ကျနော်တို့လူတွေ နအဖက သတ်လိုက်ပြီးဆိုတာ ယခုလဆန်း ၂ရက်နေ့က ကျနော်တို့ သိရတယ်။ ဒါပေမဲ့ နအဖ တာဝန်ရှိသူတွေကိုမေးတော့ ပြန်လွှတ်လိုက်ပြီလို့ ပြောတယ်။ ကျနော်တို့လူတွေ သူတို့ကို ဘာမှသွားလုပ်တာမဟုတ်ဘူး။ သူတို့ ဒီလိုလုပ်တာ မကောင်းဘူး။ ဒါ ကျနော်တို့အပေါ် သက်သက် ညှင်းဆဲတာ ပဲ။”ဟု ကေအိုင်စီကို ပြောသည်။
နအဖ စစ်တပ်၏ ဖမ်းဆီးပစ်သတ်ခံရသည့် ကရင်ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ဝင် ၆ဦးမှာ စောပီလင်း၊ စောနိုင်းနိုင်း၊ စောအ ဝင်း၊ စောထူးထူး၊ စောရန်ကုန်နှင့် စောသံခဲတို့ ဖြစ်သည်။
အဆိုပါ မြဝတီခရိုင်ရှိ ဖလူးဂွင်အတွင်း လွန်ခဲ့သည့် နိုဝင်ဘာလ ၂၄ရက်နေ့ကစပြီး နအဖ စစ်တပ်နှင့် ဒီကေဘီအေ တပ်မ ဟာ(၅) တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံ ရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန် တွင် တချို့သော ရွာသူရွာသားများ ပြန်လည် နေထိုင်ပြီဖြစ်သော်လည်း တချို့မှာမူ မပြန်ရဲသေးဘဲ ထိုင်းဘက်ခြမ်းတွင် ခိုလှုံ နေဆဲဖြစ်သည်ဟု သိရသည်။


















